By သလ္လာဝတီ
စာကြည့်တိုတ် on
Wednesday, November 14, 2012 at 4:09am ·
“ချမ်းလိုက်တာ…..”
ခမောက် အမိုးထဲကို ဝင်နိုင်သမျှ ဝင်အောင်
ကိုယ်ကိုကျုံ့ ဝင်ရင်း ညီးတွားမိပါတယ်…အဝေးကကြည့်ရင် လူ ကိုတွေ့ ရမယ် မထင်ပါ ခမောက်
အကြီးကြီးတစ်ခုကိုပဲတွေ့နိုင်ပါလိမ့်မယ် ကျနော့် အတွက် ဒီခမောက် က
မိုးကာလဲဟုတ်..ထီးလဲ ဟုတ်ပါတယ်…မိုးတွင်းအဆက်ဆက်တိုင်းကို ဒီ
ခမောက်လေးနဲ့ပဲဖြတ်ကျော် ခဲ့ပါ တယ်…အခုလဲ မိုးဖွဲဖွဲလေး ကျနေပါတယ်…
ကျနော့်ခြေထောက်တွေ လဲအေးစက်နေ ပါပြီ…ဒါပေမယ့် ကျနော်
အိမ်မပြန်ချင်သေးပါ.. ။ ကျနော့် အမေနေမကောင်း ဖြစ်တာ တပါတ်လောက်ရှိပါပြီ အခုမှ
အဖျား ပျောက်ကာစဆိုတော့အားနည်နေပါတယ် .. အမေ့ကို ငါးဟင်းစွတ်ပြုတ်လေး
ပြုတ်တိုက်ချင်လို့မိုးရွာကြီးထဲမှာ ကျနော် ငါးထွက်မျှားနေတာပါ…။
“ဟာ…တွတ်ပြီ…” ဒေါင်းမှီးနဲ့လုပ်ထားတဲ့ ဖော့တံလေးက
လှုပ်လာပါတယ် ပေါ်ချီ မြုပ်ချီမဟုတ်ပဲ လှုပ်ရုံတင် လှုပ်တာဆိုတော့ ငါးကြီးဖြစ်ဖို့
များပါတယ်… “ငါးရံ့ ရရင်ကောင်းမယ် …” ဖော့မြုပ်သွားပါပြီ..ဘူစီပေါင်းတွေ
ပလုံစီအောင်တတ်လာတာ ကိုကြည့်ခြင်းအားဖြင့် ငါးခူဖြစ်မယ် ထင်ပါတယ်..
ဖော့မြုပ်တဲ့ဖက်နှင့်ဆန့်ကျင်ဖက်ကို ခပ်ဆပ်ဆပ်လေး ရိုက် ဆွဲတင်လိုက်ပါတယ်…။
ထီးရိုးဝါးဖြင့်လုပ်ထားတော့ ငါးမျှားတံ ကညွှတ် ပြီးပါလာပါတယ်… “အာ.. အကြီးကြီး ပဲဟ…”
ဟုတ်ပါတယ် ငါးခူ ကြီးက နှုတ်ခမ်းမွှေး အ၀ါနဲ့ ကျနော့်လက် တတောင် ကျော်ထိအောင်ကိုကြီး
လှပါတယ်…ငါးခူ အစွယ်က အဆိပ်ရှိပါတယ် သတိကြီးစွာထားပြီးတော့ သူ့ရဲ့
အစွယ်နှစ်ဖက်အောက်ကို လက်ညှိုး လက်သန်းထည့်..အောက်မေးရိုးကို လက်မနှင့် လှန်ချ
ပြီးတော့ ချိတ်ကိုဖြုတ်လိုက်ပါ..အဲ့လိုဖြုတ်တတ်ဖို့ ငါမျှားတတ်တဲ့ဦးလေး ကြီးဆီမှာ
အချိန်တော်တော်ကြာ သင်ခဲ့ရတာပါ..။
ငါးကိုသေချာကြည့်လိုက်တော့ ဗိုက် ၀ိုင်းကြီးပါ
ဖြူလဲ ဖြူနေပါတယ်..ဒါ ငါးခူအထီး ကြီးပါ..ငါးခူ အကောင်ကြီးတွေက အဖော်နဲ့ နေတတ်ပါတယ်
ဒီအချိန်က ငါးတွေ သား ကျချိန်ဆိုတော့ ငါးအမကြီး ရှိနိုင်ပါတယ်..ကျနော်လဲ
ဘေးပါတ်ဝန်းကျင် တလျောက် လိုက်လေ့လာကြည့်လိုက်ပါတယ်… “ဟာ” တွေ့ပါပြီ
ငါးသားအုပ်ကြီးပါ..ငါးခူအုပ်ဆိုတာ ကြည့်တာနဲ့ သိပါတယ် မည်းမည်း နဲ့ ငါးသားလေးတွေ လဲ
အများကြီးပါ... အဲ့ဒီအောက်မှာ ငါးမကြီး ရှိပါတယ်..ငါးအမ များဟာ အထီးများထက်
အကောင်ကြီးကြပါတယ်...သားချ ထားလို့ ပိန်တော့ ပိန်တတ်ပါတယ်…
“အင်း ငါးသားလေးတွေ ကကြီးတော့ တီနဲ့ ချလို့ကတော့
သူတို့ ၀ိုင်းစား ကြတာနဲ့ ကုန်မှာ ပဲ ပိုးဟပ်နဲ့ မျှားမှ”
ကျနော့် စိတ်ကူးနဲ့ ကျနော် အစာချလိုက်ပါတယ်…ငါး
အမေ ကြီးဟာ သူတို့ သားအုပ်ပေါ် ဖြတ်ပြေးတဲ့ မွေက အစ ဟပ်ပါတယ် ..။ သားသမီးကို
ကာကွယ်တတ်သော မိဘ တွေရဲ့ ပုံစံ အမှန်ပါ..။ကျနော့် အစာကိုလဲ တန်းပြီးဟပ်ပါတယ်..။
ကျနော် ငါးအမေ ကြီးကိုဆွဲတင်လိုက်ပါတယ်.. အားပါးပါး ဒီတစ်ကောင်က
ပိုတောင်ကြီးပါသေးတယ်.. ကျနော် ရဖူးတဲ့ ငါးခူတွေ ထဲမှာ ဒီအကောင်လောက်ကြီးတာတော့
မတွေ့ဖူးပါ တကောင်တည်း နဲ့တင် ၅၀ သားကျော်လောက်ရှိပါတယ်…။ ကျနော် ငါးတွေကို
ကြေးနန်းကြိုးနဲ့ သီပြီး ပြန်ဖို့ပြင်လိုက်ပါတယ်…။ ငါးအုပ်ကို
ပြန်ကြည့်မိတယ်…သူတို့ အရင်လို မိခင်နောက်ကို အုံခဲပြီးလိုက်နေ သလိုမျိုး
တစုတဝေးထဲ ဖြစ်မနေတော့ပါ..ဦးတည်ရာမဲ့ လျောက်သွားနေပါတော့တယ်…ဒီထဲမှာ တချို့က
ကံကောင်းပြီး အသက်ရှင်နိုင်သလို တချိုကျတော့လဲ ငါးအကြီးကြီး တွေရဲ့ အစာ
ဖြစ်သွားမှာပါ…အော် သူတို့ မိဘ မဲ့ဖြစ်သွားပြီကိုး…။
………………………………………………………………………………………………..
