Bamaw Thein Pe added 2 new photos — with Philip Maung.
ကြီးပွားအောင်မြင်ရေးအကျင့် (၂၅)
#စွန့်စားလို့_အရှုံးမရှိပါ
နယူတန်နိယာမတစ်ခုဖြစ်တဲ့ သက်ရောက်မှုတိုင်းမှာ ညီမျှတဲ့ တုံ့ပြန်မှုရှိတယ်ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ။ ဒီစကားဟာ ရှုပဗေဒဘာသာရပ်မှာ သုံးတာဖြစ်ပေမဲ့ လောကကြီးမှာ ဖြစ်ပျက်နေတာတွေအတွက်လည်း မှန်ကန်နေပါတယ်။ ဥပမာ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး၊ မကောင်းတာလုပ်ရင် မကောင်းတာခံစားရမယ်ဆိုတာမျိုးပေါ့။ ဒါ့အပြင် စီးပွားရေးလောကမှာလည်း မှန်ကန်ပါတယ်။ အဲဒါက စွန့်စားမှု မရှိရင် ဘာမှအကျိုးအမြတ် မခံစားရဘူး။ နည်းနည်း စွန့်စားရင် နည်းနည်းအကျိုးရမယ်။ အများကြီးစွန့်စားရင် အများကြီး အကျိုးခံစားရမယ်ဆိုတာပါ။
ဥပမာ ၀န်ထမ်းဘ၀ကနေ ဘာမှ မစွန့်စားပဲ တစ်နေ့တစ်နေ့ ရုံးဆင်းရုံးတက်၊
ခိုင်းတာလေးလုပ်နေသူဟာ နောက်ဆုံးပင်စင်ယူတဲ့အခါ ပင်စင်လစာ မလောက်မငလေးနဲ့
နေသွားရမယ်။ တချို့က စွန့်စားပြီး ၀န်ထမ်းအလုပ်က မထွက်ပဲ
တခြားအလုပ်လေးတွေလုပ်တော့ အပိုဝင်ငွေလေးရတယ်။ တချို့ကျတော့ ၀န်ထမ်းဘ၀ကို
အပြီးအပိုင် စွန့်လွှတ်လိုက်ပြီး စွန့်စားခြင်းကြီးစွာနဲ့
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်လိုက်တယ်။ စွန့်စားမှုကြီးရင်
အကျိုးကြီးကြီးလည်း ခံစားရမှာပါ။
လူတွေဘာလို့ မစွန့်စားရဲကြတာလဲ။ စွန့်စားလို့ မအောင်မြင်ရင် စုထားတဲ့ပိုက်ဆံလေး ကုန်သွားတယ်။ မိသားစု ထမင်းငတ်သွားမယ်။ ယောက္ခမ၊ ယောက်ဖတွေရဲ့ အနှိမ်ခံရမယ်။ အပေါင်းအသင်း၊ ပါတ်ဝန်းကျင်ရဲ့အဖြစ်မရှိတဲ့ကောင်၊ ရှုံးတာမှတ်သွားပြီလား စသဖြင့် လှောင်ပြောင်တာ ခံရမယ်။ ဒါတွေကို ခံနိုင်ရည်မရှိလို့ မစွန့်စားရဲကြတာပါ။
ဒါဆို အောင်မြင်ကျော်ကြားသူတွေကျတော့ ဘာလို့စွန့်စားရဲကြသလဲ။ သူတို့လည်း မအောင်မြင်ရင် မိသားစု၊ ဆွေမျိုး အပေါင်းအသင်းတွေရဲ့ ဝေဖန်ရှုံချမှုကို မလိုချင်ပါဘူး။ ဒါပေမဲ့ မလွဲမရှောင်သာလို့ ဝေဖန်ရှုံ့ချမှုတွေ ကြုံတွေ့ရရင် အဲဒါတွေကို သူတို့ ခေါင်းထဲမှာ ထည့်မထားဘူး။ သူတို့ ခေါင်းထဲမှာ ရှိနေတာက တစ်ခုထဲပဲ။ အဲဒါက သူတို့ လိုချင်ရောက်ချင်တဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခုတည်းပါပဲ။ ထန်းပင်ပေါ်က ထန်းသီးကို ဆွတ်ခူးရဖို့ ထန်းပင်ပေါ်ကို ဖက်တွယ်တက်ရမယ်။ မတော်တဆ ထန်းပင်ပေါ်က ပြုတ်ကျပြီး သေနိုင်တယ်။ ခြေ၊ လက် ကျိုးသွားနိုင်တယ်။ အဲဒါကို တွေးကြောက်နေပြီး ထန်းပင်ပေါ်ကို မတက်ရဲရင် ထန်းသီးကို ခူးရမှာမဟုတ်ဘူး။ သောက်ချင်တဲ့ ထန်းရည်ကို သောက်ရမှာ မဟုတ်ပါဘူး။
လူတွေဟာ စွန့်စားရတာကို တွေးပြီး ကြောက်နေကြတယ်။ အမှန်ကတော့ တစ်နေ့တစ်နေ့ ကားလမ်းဖြတ်ကူးနေတာလည်း စွန့်စားမှုပါ။ ကားတိုက်ခံ ရနိုင်ပါတယ်။ အိမ်ထဲမှာ နေတာလည်း စွန့်စားမှုပါ။ ငလျင်လှုပ်ရင် အိမ်ပြိုကျပြီး ပိသေနိုင်တယ်။ စားတဲ့ အစာမှာလည်း ရောဂါပိုးတွေ ပါလာနိုင်ပါတယ်။ လူတစ်ယောက်က ပြောတယ်။ သူဟာ အပြင်သွားရမှာ ကြောက်လွန်းလို့ အိပ်ယာထဲမှာပဲ နေတယ်တဲ့။ စာရေးသူက မေးလိုက်ပါတယ်။ အိပ်ယာထဲမှာပဲ နေတော့ရော သေမင်းက ရှာမတွေ့ဘူး ထင်လို့လားပေါ့။
အခုလို ရှည်ရှည် ဝေးဝေးပြောပြနေတာ စွန့်စားရမှာကို မကြောက်ဖို့ပါ။ မစွန့်စားရင် သင့်ဘ၀ဟာ ဘာမှ တိုးတက်မှုရှိမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံသားတစ်ယောက် စွန့်စားပြီး မီလျံနာသူဌေးဖြစ်နေတာကို သိလား။
မြန်မာနိုင်ငံသား ဖိလစ်မောင် (အမည်ရင်း - မောင်ဖုန်းလွင်) ဟာ ၁၉၈၇ ခုနှစ်မှာ ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်ကနေ ဓါတုဗေဒဘာသာနဲ့ ဘွဲ့ရတယ်။ ဘွဲ့ရပြီး မကြာခင်မှာ ထိုင်ဝမ်နိုင်ငံကို သွားပြီး တက္ကသိုလ်တစ်ခုမှာ တက်တယ်။ အဲဒီမှာ တရုတ်စာကို မလိုက်နိုင်လို့ ပထမနှစ်မှာပဲ စာမေးပွဲကျတယ်။ သူဟာ မြန်မာနိုင်ငံကို ပြန်မလာချင်တာနဲ့ အမေရိကန်နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာလျှောက်လိုက်တယ်။ ဗီဇာကျလာတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံကို သွားဖို့ သူမှာ ပိုက်ဆံမလောက်လို့ သူ့မိဘတွေနဲ့ သူငယ်ချင်းတွေးဆီက ပိုက်ဆံချေးငှားပြီး လေယဉ်လက်မှတ် ဝယ်လိုက်ရတယ်။ ၁၉၈၉ ခုနှစ် သူ့အသက် ၂၂ နှစ်မှာ ထိုင်ဝမ်ကနေ လေယဉ်စီးပြီး အမေရိကန်နိုင်ငံ လော့အင်ဂျဲလစ့်မြို့ကို ထွက်လာခဲ့တယ်။ သူ့မှာ အမေရိကန်ပိုက်ဆံ ၁၃ ဒေါ်လာပဲ ပါတယ်။ အမေရိကန်နိုင်ငံမှာ ဆွေမျိုး၊ အသိမိတ်ဆွေ တစ်ယောက်မှ မရှိဘူး။ သူ ဘာလုပ်စားလို့ ဘာဖြစ်မယ်မှန်းလည်း မသိဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ တစ်ခုပဲ ရှိတယ်။ အဲဒါက ဘဝမှာ အခွင့်အလမ်းဆိုတာ တစ်ကြိမ်ပဲ ရှိတယ်။ အဲဒါကို အမိအရ ဖမ်းဆုပ်ယူရမယ်။ နောက်ပြီး ဘဝမှာ မစွန့်စားရဲရင် မအောင်မြင်နိုင်ဘူး။
အမေရိကန်နိုင်ငံကို ရောက်စမှာ သူဟာ ကြုံရာအလုပ်တွေ လုပ်ရင်း ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်။ နေစရာမရှိလို့ သူငယ်ချင်းရဲ့ ကားထဲမှာ တစ်ပတ်လောက် ညအိပ်ခဲ့ရတယ်။ သူများတွေ နှစ်ချီသင်ယူရတဲ့ ဂျပန်အစာ ဆူရှီလုပ်နည်းကို တစ်ပတ်နဲ့ အတတ်သင်ယူခဲ့တယ်။ နောက်ပိုင်း အမေရိကန်နိုင်ငံအနှံ့မှာ ဆူရှီဆိုင်တွေ ဖွင့်လှစ်ရောင်းချရင်း အရမ်းအောင်မြင်လာခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို ဖိတ်ခေါ်ဂုဏ်ပြုခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ သူလည်း ပါဝင်ခဲ့တယ်။ သူဟာ အမေရိကန်နိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ ဆူရှီဆိုင်တွေ ဖွင့်ထားပြီး မီလျံနာသန်းကြွယ်သူဋ္ဌေးတစ်ယောက် ဖြစ်နေပါပြီ။ တကယ်လို့ သူဟာ ရလာတဲ့ အခွင့်အရေးကို မစွန့်စားရဲခဲ့ရင် ယနေ့လို မီလျံနာသူဋ္ဌေးတစ်ယောက် ဖြစ်လာပါ့မလား။ စဉ်စားကြည့်စေချင်ပါတယ်။
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိမ်းစတိန်းက တစ်ခါ ပြောဖူးတယ်။ သင်္ဘောတစ်စီးကို ကမ်းခြေမှာ ကျောက်ချထားတာ စိတ်အချရဆုံးပါပဲ။ ဒါပေမဲ့ သင်္ဘောဆောက်ထားတာ ကမ်းခြေမှာ ကျောက်ချရပ်ထားဖို့ မဟုတ်ဘူးတဲ့။ သင်္ဘောဟာ ကမ်းခြေကခွာပြီး ပင်လယ်ပြင်ကို ထွက်ခွာရမယ်။ ပင်လယ်ပြင်ကို ကျော်ပြီးမှ မရောက်ဖူးတဲ့ ဒေသနယ်မြေကို လွင့်ရမယ်။ ဒီလိုပဲ သင်လည်းပဲ ကမ်းခြေမှာ ကျောက်ချထားတဲ့ သင်္ဘော လိုမနေပဲ စွန့်စားမှု ရှာပါ။ စွန့်စားရတာနဲ့ ရလာမယ့် အကျိုးက အများကြီး ပိုကြီးပါတယ်။
ဗန်းမော်သိန်းဖေ
၀၇-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။