အမြင်ကျယ်ကြပါစေ
ဟိုနေ့က အပြင်သွားတော့ ရန်ကင်းစင်တာရှေ့မှာ ကားတွေပိတ်နေပါတယ်။ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့အတိုင်း အရင်လို ကြားမတိုးတော့ဘဲ ကိုယ့်လမ်းကြောမှာပဲ စိတ်ရှည်ရှည် စောင့်နေလိုက်တယ်။ ဒါပေမဲ့လည်း ကားက တော်တော်နဲ့ မရွေ့ဘူး။ ဘေးဘက်က ကွေ့မဲ့လမ်းကြောကတောင် တည့်တည့်သွားမဲ့ ကိုယ့်ထက်စာရင် ရွေ့နေသေးတယ်။ အဲဒါနဲ့ပဲ စိတ်မရှည်တော့လို့ အဲဒီလမ်းကြောကနေ ပတ်ပြီး သွားလိုက်တော့မှ အကြောင်းရင်းကို သိတော့တယ်။
ဘတ်စ်ကားကြီးတစ်စီးက ပိတ်ရပ်ထားပြီး ခရီးသည်တွေ စိမ်ပြေနပြေ စောင့်တင်နေတာကိုး။ နောက်က ကားလေးတွေခမျာ သူ့ပဲမြင်နေရတော့ ရှေ့မှာ ဘယ်လောက်ချောင်လို့ချောင်နေမှန်း မသိဘူး။ တခြားကားတွေ ဘယ်လို အေးအေးဆေးဆေး သွားလာနေကြမှန်း မမြင်တော့ဘူး။ ကားကြပ်နေတယ်ထင်ပြီး စောင့်နေခဲ့ကြတာမှ အတန်းကြီးကိုရှည်လို့။
အခု ကျနော်တို့နိုင်ငံက လူတွေရဲ့အဖြစ်ကလည်း အဲဒီကားလေးတွေလိုပဲ သနားစရာ အင်မတန် ကောင်းပါတယ်။
အခွင့်ထူးခံတွေက ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်နဲ့ ထုတ်လိုက်တဲ့ သယံဇာတတွေ မတရားသဖြင့် ယူသွားလိုက်တဲ့ အကျိုးအမြတ်တွေဆိုတာ တစ်ပြည်လုံးလည်း ကုန်သလောက်ရှိပြီ။ ပြည်သူတွေကိုတော့ နှစ်ပေါင်းများစွာ သတင်းအမှောင်ချထားခဲ့ကြတယ်။ နည်းမျိုးစုံနဲ့ ဝါဒတွေ ဖြန့်ခဲ့ကြတယ်။ ဆင်ခြင်တုံတရားတွေ နည်းသထက်နည်းလာအောင် ပညာရေးစနစ်တွေ ဖျက်ဆီးခဲ့တယ်။ အသိတွေ အကြားအမြင်တွေ အတွေ့အထိတွေ အကုန်လုံးကို ပိတ်ဆို့ခဲ့ပါတယ်။ အဲဒီကြားထဲက ဖေါက်ထွက်ပြီး ကမ္ဘာကြည့် ကြည့်နိုင်သူဆိုတာ ခပ်ရှားရှားပေါ့။
အဲဒီလို နွားခြေရာခွက်ထဲ အနေကြာလာတော့ အပြင်မှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိတော့ဘူး။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ ထင်လာတယ်။ သူ့ငါးပိရည်ပန်းကန်လေးကို ကြည့်ပြီး ငါကမှ အရွက်ကြော်လေး ပါသေးတယ်လို့ ဘဝင်မြင့်တတ်လာကြတယ်။ တပ်မတော်အစိုးရလက်ထက် တံတားကြီးဘယ်နှစင်း ဆည်ကြီးဘယ်နှခုဆောက်ခဲ့တယ် ဆိုတာကို ဟုတ်လှပြီ ထင်နေတယ်။ သမ္မတကြီး ပြုပြင်ပြောင်းလဲပေးလိုက်လို့ ဖုန်းတွေ ကားတွေ ဈေးသက်သာလာတာဆိုပြီး ချီးကျူးနေတဲ့သူတွေကလည်း မနည်းဘူး။ ဒီလို ကိုယ့်ရှေ့ပိတ်ရပ်ထားတဲ့ ဘတ်စ်ကားကြီးနောက် ပျော်ပျော်ကြီး တန်းစီရင်း သေဖော်သေဖက် ညှိနေကြတော့ အီသီယိုးပီးယားတောင် ကိုယ့်ကိုကျော်တက်သွားတာ မသိလိုက်ကြဘူး။
ကျနော်တို့ရှေ့မှာ ပိတ်ရပ်ထားတဲ့ ဘတ်စ်ကားကတော့ ဟွန်းဘယ်လောက်တီးတီး အသာတကြည် ဖယ်မဲ့ပုံ မပေါ်ပါဘူး။ နောက်ဆုံးချိန်ထိ ရသလောက် ခရီးသည်တင်သွားကြဦးမှာပဲ။
ဒီတော့ ရွေးစရာ ၂လမ်းပဲ ကျန်ပါတယ်။
နွားခြေရာခွက်ထဲကနေ ဖေါက်ထွက်ကြည့် ကျော်ကြည့်ပြီး အပြောင်းအလဲလုပ် တခြားကားတွေကို အမီလိုက်မလား
ဒါမှမဟုတ်
ဘတ်စ်ကားကြီးနောက်မှာပဲ မျက်စိပိတ်နားပိတ် တန်းစီရင်း 'ကားပိတ်လို့ စောင့်နေတုန်း ကွမ်းအေးဆေးဝါးနေရတာလေး'ကိုပဲ ကျေးဇူးထိုင်တင်နေမလား ရွေးချယ်ကြရမှာပါ။
အချိန်လည်း သိပ်မကျန်တော့ပါဘူး။ နိုဝင်ဘာ၈ရက် ညနေ၄နာရီအထိပဲ စဉ်းစားချိန် ကျန်ပါတော့တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။