“အမေရေ အမေ အမေ..” "ဟဲ့ သားလေး ဘယ်တွေ
လျောက်သွားနေတာလဲ မိုးရွာနေတာကို " “အမေ သားငါးခူ ဖမ်းလားတယ်” “ဟယ်ကြည့်စမ်း သား
အမေဘာပြောထားလဲ သူများအသတ် မသတ်ရဘူးလို့ ပြောထားတယ်လေ အမေ့စကား ကိုနားမထောင်ဘူးပေါ့
…ဟုတ်လား ကိုဇင်”
“သားက အမေ့ကို စွတ်ပြုတ်လုပ်တိုက်ချင်လို့ပါ..အမေ
နေကောင်းကာစ ဆိုတော့ အားရှိအောင်ပါ..”
အမေက ကျနော့်ကိုကြည့်ရင်း မျက်ရည်ဝဲလာပါတယ်…
“လာ သားလေး ခေါင်းတွေ သုတ်စမ်း ဖျားတော့မှာပဲ
ဒီကလေးကတော့…” အမေ ကျနော့် ကို မဆူ ရက်တော့ ပါ...။
“အမေ ငါးခူကို ရဲယိုရွက်နဲ့ ချက်စားရအောင်နော်
..ပိုတာကို အမေ့အတွက် စွတ်ပြုတ်လုပ်ပေးမယ်..”
“အမယ် နင့်ငါးခူ ကဘယ်လောက် ကြီးလို့လဲ..” ကျနော်လဲ
အိမ်ဘေးက စဉ်းအိုးဘေးမှာ ချထားတဲ့ ငါးခူနှစ်ကောင်တွဲ ကိုလက်ညိုးထိုးပြလိုက်ပါတယ်..
“ဟိုမှာလေ..” “ဟယ်တော့ အကြီးကြီး ပဲ…သားလေး အိမ်မှာ ထမင်းချက်ထား ဒီအချိန် ဆို
ဈေးမကွဲသေးဘူး အမေး ဈေးမှာ သွားရောင်းလိုက်မယ်…” “အမေ့…..ငါးခူနဲ့ ရဲယိုရွက်
လေ….” “သားလေး အိမ်မှာဆန်ကုန်နေပြီလေ..ဒါလေးရောင်းရရင် အဆင်ပြေမှာ..သားကလိမ္မာ ပါတယ်
နောက်မှ အမေအဆင်ပြေရင် သား စားချင်တာချက်ကျွေးမယ်လေ..အော် နောက်တစ်ခါတော့
အဲ့လိုငါးထွက်မျှားတာ အမေခွင့်မပြုဘူးနော် သားလေး…ကို့ ရဲ့အခက်ခဲ အတွက် သူများ
အသက်ကို သတ်တာ သိပ်အောက်တန်းကျတယ် နော်သား” “ဟုတ် ကဲ့ပါ အမေရဲ့..အမေ
မြန်မြန်ပြန်လာနော် နေကောင်းသေးတာလဲ မဟုတ်ဘူး” “အေးပါသားရဲ့ အမေ
နေကောင်းနေပါပြီ..ထမင်းချက်ထားနော်..” အမေက ပြောရင်းနဲ့ ဇလုံထဲကို ချိန်ခွင်တွေ
ဓါးတွေ ၊ ငါးတွေ ထည့်ပြီး ခါးစောင်းတင်ရွေ့ ထွက်သွား ပါတော့သည်..။
……………………………………………………………………………………….
“ငါးခူတွေ ရမယ် ငါးခူတွေ လတ်တယ်နော်…လတ်တယ်…”
သူမအသံမှာ အားလုံးဝ မရှိပါ…သူမဘေးမှ အသံစာစာဖြင့် အော်ရောင်းနေသောတခြားငါးသည်
တွေရဲ့ အသံကို ဖုံးသွားအောင်လဲ သူမ မအော်နိုင်ပါ…ဒါပေမယ့်သူမ အဆက်မပြတ်
အော်နေပါတယ်...။ “ငါးခူတွေ ရမယ် ငါးခူတွေ”
“အမကြီးဈေးကောက်…”
“အဲတော့ မောင်လေးရယ် အမမှာ တစ်ကျပ်မှ
ကိုမရှိတာပါ…”
“ခင်ဗျားတို့ ကလဲ ပြောလိုက်ရင်အဲ့လို ကြီးပဲ
ကျူပ်တို့ကလဲ ကောက်ချင်လို့ကောက်နေတာ မဟုတ်ဘူးဗျ ကောက်ခိုင်းသလောက် မရရင်
အိပ်စိုက်ရမှာဗျ”
“အေးပါ ကွယ် အမ ငါးရောင်းရရင် ပေးပါ့မယ် ပြန်လာခဲ့
နော်…”
ဈေးကောက် ကောင်လေးမှာ မကျေမနပ်ဖြင်
့ထွက်သွားပါတော့တယ်..အော်သူလဲ သူ့ဒုက္ခနဲ့ သူပဲလေ.
. …………………………………………………………………………………………..
“အမေ သမီး ငါးခူ ကြော်စားချင်တယ်…” “ဟုတ်လား
သမီးစားချင်ရင် အမေကြော်ကျွေးမှာပေါ့ ဒီအချိန်က ငါခူ ရပါ့မလားတောင် မသိဘူး…” “အမေ
အကြီးကြီး ကိုကြော်စားချင်တာနော်…” “အေးပါ တွေ့ရင် အမေ ၀ယ်ပါ့မယ် သမီးကလဲ..” “မေမေ
ဟိုမှာ နှုတ်ခမ်းမွေးကြီးနဲ့ …ဟိုမှာ ငါးခူတွေ..” “ဘယ်မှာလဲ သမီးရဲ့ အော် ဟိုမှာ
လာလာ သမီး..” ပျံကျဈေးပေမယ့် လဲ ဈေးဝယ်လို့ ကောင်းလို့ ဒီဈေးကိုပဲ လာလာ
ဝယ်ဖြစ်ကြပါတယ်…ဒီနေ့လဲ ဒေါ်သွယ်တယောက် ကိုယ်တိုင်
ဈေးဝယ်ထွက်လာခဲ့ပါတယ်..ဒီမြို့နယ်မှာတော့ ဒေါ်သွယ်တို့က လူချမ်းသာ စာရင်းဝင်တွေ
ပါ..။
“ဟိတ်.. ငါးခူ ဘယ်ဈေးလဲ …” “၈၀ ပါ အမ…” “ဟဲ့
ညည်းဟာက များလှချီလား လျော့ပါဦးဟ…” “အမ ရယ် ငါးခူဈေးက ၁၀၀ ပါ ညီမက
ခေါင်းရွက်ဗျက်ထိုးဈေးသည်မို့လို့ လျော့ရောင်းတာပါ..” “နင့်ငါးခူတွေ ကလဲ ကြီးလှ
ချီလား ဘုရားငါးခူတွေ ဖြစ်နေမယ်နော်…” “မဟုတ်ပါဘူး အမရယ်…ကျမသားလေးကိုယ်တိုင်
အိမ်ရှေ့ ကန်ကြီးထဲက မျှားလာတာပါ..” “အမလေးနော် လိုက်လဲ လိုက်တဲ့သားအမိပဲ ကဲကဲ
နှစ်ကောင်လုံးချိန်လိုက်…အလေးမခိုးနဲ့နော်…” “စိတ်ချပါ အမရဲ့… အားလုံး ၉၅ ကျပ်
သားပါ အမ ၉၀ သားပဲ ထားလိုက်ပါ့မယ် ရ၂၀ ပါ..” “၇၀၀ ပဲထားလိုက် ရော့
..ကိုင်ပေးဦးနော်…” “ဟုတ်ကဲ့အမ ..” သူမ ငါးကိုအချွဲ ချွတ် ပြီး ဆူးတောင်တွေ
ခုတ်ပေးလိုက်ပါတယ်…။ကုန်ပြီ ပြန်ရုံပါပဲ.. သူမပါလာသော ပစ္စည်းများကို အလျင်အမြန်
ကောက်သိမ်းလိုက်ပါတယ်..။သူမရဲ့ လှုပ်ရှားမှု မှာ ပေါ့ပါးလွန်းလှပါတယ်…။လက်ချိုးခြေခတ်
ခပ်သွက်သွက်ဖြင့် ကခတ် နေသော ကချေသည် မလေးနှင့်ပင်တူနေပါတော့သည်..။
“သားလေးတော့ ဆာနေတော့ မှာပဲ..”
သူမ ကုန်စုံဆိုင် ကို အပြေးလေး သွားရင်း ပဲနဲ့
ဆန်ဆီ အနည်းငယ်ဝယ်လိုက်ပါတယ် ဈေးထဲ ကို ပြန်ပြေးပြီး ဘူးသီးတစ်လုံးလဲ
ဝယ်လိုက်ပါသေးသည်…ညနေစာအတွက် ကတော့ လမ်းထိပ်ထမင်း ဆိုင်မှာ ပဲ ၀က်နံရိုး
တစ်ရာဖိုးနဲ့ ငါးပိရည်တို့စရာ များဝယ်လာလိုက်ပါတယ်.
. “အင်း သားလေး ကျေးဇူးနဲ့ နက်ဖြန်တော့
ဘူးသီးကြော်နဲ့ ဘယာကြော်လေး ပြန်ထွက်နိုင်မယ်ထင်တယ်..”
သူမ နေမကောင်းဖြစ်တဲ့ တပတ်မှာ အိမ်စရိတ်
ဆေးဖိုးနဲ့ သူမရဲ့ လက်လုပ် အကြော်ဆိုင်လေး အရင်းပြုတ်သွားခဲ့တာပါ..
……………………………………………………………………………………..
“ဆရာမ ..” “ဆရာမ” ဒုတိယ မြောက် ခေါ်သံနဲ့အတူ
မည်သည့်စာရင်းတွေ လုပ်နေသလဲ မသိသော ကျနော့်၏အတန်း ပိုင် ဆရာမ မျက်လွှာပင့်ပြီးတော့
ကျနော့်ကိုကြည့်ပါတယ်..ပြီးတော့ မှ ကျနော့်ရဲ့ ဟောင်းနွမ်းနေသော ကျောင်းဝတ်စုံနဲ့
ပုံစံခပ်မှိုင်းမှိုင်းကို မြင်မိပြီး ရွံ သလို ကိုယ် ကို ရို့ သွားပါတယ်.. “ပြော
ဘာလဲ..” “ဆရာမ ကျနော့် အင်္ဂလိပ်စာ အမှတ်တွေ က ပေါင်းတာ မှားနေလို့…”
“ပြစမ်း ဘယ်နားမှားလို့လဲ ဆရာမ
သေချာပေါင်းထားတာပဲ”
“ဒီမှာ ဆရာမ (၇) မှတ်တန် နှစ်ပုဒ်နဲ့ (၆ )မှတ် တန်
တစ်ပုဒ် လေ သားအကုန်မှန်တဲ့ဟာကို ဆရာမက ၁၀ မှတ်ပဲရေးထား ပြီးတော့
ပေါင်းထားလို့…”
“အာ ဟုတ်သားပဲ ကြည့်ဦး ဆရာမ ကလဲ အလုပ်တွေ
ရှုပ်နေတာနဲ့ သေချာတောင် မကြည့်မိဘူး..သားကလဲ အခုမှ လာပြောရလား အမှတ်တွေ ကရီပို့
ကတ်တွေ ထဲတောင် ရောက်နေပြီ..”
“သားတို့ အဖြေလွှာစာအုပ်က မနက်ကမှရလို့ပါ
ဆရာမ…”
“အော် အေးအေး သားနာမည်က ဘယ်သူ ဇင်ယော် နော်..သားက
တော်သားပဲ အဆင့်လေးတဲ့…တော်ရောပေါ့သားရယ် အဆင့်လေးဆို ရှေ့ဆုံးတန်းမှာ
ထိုင်ရမှာနော်…”
“ဆရာမ ဒီတစ်ပါတ် အဆင့် တစ်က ဘယ်သူလဲ ဟင် “ “အော်
ဒီတစ်ပါတ် က ကျော့ကေသွယ်ရတာ..” သြော် ကျောင်းဆင်းရင် ကားဖြင့်လာလာကြို တတ်သော
သဌေးမကြီး ဒေါ်သွယ်ရဲ့ သမီး ကိုး..အဲ့ဒီကားဖြင့် ကျောင်းဆင်းတိုင်း ဆရာမလဲ ပါပါ
သွားတတ်တာ ကို တွေ့ဖူးပါတယ်..
“အကယ်ရွေ့ အခုလိုနေတဲ့ ၁၀ မှတ်ကို ထည့်ပေါင်းရင်
သားအဆင့်ဘယ်လောက်ရမလဲ ဟင်..”
“အင်း သားက တစ်ပေါ့ ဒါပေမယ့် ပေါင်းလို့ မရတော့
ဘူးသားရဲ့ နောက်တစ်ပါတ် မှ အဆင့် တစ်ယူတော့နော်…”
“ဟုတ်…” ဟုတ်လို့သာ ပြောရတာ သိပ်တော့
မကျေနပ်ချင်လှပါ ..ကျနော်က အရင် လပါတ်လေးတွေ မှာ အမြဲတမ်း အဆင့်တစ်ရခဲ့တာပါ
ဒါပေမယ့် ကျနော့်နေရာက တတိယတန်း ပြတင်းပေါက် အစွန်ကနေ လုံး ၀မတတ်ပါဘူး ကျနော့်ပုံစံ
နဲ့ ရှေ့ဆုံးတန်းထိုင်ရင် A ခန်းဂုဏ်ငယ်မယ်လို့ ထင်လို့ နေမှာပါ..ဒီတစ်ခါဖြေထားတဲ့
စာမေးပွဲက ပထမ အစမ်း စာမေးပွဲ ကြီးပါ ..
ဒီ စာမေးပွဲ မှာ အဆင့် (၁) ရတဲ့ လူတိုင်းကို
ကျောင်းအုပ်ကြီးက ဆုချ မြဲပါ ဒါကြောင့်ကျနော် လိုချင်ခဲ့တာ ပါ ခုတော့ မရနိုင်တော့
ပါတဲ့လေ..ဘာလို့ မရနိုင်ပါလိမ့်လို့ တွေးနေရုံကလွဲရွေ့လဲ ကျနော် ဘာမှ
မတတ်နိုင်ပါ..။
…………………………………………………………………………………………….
“အမေ့..”
“ဟဲ့ ပလုပ်တုတ် အမလေး လန့်လိုက်တာနော် သားလေး
ကျောင်းကပြန်လာပြီလား…”
“အမေရောင်းကောင်းလား …”
“ကောင်းပါ့တော် အခု ဘယာကြော်လေး
နည်းနည်းကျန်နေလို့ စောင့်နေတာ တယောက်စာပဲ ကျန်တော့တယ်..သားလေးဗိုက်ဆာရင် ထမင်းစား
လေ အမေ ချဉ်ပေါင်ကြော်ထားတယ်..”
