Tin Nyunt
ရွှေခဲကြက်တူရွေး
ကြက်တူရွေးတစ်ကောင် လက်ဆောင်ရလာတယ်။ နှုတ်သီးနီနီ တစ်ကိုယ်လုံးအစိမ်း လှတပတလေးမို့ ဂျက်ဆီက အရမ်းကို ချစ်သွားမိတယ်။
“ရွှေခဲလေးရေ”
“ဘာလဲ … သောက်ကောင်မ”
ဂျက်ဆီနည်းနည်း စိတ်ပျက်သွားတယ်။ ကြက်တူရွေးလေးက မကောင်းတဲ့ဝန်းကျင်၊ မကောင်းတဲ့စရိုက် တောထဲမှာ မွေးဖွား ကြီးပြင်းလာပုံရတယ်။
“ရွှေခဲလေး … မမကို အဲဒီလို မပြောနဲ့နော် … ရွှေခဲလေးလို့ခေါ်ရင် … ရှင် … လို့ကောင်းကောင်းပြန်ထူး။ ရွှေခဲလေးရေ”
“ဘာလဲ … သောက်ကောင်မ”
ဂျက်စီက ရွှေခဲကို ပညာပေးဦးမှပဲဆိုပြီးတော့ အဲဒီနေ့ ဘာမှ မကျွေးဘူး။ ရေလည်း မတိုက်ဘူး။ ပစ်ထားလိုက် တယ်။
“ဟဲ့ … သောက်ကောင်မ ငါ့ကို ရေတိုက်”
“ဟဲ့ … သောက်ကောင်မ ငါ့ကို အစာကျွေး”
တောက်လျှောက်အော်နေတယ်။ အော်နေရုံနဲ့ မရပ်ဘူး။ အခန်းထဲ လျှောက်ပျံ။ ပစ္စည်းတွေကိုက်။ အောက်ကို တိုက်ချ။ သောင်းကျန်းလိုက်တာ။
“ရွှေခဲလေး … ဒီလို မလုပ်နဲ့နော်။ မမက အကောင်းပြောတာ။ လိမ္မာရင် မုန့်ကျွေးမယ်”
“နင်မကျွေးလည်း သောက်ဂရုမစိုက်ဘူး”
ဂျက်စီတစ်ယောက် သည်းခံနိုင်စိတ်တွေ လျှော့နည်းလာတယ်။ ဘယ်လိုမှ သည်းမခံနိုင်တော့တာနဲ့ ကြက်တူရွေးကို ရေခဲသေတ္တာထဲ ထည့်ပိတ်ထားလိုက်တယ်။
တော်တော်လေးကြာမှ ကြက်တူရွေးကို ရေခဲသေတ္တာထဲက ထုတ်ပေးလိုက်တော့ ချမ်းလွန်းလို့ ခိုက်ခိုက် တုန်နေတာ တွေ့ရတယ်။
ဂျက်ဆီက သနားလို့ မီးဖိုနား သွားထားပေးလိုက်တယ်။ ကြက်တူရွေး တုန်နေဆဲ။
“ရွှေခဲ … ဘာဖြစ်နေတာလဲ။ ချမ်းနေသေးလား”
“မချမ်းတော့ ပါဘူးရှင့်။ နောက် … ပေါက်ကရတွေ မပြောတော့ပါဘူးရှင့်။ ခွင့်လွှတ်ပါရှင့်”
ဂျက်ဆီ အရမ်းကို အံ့သြသွားတယ်။ ချက်ချင်း ဘာဖြစ်လို့ ပြောင်းလဲသွားရတာ လဲပေါ့။
“ရွှေခဲလေး ဗိုက်ဆာနေလား”
“မမကျွေးမှ စားပါ့မယ်ရှင့်”
ဂျက်ဆီအံ့အားသင့်သွားတယ်။
“ရွှေခဲ … ဘာဖြစ်နေတာလဲ”
“မေးပါရစေ မမ”
“မေးလေ”
“ရေခဲသေတ္တာထဲက အမွှေးနုတ်ထားတဲ့ ကြက်တစ်ကောင်က မမကို ဘာများ ပြောမိလို့ပါလဲရှင့်”
၂၉.၁၂.၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။