ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.
#ပျော်ရွှင်ချင်ရင်
တနေ့မှာ လူငယ်လေးနှစ်ယောက်ဟာ ဟောင်းနွမ်းနေတဲ့ ရှူးဖိနပ်တစ်ရံကို ယာတောအစပ်မှာ တွေ့လိုက်တယ်။ ဒီဖိနပ်ဟာ ယာလုပ်နေတဲ့ အဖိုးကြီးရဲ့ ဖိနပ်ဖြစ်မယ်ဆိုတာ သူတို့သိတယ်။
ပထမလူငယ်က
"အကို၊ ကျွန်တော်တို့ သူ့ဖိနပ်ကို ခြုံပုတ်နောက်မှာ ဖွက်ထားလိုက်ရအောင်။ ဒါမှ သူ ဖိနပ်ကို ရှာမတွေ့လို့ ဗျာများနေတာကို ကြည့်ပြီး ရယ်ကြတာပေါ့။ ပျော်ချင်လို့ပါ"
ဒုတိယလူငယ်က
"ညီလေး၊ သူများ ဒုက္ခရောက်တာကို ကြည့်ပြီး ပျော်တယ်ဆိုတာ မကောင်းဘူး။ မင်း တကယ်ပျော်ချင်သလား။ ဒီလိုလုပ်ကွာ"
"ဘာလုပ်ရမလဲ"
"ငါတို့မှာ ပါတဲ့ ပိုက်ဆံတွေကို ရှူးဖိနပ် ၂ ဖက်မှာ ခွဲထည့်ထားကြမယ်။ အဖိုးကြီး ဖိနပ်စီးကြည့်လို့ အံ့အားသင့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေတာကို ကြည့်ပြီး ပျော်ကြတာပေါ့"
"အကို ပြောသလို တကယ် ပျော်ရမယ်ဆိုရင် လုပ်ကြတာပေါ့"
သူတို့ ၂ ယောက်ဟာ ပိုက်ဆံတွေကို ဖိနပ် ၂ ဖက်မှာ ခွဲထည့်ပြီး အရင်နေရာမှာ ပြန်ချထားလိုက်တယ်။ ပြီးတော့ ခြုံနောက်ဖက်မှာ ပုန်းပြီး စောင့်နေကြတယ်။
မကြာခင် အဖိုးကြီး ရောက်လာတယ်။ သူ့ဖိနပ်တစ်ဖက်ကို အရင်စီးတယ်။ ဖိနပ်ထဲမှာ တခုခု ခံနေလို့ လက်နဲ့ နိုက်ကြည့်လိုက်တော့ ပိုက်ဆံတွေ တွေ့တယ်။ သူဟာ အံ့သြသလို ဖြစ်သွားတယ်။ ဖိနပ် နောက်တရံကို စီးပြန်တယ်။ ဖိနပ်ထဲက ပိုက်ဆံတွေ ထပ်တွေ့ပြန်တယ်။ အဖိုးကြီးဟာ မျက်ရည်တွေ စီးကျလာတယ်။
ပြီးတော့ မြေကြီးပေါ်မှာ ဒူးထောက် လက်အုပ်ချီရင်း ပါးစပ်က ခုလို အသံထွက် ပြောလိုက်တယ်။
"အို ဘုရားသခင်၊ အခု ပိုက်ဆံပေးသူ ဘယ်သူဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ သူ့ကို အရမ်းကျေးဇူးတင်ပါတယ် ဘုရား။ ဘာဖြစ်လို့လဲဆိုတော့ အိမ်က မိန်းမ နေမကောင်းတာ ၃ ရက်ရှိနေပြီ။ ဆေးဝယ်ဖို့ ပိုက်ဆံမရှိဘူး။ သမီးလေးလည်း အိမ်မှာ စားစရာမရှိလို့ မနက်ကတဲက ဘာမှ မစားရသေးဘူး။ အခုရတဲ့ ပိုက်ဆံနဲ့ မိန်းမအတွက် ဆေးဝယ်သွားလို့ရပြီ။ သမီးလေးအတွက်လည်း စားစရာတွေ ဝယ်လို့ ရပြီ။ ဝမ်းသာလိုက်တာဗျာ"
ပထမလူငယ်ဟာ ဒီမြင်ကွင်းကို ကြည့်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်တွေ စီးကျနေတယ်။ ဒုတိယလူငယ်လည်း ပထမလူငယ်ကို ကြည့်ရင်း ဝမ်းသာနေတယ်။
ပျော်ချင်သလား။ သူများကို ပျော်အောင် လုပ်ပေးရင် မိမိလည်း ပျော်ရပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၀၇-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။