“ဟာရှယ်ပဲ အမေ ပုဇွန်နဲ့ရောကြော်ထားတာ လား
ဝက်သားနဲ့ ရောထားတာလား"
အမေက ပြန်မဖြေပါ ကျနော့်ကို မျက်လုံးပြူးပြီး
အံကြိတ်ပြပါတယ်…”
“ဟုတ်ပါတယ်ဗျာ ထမင်းစားဖို့ အသက်ရှင်တာ မဟုတ်ပါဘူး
အသက်ရှင်ဖို့ ထမင်းစားတာပါ ချဉ်ပေါင်ရွက် ရိုးရိုးနဲ့စားလဲ မသေနိုင်ပါဘူးလေ…”
“ဟွန်း လေသံကတော့ သူ့ အဖေ လေသံ အတိုင်း
ပဲ..”
“ဟဲဟဲ အမေ သားမကူတော့ဘူးနော် ထမင်းစားပြီး၇င် သား
စာသွားကျက်တော့မယ် …အမေလဲ အဖေ့ကိုသတိ ရမနေနဲ့ဦး..နော်”
“ကြည့်စမ်း ဒီကောင်လေး အမေကို ..”
“ဟားဟ …” ကျနော်အမေ့ ပါးကိုတစ်ချက်နမ်းရင်း
အိမ်ပေါ် ကိုပြေးတက်လိုက်ပါတော့တယ်..။
ကျနော်တို့ ကအမေတစ်ခုသားတစ်ခုပါ.. ကနော့်အဖေ ကတော့
လွန်ခဲ့တဲ့ ၃ နှစ်က ဌက်ဖျားရောဂါ နဲ့ ဆေးရုံမှာ အသက် ဆုံးပါးခဲ့ ရပါတယ် ။ ကျနော်
ကအလယ်တန်းကျောင်းသားပဲ ရှိပါသေးတယ်.. သူများကျောင်းသားတွေလို လဲ
ကျုရှင်မယူနိုင်ပါဘူး .. အမေ့ရဲ့ အကြော်ဆိုင်ဝင်ငွေ အိမ်လခ ဖိုး စားသောက် စရိတ်နဲ့
ကျနော့် ရဲ့ ပညာသင်စရိတ်ကို မနည်း ကျားကန်ထားရတာပါ..ဒါတောင် အမေက ကျနော့်ကို
မြို့နယ်ရှိ အကောင်းဆုံး ကျောင်းမှာ မရမက ကျောင်းထားလို့ ပါတ်ဝန်းကျင်ကတောင်
မေးငေါ့ကြရပါတယ်.. ထမင်းကြမ်းနဲ့ ချဉ်ပေါင်ကြော် ကိုအစာပြေစားပြီးတာနဲ့
ခေါင်းရင်းအိမ် က အမကြီးဆီကို ပြေးရပါမယ်…သူက ကျနော့်ကို စေတနာနဲ့ စာပြပေးပါတယ်..
သူကိုယ်တိုင်ကလဲ ပထမနှစ် တက္ကသိုလ်ကျောင်းသူပါ.ကျနော်နားမလည်တဲ့ စာများကို
မေးလို့ရပါတယ်..
သူ့မောင်လေးကလဲ ကျနော်တို့နဲ့ အတန်းတူပါတယ်
.နောက်တစ်ခု က သူတို့ အိမ်က မီးရပါတယ် မီးမလာတဲ့ နေ့ဆိုရင်လဲ သူတို့
ကဘက်ထရီအိုးနဲ့ ကြည့်ကြတာပါ ကျတော်တို့ သားအမိမှာက ရေနံဆီ မီးခွက်လေး တစ်ခွက်ပဲ
ရှိပါတယ် အဆင်မပြေ လှပါ.. အမေယပ်ခပ်တာကို ခံပြီး စာကျက်ချင်တဲ့ဆန္ဒကတော့ ဆန္ဒ အဖြစ်ပဲ
ရှိနေခဲ့ပါတယ်…ကျနော် စာကျက်ပြီးလို့ အိမ်ပြန် ပြီး အမေနဲ့ ညနေစာစား မနက်ဖြန်အတွက်
အမေ ပြင်ဆင်တာကို ကူ ..အလုပ်တွေအားလုံး ပြီးရင်တော့ အမေက ကျနော့်ကိုရင်ခွင်ထဲ
ထားပြီးတော့ စကားတွေ ပြောကြပါတယ် အမေက တစ်ခါတစ်လေ ပုံပြောပြပါတယ်
သီချင်းဆိုပြပါတယ်…ကျနော့် ဘ၀မှာ အဲ့ဒီ အချိန် ကိုအရမ်း သဘောကျတာပါ..။
တနေကုန်ဘယ်လောက် ပဲ စိတ်ပင်ပန်းတဲ့ဟာတွေ ကြုံ
ရပါစေ ကျနော်ရဲ့ အမေ့ရင်ခွင် ဗိမာန် ကို မှာ အားလုံးဖွင့်ချ ပြီးတော့ ညတွေတိုင်း
ကို ကျနော် အေးချမ်းစွာ အိပ်စက်ခဲ့ရတာပါ..။ “အမေ…” “ရှင့်…” “အမေ သင်္ချာတတ်လား
ဟင်…”
“အမေက ၄ တန်းထိပဲ ကျောင်းနေဖူးတာ
သားရဲ့..သားလောက်တော့ ဘယ်တတ်မလဲ..”
“အမေ (၇) ရယ် (၇) ရယ် (၆) ရယ်ပေါင်းရင်
ဘယ်လောက်ရလဲ …” “အမယ် အမေက ဈေးသည်ပါနော် အဲ့လောက်တော့ သိပါတယ်..၂၀ ပေါ့သားရဲ့…”
“ဟာ အမေက တော်လိုက်တာ သားတို့ အတန်းပိုင်ဆရာမ က အမေ့လောက်တောင် သင်္ချာ
မတတ်ဘူး…”
“ဟိတ် ကို့ ဆရာသမား ကိုအဲ့လိုမပြောရဘူးလေ…”
“အမေသိလား သားဒီတစ်ပါတ် စာမေးပွဲမှာ
အမှတ်အများဆုံးရတာ သိလား ဒါပေမယ့် သား အဆင့်က ၄ ပဲ ရတာ ဆရာမ က
အမှတ်မှားပေါင်းတာလေ…”
“အော် သားလေးရယ် ဘာဖြစ်လဲ အဆင့် ၄ ရတော့ရော..သားက
စာမေးပွဲမှာ အဆင့် ကောင်း ဖို့ စာသင်တာလား ..စာတတ်ချင်လို့ စာသင်တာလား….”
အမေ့စကားကိုကျနော် ဥာဏ်မှီသလောက်
တွေးလိုက်ပါတယ်..
“ဟုတ်တယ်နော် အမေ ကျောင်းတတ်တယ်ဆိုတာ တကယ်တန်းတော့
စာတတ်ဖို့ပဲ နော်…”
“ဟုတ်တယ် သားလေးရဲ့ စာကိုပဲ
တတ်အော်သင်နော်..ငါ့သားလေးကို အမေက အဲ့ဒီ ကျောင်းမှာထားတာ စာတတ်စေချင်လို့
အဆင့်ကောင်းစေချင်လို့ မဟုတ်ဘူး..”
“ဟုတ် ..” ထိုကဲ့သို့ အမေ သည် ကျနော့် အား
ကျောင်းမှ သင်ပေးသော ကျောင်းစာများထက် ပိုရွေ့ ခက်ခဲပြီး နားလည်ရန်လဲ ခက်ခဲသော ဘဝ
သင်ခန်းစား များအား ညစဉ် ညတိုင်း ပို့ချ ခဲ့ပါတယ်..။
…………………………………………………………………………………………………..
