Soe Win added 3 new photos — with Win Than Htut and 4 others.
~~~~~~~~~~~~~~~~~
အခုရက်ပိုင်းအတွင်း Facebook လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာတွေ ထဲမှာတော့ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ တူးဖော်လုပ်ကိုင်နေတဲ့ ဓာတ်ပုံတွေက အထူး ရေပန်းစားနေပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ဖို့အတွက် စက်ယန္တရားကြီးတွေနဲ့ တောင်ကြီးတွေကို ကွေ့ဝိုက်ပြီး တစ်စတစ်စ ဖြိုနေတဲ့ဓာတ်ပုံတွေ၊ နက်ရှိုင်းလှတဲ့ အောက်ခြေအနက်အထိ တူးဖော်နေကြတဲ့ ဓာတ်ပုံတွေက လူမှုကွန်ရက်မှာ အထူးတလည် ပျံ့နှံ့နေပါတယ်။ အဲဒီအထဲမှာ စက်ယန္တရားကြီးတွေ အများကြီးနဲ့ တူးဖော်ကြတဲ့ အတွက် ချိုင့်တွေ ကျင်းကြီးတွေ အရုပ်ဆိုးစွာ ဖြစ်ပေါ်နေတဲ့ ဓာတ်ပုံတွေလည်း ပါပါတယ်။ ဒါ့အပြင် အရွယ်အစားနဲ့ စက်အင်အားကြီးမားတဲ့ ယန္တရားကြီးများစွာကို ဖားကန့်ဒေသကို ပို့ ဆောင်နေတဲ့ ဓာတ်ပုံတွေဟာလည်း လူမှုကွန် ရက်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ အဲဒီဓာတ်ပုံတွေက ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကို အရှိန် မြှင့်လုပ်ကိုင်လာကြတယ်လို့ မီဒီယာတွေမှာ ဝေဖန်မှုတွေ ရှိလာတဲ့နောက် လူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။
၁၁၄ ဦး
ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ အရှိန်အဟုန်မြှင့်ပြီး ကျောက်စိမ်းတူးဖော်နေမှုများ ရှိနေကြောင်း ဒေသခံများရဲ့ ပြောဆိုမှုများကို ကိုးကားပြီး မီဒီယာတွေက ဝေဖန်ထောက်ပြ ရေးသားလာခဲ့တဲ့ နောက်ပိုင်းမှာ ဖားကန့်ဒေသက အဖြစ်အပျက်တွေကို စိတ်ဝင်စားသူ တိုးလာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့ ၁၁၄ ဦး သေဆုံးခဲ့တဲ့ မြေစာပုံပြိုကျမှု ဖြစ်စဉ်က ဖားကန့်ဒေသမှာ အမှန်တကယ် ဘာတွေဖြစ်နေသလဲ ဆိုတာကို စိတ်ဝင်စားလာစေခဲ့တဲ့ ဖြစ်စဉ်လို့ ဆိုနိုင်ပါတယ်။ ဖားကန့်ဒေသက စည်းကမ်းမဲ့ မြေစာပုံစွန့်ပစ်မှုတွေရဲ့အကျိုးဆက်ကြောင့် မြေစာပုံတွေမှာ ရေမဆေးကျောက် ရှာဖွေသူ ရာနဲ့ချီတဲ့ အသက်တွေကို နုတ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း ဖားကန့် ဒေသမှာ မြေစာပုံပြိုကျမှုကြောင့် အသက် ဆုံးရှုံးမှုတွေရှိခဲ့ပြီး နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကတော့ ဖားကန့်ဒေသကို လူအများ စိတ်ဝင်စားလာစေတဲ့ အကျိုးသက်ရောက်မှု ရှိလာခဲ့ပါတယ်။
ကိုယ့်လုပ်ကွက်နှင့် နီးတဲ့နေရာ
အဲဒီနောက်မှာတော့ ဖားကန့်ဒေသ မြေစာပုံ ပြိုကျသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ အရေးကြီးအဆို တင်သွင်းမှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီအရေးကြီး အဆိုကိုတော့ ဒီဇင်ဘာ ၇ ရက်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က တင်သွင်းခဲ့တာဖြစ်ပြီး ဖားကန့်ဒေသမှာ မြေစာပုံ ပြိုကျမှုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ် ။ အဲဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များကလည်း ပါဝင်ဆွေးနွေး ခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးရာမှာတော့ တည်ဆဲ ကျောက်မျက်ရတနာဥပဒေမှာ အခြေခံ လူတန်းစားတွေ လုပ်ကိုင်စားသောက် နိုင်ဖို့အတွက် အခွင့်အရေး၊ အကာအကွယ် အစောင့်အရှောက် ပေးထားတဲ့ ဥပဒေပုဒ်မများ မပါတာကြောင့် အခြေခံလူတန်းစား နိုင်ငံသားတွေဟာ ဥပဒေပြင်ပကနေပြီး နားလည်မှုနဲ့သာ လုပ်ကိုင်စားသောက် နေကြရလို့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ကျောက်မျက် ဥပဒေတွေဟာ အားနည်းမှု ရှိနေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ အခြားကိုယ်စားလှယ် တစ်ဦးကလည်း ဖားကန့်ဒေသမှာ နေ့ညမပြတ် အတိုင်းအဆ မရှိဘဲ ကျောက်တူးဖော်ခြင်းနဲ့ ပမာဏများပြားတဲ့ စွန့်ပစ်မြေစာတွေကို သတ်မှတ်ထားတဲ့ စုပေါင်းမြေစာပုံဆီသို့ အရောက်မပို့ကြဘဲ ကိုယ့်လုပ်ကွက်နှင့်နီးတဲ့ နေရာတွေများမှာ စွန့်ပစ်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် ကျောက်မျက်တူးဖော်တဲ့ နေရာမှာ အသုံးပြုတဲ့ စက်ယန္တရားကအစ အရေအတွက်တွေ လျှော့ပြီး ကျောက်မျက်ထုတ်လုပ်မှု ပမာဏကိုလည်း နိုင်ငံတော်ရဲ့ ရေရှည်အကျိုး စီးပွားအတွက် ထိန်းချုပ်မှုပြုလုပ်ဖို့ ယင်းလွှတ်တော် ကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါသေးတယ်။
အလွန်အကျွံ
အမှန်တော့ လွှတ်တော်ကိုယ်စားလှယ် တွေဆွေးနွေးခဲ့သလို ဖားကန့်ဒေသမှာ အလွန်အကျွံ ကျောက်စိမ်းတူးဖော် မှုတွေကို ပုဂ္ဂလိက ကုမ္ပဏီကြီးတွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒေသခံအများစု အတွက်တော့ အကျိုးခံစားမှု အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ နောင်အစိုးရသစ် တက်လာရင် ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်တာကြောင့် လက်ရှိအစိုးရသက်တမ်း မကုန်ခင်မှာ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော် မှုတွေကို စက်အင်အား၊ လူအင်အားတွေ တိုးချဲ့ပြီး ပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။ တကယ်တော့ ဖားကန့်ဒေသမှာ အခုလို စက်ယန္တရားကြီးတွေ အသုံးပြုပြီး ကျောက်စိမ်းတူးဖော် လာခဲ့ကြတာဟာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်းမှာတော့ စက်ယန္တရား အသုံးပြုမှုတွေဟာ အလွန်အကျွံ ဖြစ်လာခဲ့ကြောင်း ဒေသခံတွေကို ကိုးကားပြီး မီဒီယာတွေက ရေးသားကြပါတယ်။ ၂၀၁၂ ခုနှစ် အစောပိုင်းကာလများနဲ့ ၂၀၁၄ ခုနှစ် နောက်ပိုင်းကာလများမှာ စက်ယန္တရား အင်အားမှာ ၁၀ ဆကျော်များလာပြီး ယာဉ်ယန္တရား အရေအတွက်မှာလည်း နှစ်နှစ်ကျော်အတွင်း သုံးဆကျော် များလာတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒါ့အပြင် မြန်မာတရုတ် နယ်စပ်ကနေ စက်ယန္တရားတွေ တင်သွင်းမှုများလည်း ရှိခဲ့ပြီး ဒါတွေနဲ့ ပတ်သက်တဲ့ တိကျတဲ့ အချက်အလက်တွေ မရှိဘူးလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
၃၇ ကြိမ်
