ရှင်သန်ခြင်း
----------
ဆော်လမွန်ကျွန်းသား လူရိုင်းတွေ ဆီမှာ ထူးခြားတဲ့ အချက် နှစ်ချက် ရှိတယ်။ ပထမ အချက်က "သစ်ပင်သတ်နည်း သိခြင်း" ပဲ။ သစ်တစ်ပင်ကို ခြောက်သွေ့လို့ သေစေချင်တယ် ဆိုရင် ပထမဆုံး အမှတ် အသား လုပ်ခဲ့လိုက်တယ်။ ပြီးရင် နောက်တစ်နေ့ မနက် အာရုဏ် မတက်ခင် တစ်ယောက်က ဒီ သစ်ပင် ထိပ်ကို တက်ပြီးတော့ ပြင်းထန်စွာ အော်ဟစ် ငိုကြွေးရတယ်။ ဒီလို ငိုကြွေးတာဟာ တစ်ရွာလုံး ကြားအောင် အချက်ပေး လိုက်တာပဲ။
အဲသည်နေ့ကစလို့ တစ်ရွာလုံးမှာ ရှိတဲ့ လူတွေဟာ ဒီ အမှတ် အသား ပြုထားတဲ့ သစ်ပင်ရှေ့က ဖြတ်တိုင်း တံတွေးနဲ့ ထွေးသူကထွေး ဆဲသူကဆဲနဲ့ နည်းမျိုးစုံနဲ့ ပုတ်ခတ် ရှုံ့ချတယ်။ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် ဆက်တိုက်ကို ဖြတ်သွား ဖြတ်လာ ပြုတိုင်း ရွာသားတွေဟာ သစ်ပင်ကို ဆဲရေး တိုင်းထွာ လာတဲ့အခါမှာ ရက်ပေါင်း နှစ်ဆယ် ကျော် သုံးဆယ် လောက် အကြာမှာ သစ်ပင်ဟာ အရွက်တွေ ခြောက်သွေ့ပြီး အမြစ်မှ ကျွတ်ခါ ဘုန်းဘုန်းလဲ ရပါ တော့တယ်။ ဆဲဆိုသံများက သစ်ပင်ရဲ့ ရှင်သန်လိုမှုကို ပျောက်ဆုံး သွားစေ ပါတယ်။ ဒါ ပထမ ထူးခြားတဲ့ အချက်။
ဒုတိယ ထူးခြားတဲ့ အချက်က "သစ်ပင်စိုက်နည်း မသိခြင်း" ပဲ။ သစ်တစ်ပင် ဘယ်လို စိုက်ရတယ်၊ ဘယ်လို ပြုစုရတယ်၊ ဘယ်လိုက စလို့ ပေါက်လာတယ် ဆိုတာ သူတို့ အနေနဲ့ လုံးဝ မသိဘူး။ ရှေး အစဉ်အဆက် ကထဲက နတ်ဘုရားက ပေးသနားတဲ့ ပစ္စည်းတွေ အနေနဲ့ ပဲ သိလာခဲ့ကြတယ်။ ဒါ့ကြောင့် ကျွန်းမြောက်ပိုင်းက လူရိုင်းတွေ နဲ့ တောင်ပိုင်းက လူရိုင်းတွေ ဘယ်သူ့ဘက် အခြမ်းက ပိုပြီးတော့ သာယာ စိုပြေတယ် ဆိုတာ ပြိုင်တော့မယ် ဆိုရင် ဘာလုပ်တယ် ထင်သလဲ။
မြောက်ပိုင်းက ဆော်လမွန် လူရိုင်းတွေအနေနဲ့ သူတို့ ဘက်အခြမ်းက ပိုပြီး သာယာ စိုပြေဖို့ အတွက် တောင်ပိုင်းက သစ်ပင်တွေကို သွားဆဲဆို ရှုံ့ချကြတယ်။ တောင်ပိုင်းက ဆော်လမွန်သားတွေကလဲ ထို့အတူ မြောက်ပိုင်းက သစ်ပင်တွေ သေစေဖို့ အားထုတ်တယ်။
ဒီပုံပြင်လေးက ကျွန်တော့်ကို အသိတစ်ခု ပေးလိုက်သလို ခံစားမိတယ်။ အခုရက်ပိုင်းကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီလိုမျိုး ဆော်လမွန် မြောက်ပိုင်းကျွန်းသား နဲ့ တောင်ပိုင်းကျွန်းသားတွေ များလာ သလိုပဲ။ အားလုံး တူညီစွာ လုပ်ဆောင် နေတာက တစ်ဖက်အခြမ်းက သစ်ပင်ကို သတ်နေကြပေမယ့် ဘယ်ဘက်ကမှ မိမိ ဘက်အခြမ်းက သစ်ပင်ကို ပိုစိုပြေ ခိုင်မာလာအောင် လုပ်မယ်လို့ မရှိနေတာကို ဝမ်းနည်းစွာ တွေ့ရတယ်။
တစ်ကျွန်းထဲက သစ်ပင်အချင်းချင်း သတ်နေလို့ ကတော့ သူ့ကို သတ်နေသလို ကိုယ့်ကို သတ်နေသလို ဖြစ်တယ် ဆိုတာကို သိစေလိုပါတယ်။
အားလုံး ချမ်းမြေ့စွာ ရှင်သန် ကြပါစေ။
----------
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။