ဝါတွင်းကာလဥပုဒ် နေ့မို့ အိမ်တိုင်းမှ
အဖိုးအဖွားများနှင့် အိမ်ရှင်မများဥပုဒ် သီလယူရန် ရက်ကွက်ဓမ္မာရုံ သို့
သွားနေကြပါတယ်..ကျနော့် အမေကတော့ ချွေးတစ်လုံးလုံးနဲ့ အကြော်တဲလေး ထဲမှာ
အလုပ်များနေပါတယ်… “အမေ ဥပုဒ် သွား မစောင့်ဘူးလား…”
“သားလေးရယ် အမေ တို့ တနေ့လုပ်မှ တနေ့စားရတာ
..”
“ဟာ အမေကလဲ သားလဲ အကြော်ကြော်တတ်နေတာ ပဲကို
ပြီးတော့ ဥပုဒ်နေ့ဆို ကျောင်းပိတ်နေကြ ပဲလေ..သား အမေ့ကို ကုသိုလ် ပြုပြီးတော့
အကြော်ကြော်ပေးမယ် လေ နော်အမေ…”
အမေက ကျနော့်ကို တွေတွေလေး ကြည့်လို့
ပြုံးနေပါတယ်..
“သား ရယ် အမေ့လဲ ဥပုဒ်ယူပြီး တနေကုန် စေတီလေးမှာ
တရားမှတ်ချင်တာ ပေါ့.. ဒါပေမယ့် အမေ့မှာ မှာ ယောဂီ ထည်လေးတောင် မှမရှိတာ
အကြော်ဆီတွေ ပေနေတဲ့ အင်းကျီနဲ့ ဆို အမေ့ကို နှာခေါင်းရှုံ့ ကြမှာပေါ့
ကလေးရဲ့…အမေ့ဘာသာ အိမ်မှာ ဘုရားရှိခိုး တရားထိုင်လဲ အဆင်ပြေပါတယ် ငါ့သားလေးက
ကုသိုလ်လိုချင်တယ် ဆိုရင် စာကိုကြိုးစား သင့်ပေါ့ နော်…အမေကလေ ဘယ်လောက် ပဲ
ပင်ပန်းပင်ပန်း ငါ့သားလေးကို သားသူငယ်ချင်းတွေ က စာလာမေးတဲ့ အချိန်ဆို သြော်
ငါ့သားလေးက သူတို့ထက် စာကို ကောင်းကောင်း သင်ယူတာပဲ ဆိုပြီး ပိတိနဲ့ အမောတွေ
ပြေသွားရော..” “သားက အိုအေစစ် လေးပေါ့နော် ဟုတ်လား အမေ..” “ဘာလဲ အိုအေစစ်..”
ဟိုဟာလေ ရေသန့်ဗူး ကိုပြောတာ..
“ဒါပေါ့ ငါ့သားလေးက အမေ ကို အမောပြေစေတာပေါ့..”
ဟေးးးး…ဟားဟား ကျနော် နှင့် အမေ့ရဲ့ ရယ်သံများ အကြော် တဲလေးထဲမှာ
ဆူညံနေခဲ့ပါတယ်..
………………………………………………………………………………………………
“အဒေါ် အဲ့ဒီ ယောဂီထမီလေးက ဘယ်လောက်လဲ ဟင်…”
“အဲ့တာက အစုံလိုက်အပ်မှ ချုပ်ပေးတာ ကောင်လေးရဲ့ အင်္ကျီရော တဘက်ရောလေ ၃၅၀၀ ..” “၃၅၀၀
တောင်လား .. ဟုတ် နောက်မှ ၀ယ်တော့မယ် နော်…” “အေးပါအေးပါ…” အထည်ဆိုင်မှ အမကြီးက
ကျနော့်ကိုမယုံသလိုနှင့် ပြုံး စစပြောပါတယ်…ကျနော့် စိတ်ထဲမှာတော့ အမေ့ကို
ယောဂီထည်လေး မရမက ၀ယ်ပေးချင်နေခဲ့ပါတယ်… စာသင်ခန်းထဲ ရောက်တာတောင် စိတ်ကူးထဲက
ယောဂီဝတ်စုံ လေးနဲ့ အမေ့ကို မျက်စီထဲက မထွက်ပါ.. “ဒီနေ့ ဆရာမကြီးက ဆုတွေ
လိုက်ပေးမယ်တဲ့ ဟိုမှာ ကျော့်ကေသွယ်တို့ အိမ်က ဓါတ်ပုံဆရာတောင် ခေါ်လာတယ် တွေ့လား…”
ဘေးနားမှ ကျနော့် သူငယ်ချင်းတယောက်ရဲ့ အသံကြောင့် လက်ရှိအခြေနေကို ပိုစိတ် ၀င်စား
မိပါတယ်..
“ဘာလို့ဖို့လဲဟ ဓါတ်ပုံဆရာ…”
“အာ မင်းကလဲ အဲ့တာ သူ့သမီးဘယ်လောက်တော်လဲ ဆိုတာ
ကို ဓါတ်ပုံရိုက် အိမ်မှာ အကြီးချဲ့ ပြီးချိတ်ထား မှာပေါ့ ဧည့်သည်လာတော့
ကြွားလို့ရတာပေါ့..ကွ…” “အော် အဲ့လိုလား…” ကျောင်းအုပ်ဆရာမကြီးက ကျော့ကေသွယ် ကို
ကျောင်းသုံးဗလာစာအုပ် ဘောပင် ခဲတံ နှင့် တခြားကျောင်းသုံး ပစ္စည်းများကို ဆုချ
ပါတယ်…။ အခန်းထဲ မှာ ကျော့ကေသွယ် တို့က ပိုက်ဆံရှိအသိုင်းအ၀ိုင်းမို့
ကျောင်းသုံးပစ္စည်းတွေ ဆိုလျှင် အသစ်အဆန်း နောက်ဆုံးပေါ်တွေ သုံးတတ်လွန်းလို့
ကျနော်တို့ ငေးကြရ စမြဲပါ..။ အကောင်းဆုံးနဲ့ အချော့မွေ့ဆုံး စာအုပ်တွေကိုသာ
သုံးတတ်တဲ့ ကျော့်ကေသွယ် တယောက်.. ကျောင်းအုပ်ဆရာ မကြီး ဆုချတဲ့ ကျောင်းသုံး
ဗလာစာအုပ် များကို ဘာလိုအသုံးချမလဲ ဆိုတာကို အနားလိပ်နေပြီဖြစ်သောကုန်ခါနီး
ကျနော့်သင်္ချာစာအုပ် ၏ အနားစများကို ပြန်ဖြန့်ရင်း တွေးမိပါတော့ သည်..။
………………………………………………………………………………………………
“အမေ..”