တရားဝင် ပြောကြားချက်များမှာ ပါရှိချက်အရတော့ ဖားကန့်မှာ မြေစာပုံပြိုတဲ့ ဖြစ်ရပ်တွေဟာ ၂၀၁၅ အတွင်း ၃၇ ကြိမ် အထိဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်မှာလည်း မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီလို ဖားကန့်ဒေသမှာ မြေစာပုံပြိုကျမှုတွေ အများအပြားဖြစ်ပွား နေတာဟာ စည်းစနစ်တကျ မဆောင်ရွက်မှု တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးသလို ဥပဒေရဲ့ အားနည်းချက်ကြောင့် ဖြစ်သလို ကုမ္ပဏီတွေရဲ့ စည်းကမ်းမဲ့လုပ်ရပ်များနဲ့ အာဏာပိုင်တွေရဲ့ စိစစ်မှု အားနည်းချက်တွေ ကြောင့်ဆိုတာ ငြင်းမရတဲ့ အမှန်တရား ဖြစ်ပါတယ်။ လူတွေရာနဲ့ချီသေတဲ့ အခါကျမှ မြေစာတွေ စနစ်တကျ စွန့်ပစ်ဖို့၊ ကုမ္ပဏီတွေ စည်းကမ်းရှိကြဖို့ ပြောနေတာဟာ သဘာဝမကျပါဘူး။ အရင်ကတည်းက စည်းစနစ်တကျ လုပ်ခဲ့ကြရမှာ ဖြစ်ပါတယ်။ ကျောက်စိမ်းတူးနေကြတဲ့ ကုမ္ပဏီတွေဟာ လိုက်နာရမယ့် စည်းကမ်းတွေ၊ လိုက်နာရမယ့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တွေ ဘယ်လောက်အထိ လိုက်နာနေကြသလဲဆိုတာ၊ စိစစ်ကြပ်မတ်မှုတွေ ရှိ မရှိ ဆိုတာကိုတော့ မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဖားကန့်မှာရှိတဲ့ လုပ်ကွက်၊ ကုမ္ပဏီ အရေအတွက်နဲ့ ယန္တရားစီးရေ မည်မျှအသုံးပြု နေတာကို မသိရကြောင်း ပြောကြားခဲ့တဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းရဲ့ ပြောကြားချက်နဲ့ နှိုင်းဆကြည့်နိုင်ပါတယ်။
တကယ်တော့ ဖားကန့်ဒေသမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်မျိုးတွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း တွေ့နေရတဲ့ ဖြစ်ရပ်မျိုးတွေပါပဲ။ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက် အားနည်းချက်၊ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေရဲ့ အားနည်းချက်တွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်နေကြရတာတွေဟာ လာမယ့် အစိုးသစ် လက်ထက်မှာတော့ အမှန်တကယ် ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ ဘယ်သူတွေက ဘာတွေ လုပ်နေကြတာလဲ၊ ဘယ်သူတွေက အခွင့်အရေးတွေ အလျှံပယ် ရနေကြတာလဲ၊ စက်အင်အား၊ လူအင်အားသုံးပြီး နေ့ညတူးဖော် နေမှုတွေဟာ ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိနေသလဲ၊ ကျောက်စိမ်းတူးဖော်မှုက ဘယ်သူတွေ အကျိုးအမြတ် ရနေသလဲ ဆိုတာတွေကို စနစ်တကျ စိစစ်လေ့လာ ဖော်ထုတ်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့လပိုင်းက ထွက်ရှိခဲ့တဲ့ Global Witness ရဲ့အစီရင်ခံစာ တစ်စောင်မှာတော့ မြန်မာနိုင်ငံမှာ ကျောက်စိမ်းထွက်ရှိမှုမှ အမြတ်ထုတ်ခဲ့သူများအနက် မူးယစ်ရာဇာများပါ ပါဝင်နေတာကို ဖော်ပြခဲ့ပြီး ကျောက်စိမ်းတူးဖော်မှုက တစ်နှစ်အတွင်းမှာ ဒေါ်လာ ဘီလျံ ၃၀ ကျော်အထိ ၀င်ငွေရှိနေခဲ့ပေမယ့် ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေရဲ့ ပွင့်လင်းမြင်သာမှု အားနည်းမှု ရှိနေကြောင်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ဖားကန့်ဒေသမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကို အများပြည်သူတွေ သတိပြုလာမိစေခဲ့တဲ့ မြေစာပုံတွေအောက်မှာ ဆုံးရှုံးခဲ့ရတဲ့ ရာနဲ့ချီတဲ့ လူ့အသက်တွေဟာ ဖားကန့်ဒေသအတွက် အမှန်တရားနဲ့ မျှတမှုကို ဖော်ထုတ်ပေးဖို့အတွက် သတိပေးတဲ့ ခေါင်းလောင်းသံပဲ ဖြစ်ပါတယ်။ ဒီသတိပေးတဲ့ ခေါင်းလောင်းသံကိုတော့ မြန်မာနိုင်ငံသားတိုင်း ကြားနိုင်ကြပါစေ။
__________________________________
Writer:
သစ်ထွဋ် EMG
Photo.facebook

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။