“ပြော သားလေး…”
“လူတွေ ကလေ ပိုက်ဆံ ရှိမှ အထင်ကြီးကြတာလားဟင် …
သားတို့ အခန်းထဲ ကကောင်မလေး တယောက်ဆို သူ့မိဘတွေ ပိုက်ဆံ ရှိတော့ သူ့ကိုဆို
လူတိုင်းက အားကျ အထင်ကြီးကြတယ် …” “သား က လူအထင်ကြီးတာ လိုချင်လို့လား…”
“အဲ့တာ မကောင်းဘူးလား အမေ ရဲ့…”
“သားရဲ့ လူ့ဘ၀မှာ လေ လူတွေအထင်ကြီးတယ်ဆိုတာ က
အပေါ်ယံပဲ သားရဲ့ ပိုက်ဆံရှိရင် အထင်ကြီးတယ် ဂုဏ်ရှိန်တွေ ရှိနေရင်
အထင်ကြီးတယ်…အဲ့တာတွေ ကတကယ်တော့ ဘာမှ အနှစ်သာရ မရှိဘူးသားလေးရဲ့…လူ့ဘ၀မှာ သူများက
ကို့ကို အထင်ကြီးဖို့ ထက် ကို့ကိုကို အထင်ကြီးဖို့က အရေးကြီးတယ်ကွယ့်…” “ကို့ကို
ကို အထင်ကြီးဖို့ ဟုတ်လား အဲ့တာ ဘယ်လိုမျိုးလဲ…”
“လူတိုင်းက ကို့ရဲ့ လုပ်ဆောင်ချက် မှားလား
မှန်လားဆိုတာကို ကိုယ်ကိုတိုင် ပဲ သိတာလေ ကို့ အကြောင်းကို ကိုပဲ
အသိကြဆုံးလေ…အဲ့ဒီတော့ ကို့ရဲ့ လုပ်ဆောင်ချက်ဟာ အထင်ကြီးဖို့ ကောင်းလား
မကောင်းဘူးလား ဆိုတာလဲ ကိုယ်ကိုယ်တိုင် ထက် ဘယ်သူမှ မသိနိုင်ကြဖူးလေ အဲ့ဒီ တော့
သားလေး ဘာပဲ လုပ်လုပ် ကို့ကိုကို အထင်ကြီး နိုင်မဲ့ အလုပ်တွေ ပဲဖြစ်ရမယ် သူများတွေ
အထင်ကြီးတာ အထင်သေးတာတွေ ကြည့်မနေနဲ့ ဟုတ်ပြီလား..”
“ဒါဆို သား သူများတွေ အထင်ကြီးအောင် မနေတော့ ဘူး..
ကို့ကိုကို အထင်ကြီးအောင် ပဲနေတော့မယ် …”
“ဒါပေါ့ သားလေးရဲ့ …” “အော် အမေ ဒီနေ့ အမေ
အကြော်တွေ အစောကြီးကုန်သွားတာလား…”
“မဟုတ်ဘူး သားလေးရဲ့ အမေ အကြော်တွေ ကို
လိုက်ရောင်းလိုက်တာ…” “ဟာ အမေ ကလဲ ပင်ပန်းမှာပေါ့ ကို့ဘာသာ ဆိုင်မှာ ထိုင်ရောင်းပါ
လား အမေရဲ့…”
“အမေလဲ အဲ့လိုပဲ ရောင်းချင်တာပေါ့ သားလေးရယ်
နေ့လည်က စည်ပင်က လာပြောတယ် အမေ့ အကြော်တဲက သူတို့ နယ်မြေထဲ ရောက်နေလို့တဲ့…မနက်ဖြန်
ကျရင် အကြော်တဲ ဖျက်ရမှာ …” “ဟင် ဒါဆို အမေနေ့တိုင်း အကြော်ဗန်း
ရွက်နေရမှာပေါ့..အမေရယ်…”
“ရပါတယ် သားရယ် အမေ အရင်ကလဲ အဲ့လို
ရောင်းဖူးပါတယ်…”
ကျနော် တကယ် စိတ်မကောင်းဖြစ်မိပါတယ် အမေ အစောကြီးထ
အကြော်တွေ ကြော် ပြီးတော့ ဗန်းထဲ ထည့် ပြီး အကြော်တွေ မကုန်မချင်း အသံတွေ နာအောင်
အော် ပြီးရောင်းရမှာ…။ “ အဲ့ဒီ စည်ပင် နယ်မြေ တွေ ကလဲ နေရာ တကာပဲနော်..သူတို့
ဝယ်ထားတာ ကြနေတာပဲ…သူတို့နယ်မြေတွေလို့သာ ပြောတာပါ လမ်းထိပ်က ဘီယာ ဆိုင် ကြီး
ကျတော့ စည်ပင်သာယာ နယ်မြေဆိုတဲ့ ဆိုင်းဘုတ် ကြီး ကို ခွဆောက်ထားတာ
အဲ့ဒီဆိုင်ကိုကျတော့ မဖျက်ခိုင်းဘူး … ဟွန်း တော်တော် တရားတယ်နော် အမေ..” “သားလေး
ကလဲလေ … လောကမှာ က အမှန်တရား ဆိုတာ နေရာတိုင်းမှာ ရှိနေပါတယ်သားလေးရဲ့ မတရားမှုဆိုတာ
ရှိသလို တရားမှု ဆိုတာလဲရှိတာပဲလေ … သားလေးက လောကမှာ ဘယ်ဟာက အမှန်တရား ဆိုတာ
သိသွားတဲ့တနေ့ အမှန်တရား ဘက်မှာ ရပ်တည်ရဲတဲ့ တနေ့ အမေ့သားလေး လူပီသတဲ့
နေ့ပဲ..အမှန်တရားကို မသိချင်ဆောင် ဆောင်နေသရွေ့တော့ ငါ့သားလေး လူနုံ လေး တယောက်
ဖြစ်နေမှာပဲ..” “ဟာ အမေကလဲ သား လူနုံလူအလေး တော့ အဖြစ် မခံနိုင်ပါဘူး အမှန်တရားကို
သိအောင်လုပ်မှာ..” “ဒါပေါ့ သားလေးရဲ့ သားလေး အမှန်တရားကိုသိအောင်လို့ အမေက
ကူညီပေးမှာပေါ့…” “ဟုတ် ..” ကျနော် အမေ့ ရင်ခွင် ထဲကို တိုးဝင်ရင်း စိတ်ကျေနပ်စွာ
မှေးစက်လိုက်ပါတော့တယ် ..
…………………………………………………………………………………………………..
“ပညာရေးမှုး လာ မယ်တဲ့…” “ဟုတ်လား…” ကျနော်
အံ့သြစွာ မေးမိပါတယ်… ကျနော်တို့ အလယ်တန်း ကျောင်းသား ဘ၀ ရောက်တဲ့ အထိ
ပညာရေးမှုးဆိုတာကို မတွေ့ ဖူး စကား မပြောဖူးပါ.. ပညာရေးမှုးတွေ ဟာ
ကျောင်းအုပ်ကြီးလိုက်ပြတဲ့ အခန်းတွေကိုပဲ လိုက်ကြည့်ပြီး ပြန်သွားကြတာလား
မသိပါ..
“ကျော့်ကေသွယ် က ပညာရေးမှုးကို အင်္ဂလိပ်နှုတ်ဆက် ရမှာ
လေ ငါ့တို့ အခန်းကို လာစစ်ခဲ့ရင်ပေါ့..လာမယ်လဲ မထင်ပါဘူး …”
ကျနော့် သူငယ်ချင်းက ဝေဖန်လိုက်ပါတယ်..။ “ဟရောင်
ဇင်ယော် မင်း အင်းကျီက ကျောင်းစိမ်း ရော ဟုတ်ရဲ့လား ကျောင်းဘက်တောင် မပါဘူး ..ဒီနေ့
ပညာရေးမှု လာပါမယ်ဆိုမှ …”
“ အေးကွာ ငါ့အင်းကျီ ကလျှော်ထားလို့ မနှစ်က
အင်းကျီ ကိုပြန်ဝတ်လာတာ ကျောင်း တံဆိပ် က ဘယ်ကတည်း က ပြုတ်နေမှန်းတောင်
မသိတော့ဘူး…နေပါဦးဟ ငါမသိလို့ကျော့ကေသွယ် က အင်္ဂလိပ်လို
ကောင်းကောင်းပြောတတ်လို့လားဟ…”
“မနေ့က ဆရာမ နှုတ်တိုက် သင်ပေးထားတယ်လေ …
ဟိုမှာတွေ့လား ဗီဒီယို ကင်မရာ သူစကားပြောနေတာကို ရိုက်ဖို့တဲ့ …”
ကျနော် ပြုံး လိုက်မိပါတယ် အမေပြောတဲ့ လူတွေ
အထင်ကြီးအောင်ထက် ကို့ကိုကို အထင်ကြီးအောင် နေဆိုတဲ့ စကား ကိုလဲ
ပြန်အမှတ်ရမိပြန်ပါတယ်…။ ပညာရေးမှုးက တကယ်ပဲ အခန်းကို ရောက်လာပါတယ်…ပညာရေးမှုး
ကိုကြောက်လို့ ကျောင်းသားတွေလဲ အသံတိတ်နေတာမှ အပ်ကျသံ တောင် ကြားရလောက်ပါတယ်…
ကျော့ကေသွယ် ကတော့ အင်္ဂလိပ် နှုတ်တိုက် သင်ထားသော နှုတ်ဆက်ပုံ နှုတ်ဆက်နည်းတွေ နဲ့
ရွှန်းရွှန်းဝေအောင် ပြောနေပါတော့သည်.. ပညာရေးမှုးဆိုတဲ့ ဆရာကြီးကလဲ
ပြုံးလျက်နားထောင်နေပါတယ်…
“သမီးက ဒီအခန်းထဲမှာ စံပြ
ကျောင်းသူထင်တယ်..”
“ဟုတ်ပါတယ် ရှင့် …” အတန်းပိုင်ဆရာမက ၀င်ပြောတာပါ…
ပညာရေးမှုး ကခေါင်းညှိတ်လျက်..
“အင်း ဒါဆို အဘကို သမီးတို့ အတန်းမှာ သင်ခဲ့ရတဲ့
The Last Leave ဆိုတဲ့ အင်္ဂလိပ် ဇာတ်လမ်းလေး အကြောင်းကို သမီးခုနက အဘကို နှုတ်ဆက်
သွားသလို ပဲ အင်္ဂလိပ်လို သမီးမှတ်မိသလောက် ရှင်းပြ ပါလား…”
သွားပြီ ကျော့ကေသွယ် တယောက်
မှိုင်သွားပါသည်..တော်တော်လဲ ကြောက်နေပုံ ရပါတယ် အတန်းပိုင် ဆရာမကို
အားကိုးသလိုကြည့် နေပါသည်..။ဆရာမလဲ မျက်နှာ အလွန့်အလွန် ကိုငယ်နေပါသည်..။ပညာရေးမှု က
အခြေနေ ကိုချက်ချင်း သဘောပေါက်သွားပုံပါ..
“ကဲ ဒါဆို သားတို့ သမီးတို့ ထဲ က ဘယ်သူ အဘ
ကိုပြောနိုင်မလဲ …” ရုတ်တရက် ကျနော် လက်ထောင်မလို့ ဟန်ပြင်လိုက်ပြီးတော့မှ
ကျနော့်ရဲ့ ကျောင်းဝတ်စုံကို သတိပြုမိပြီး ဒီတိုင်းလေးပဲ နေလိုက်ပါတော့တယ်…
“ဘယ်သူမှ မရှိကြဘူးလား .. ကဲကဲ ကလေး တွေ အဘ ကိုမကြောက်နဲ့ နော် ပြောတတ်ရင်
ထွက်ပြောကြ…ကလေးတွေ ထဲ က အဲ့ဒီ အကြောင်းကို အင်္ဂလိပ် လိုပြောနိုင်တဲ့ သူကို အဘ က
ဆုချမယ်ဗျာ…” “ကဲကဲ ဘယ်သူပြောမလဲ ဆုတော်ငွေ ၃၀၀၀ ပေးမယ်ကွာ ၃၀၀၀ ..ချက်ချင်းဆုချမှာ
…” ဟင် ၃၀၀၀ ဆိုပါလား.. ကျနော် အားတတ်သွားပါသည်.. ဟာ အမေ့ အတွက်ကျနော်
ဝယ်ပေးချင်တဲ့ယောဂီ ၀တ်စုံလေးက ၃၅၀၀ ဆိုတော့ သိပ်တောင် မလိုတော့ပါလား…ကျနော် ဘာမှ
မစဉ်းစား တော့ပဲ …လက်ထောင် လိုက်ပါတယ်..
“ဟော ဟုတ်ပြီ တယောက်တော့ လက်ထောင်ပြီ လာလာ
အရှေ့ကိုလာပါ…”
“မင်္ဂလာပါ…”
ကျနော် မြန်မာလိုပဲ နှုတ်ဆက်လိုက်ပါတယ်.. “အေးအေး
မင်္ဂလာပါ…” ပညာရေးမှုး က ပြုံးရွှင်စွာ ပြောပါသည်..။ “ကဲ သား အဘကို ပြောပြပါ..” “အဘ
ကျနော် ပြောနိုင်ရင် ကျနော့် ကို ၃၅၀၀ ပေးပါ..” “ဟေ…” “ဟင်….” ပညာရေးမှုး ရော
ကျောင်း အုပ်ကြီး နဲ့ ဆရာမ များပါ အသံမျိုးစုံ ထွက် လာကြပါတယ်. ပညာရေးမှုးက
အေးချမ်းစွာ ပြန်ပြောပါတယ်.. “ကောင်းပါပြီ ကွာ သားပြောနိုင်ရင် သားကို အဘက ၅၀၀၀
ပေးမယ်..” “ဟင့် အင်း အဘ ကျနော် ၃၅၀၀ ပဲ လိုချင်ပါတယ်…” ပညာရေး မှုးလဲ ဆုကြေးငွေ
ကိုဈေးဆစ်နေသော ကျနော့်ကို အထူးအဆန်း တယောက်လို ကြည့်နေပါတယ်.. “အေးပါကွာ..သား
သဘောပါ..”
“ကျေးဇူးတင်ပါတယ်ခင်ဗျ…”
ပညာရေးမှုးအား ရိုသေစွာဦးညွတ်လိုက်ပြီး ကျနော်
စပြော လိုက်ပါတယ် “Su and John were artists. They live with Mr.Barman in NewYork
city…” ကျနော် ပြောသမျှ ကို အဘ နားထောင်ရုံ သက်သက်မဟုတ်ပဲ တစ်ပိုဒ်ပြောပြီးတိုင်း
အင်္ဂလိပ်လို မေးခွန်း ပြန်ထုတ်ပါတယ်..ကျနော် ကပြန်ဖြေရပါတယ်..အဘ မေးတော့ မရှင်းလျှင်
ကျနော် ကပြန်မေးပါရန် မေတ္တာ ရပ်ခံ ပါတယ်..ကျနော်နဲ့ အဘ ရဲ့ စကား ပြောနေတာကို
အားလုံးငြိမ် ပြီး နားထောင်နေပါတယ်..အဘ က မေးခွန်း လှည့်မေးရင်လဲ ကျနော်က မရမက
အဖြေရအောင် ဖြေပါတယ်..နောက်ဆုံးတော့ ကျနော် အောင်မြင်သွားတယ်..။
ကျနော်လဲ တော်တော် မောသွားပါတယ် အဘ ကကျနော့်ကို
ချီးကျုးစကား မပြောပါ..အိပ်ကပ်ထဲမှ ၅၀၀ တန် အထပ်လိုက် ကိုထုတ်ပြီးတော့ ၃၅၀၀
ရီပြီးတော့ ကျနော့်ကို ထုတ်ပေးပါတယ် ကျနော်လဲ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ
ယူလိုက်ပါတယ်…ပြီးတော့ ကို့နေရာကို ပြန်ရန် လှည့်အထွက်..
“သား နေပါဦး..အဘ မသိလို့ သားက အဲ့ဒီပိုက်ဆံ ၃၅၀၀
ကို ဘာလုပ်ဖို့လဲ သားရဲ့..”
“ကျနော့် အမေ အတွက် ယောဂီ ထည်
ဝယ်ပေးချင်လို့ပါ…၃၅၀၀ ကုန်မှာ မို့လို ပါ…”
ကျနော် ပြောတာကို ပညာရေးမှုး က အဓိပါယ်
ပေါင်းများစွာ ပါသော မျက်လုံးဖြင့် ကြည့်နေပါတယ်…ကျနော်တော့ အဓိပါယ် မဖော်တတ် ပါ…
ညကျမှ အမေ့ကို အဲ့ဒီ အဖြစ်ပျက်လေးကို ပြောပြဆွေးနွေးရပါမယ်…။
……………………………………………………………………………………………………
“ အဒေါ် ကြီး.. ကျနော်ယောဂီထည်ဝယ် မလို့…”
“ အန် လူက ဘယ်မှာလဲ လူခေါ်လာမှ တိုင်းလို့ ရမှာပေါ့
ကောင်လေးရဲ့…”
“ ပုံစံက ဟိုအဒေါ် ကြီးလောက်ပဲ..ချုပ်ပေးထားပါ
ပိုက်ဆံ ပေးထားခဲ့မယ်…” ဘေးနားမှာ စက်ချုပ်နေသော အမေ့အရွယ် ကိုယ်လုံးကိုပေါက်နဲ့
အဒေါ်ကြီး တယောက်ကို လက်ညှိုးထိုးပြရင် ပြောလိုက်ပါတယ်… အဲ့လို မလုပ်ရွေ့ မဖြစ် …အမေ့
ကိုအသိပေးပါက အမေက လက်ခံမည်မဟုတ်.ကျနော့် ကျောင်းစရိတ် ထဲ ပါသွားလိမ့် မယ်..။
အမေ့ကို လုပ်ပေးချင်တာ လုပ်ပေးခွင့် ရခဲ့ လို့ ကျနော်ပျော်နေ ပါ သည်…။
“ ဟင်…” ကျနော့် အိမ်ရှေ့ မှာ လူတွေ
များလှချီလား…ဘာ ဖြစ်လို့ပါလိမ့်…ကျနော် ဇဝေ ဇ၀ါ ဖြင့် ခြံထဲ သို့ ၀င်လိုက်ပါသည်…
ဟင် ကျော့ကေသွယ်တို့ သားအမိပါလား..ဘာလာလုပ်တာပါလိမ့်…ကျနော်သူတို့ သားအမိကို
နှုတ်ဆက် လိုက်ပါတယ်.. “ အဒေါ် နေကောင်းတယ်နော်.. ကျနော်တို့ အိမ် ကို ဘာ
အကြောင်းရှိလို့ လာတာလဲ မသိဘူး…” ကျနော် မေးနေတာကို သူ မဖြေပါ..အဲ့ဒီအချိန်မှာ ပဲ
ဘေးနားသို့ ကျနော့်ကို အမြဲ စာပြပေး တဲ့ အမကြီးရောက်လာပါတယ်..ကျနော့် ပုခုံးကို
ကိုင်ပြီးတော့ လေသံတိုးတိုးလေးဖြင့် ပြောပြပါတယ်..
“ မောင်လေး မမ ပြောပြမယ်နားထောင်နော်..စိတ် အေးအေး
ထား..ဒီနေ့ မောင်လေး အမေ က ဈေးရောင်းသွားတယ် အဲ့တာ ကားလမ်းဖြတ်ကူးတော့ ဒီက
အဒေါ်ကြီး မောင်းလားတဲ့ကားနဲ့ တိုက်မိတာ ကားကလဲ ဘရိတ်ပေါက်နေတော့
အရှိန်မထိန်း…”
ကျနော် ထို အမကြီး ပြောနေတဲ့ အသံကို
မကြားနိုင်တော့ ပါ သူ့ကိုတွန်းဖယ်လျှက် အိမ်ပေါ်ကို အတတ်နိုင်ဆုံး စိတ်ကိုထိမ်း ရွေ့
တက်လိုက်ပါတယ်… ကျနော့် နဲ့ အမေ ညဖက်တိုင်း လဲလျောင်းပြီး စကား ပြောနေကျ..
ကျနော့်ကို အမေ ဘ၀ အကြောင်းတွေ သင်ပေးနေကြ နေရာမှာ အမေ တယောက်တည်း မလှုပ်မလျက်
လဲလျောင်းနေပါတယ်…
“ အမေ…”
ကျနော် ခေါ်နေကြ ပုံစံ အတိုင်းပဲ ရိုးရိုးလေး
ခေါ်လိုက်ပါတယ်..အမေ ပြန်မထူး ပါ အမေ့ မျက်နှာ ကိုသာ ကျနော် တွေတွေ လေး
ငေးနေမိပါတယ်… အမေ ရယ်…. သား ကို အမှန်တရား တွေ့ဖို့ အတွက် ကူညီမယ်ဆို… အမေ ရယ်….
သား ကို ရင်ခွင်ထဲ မှာ မှေးသိပ်ပြီးတော့ လူလောက ရဲ့ သဘောတရား အသစ်တွေ ကို
သင်ပေးပါဦး အမေရယ်.. သား တွေ့ကြုံ နေရတဲ့ ဘ၀ အခက်ခဲတွေ နဲ့ သားနားမလည်တဲ့ လူ့လောက
ပုစ္ဆာတွေ ကို ကူညီ ဖြေရှင်းပေးပါဦး အမေ ရယ်… ကျနော် ၀ယ်ပေးတဲ့ ယောဂီ လေး ၀တ်ပြီး
ဝတ်ပြုသွားတာ ကို သား မြင်ချင် သေးတယ် အမေရဲ့..
(((((အမေ့…)))))
ကျနော် စိတ်တွင်းမှ ချုံး ပွဲချ ငိုလိုက်မိပါတယ်
မျက်ရည်တော့ ကျမလာပါ..တမလွန် ဘ၀ကနေ အမေ တွေ့ရင် စိတ်မကောင်း ဖြစ်ပြီး ကျနော့်ကို
စိတ်မချ ဖြစ်နေမှာ စိုးလို့ပါ.. “ကိုဇင် သားအမေက ဆုံးသွားခဲ့ပြီ…” ဘေးနား ကရက်ကွပ်
၁၀ အိမ်မှုး က ကျနော့်ကို သတိပေးသလို ပြောပါတယ်.. ကျနော့် အမေ မဆုံးပါ ကျနော့်
ရင်ထဲမှာ ကျနော့် အမေက အသင်ရှင်မှာပါ ကျနော် အသက်ဆုံး သွားတဲ့အချိန်ကျမှ အမေက
တကယ်ဆုံးပါးသွားမှာပါ.. ကျနော် အမေ့ မျက် နှာ ကို သေချာ စိုက်ကြည့်နေရင်းနဲ့
ထိန်းထားတဲ့ ကြားမှ မျက်ရည်တစ်စက် ကျလာပါတယ်…မျက်စိထဲ မှာလဲ မိခင်ကြီး မရှိတော့
လို့ ဦးတည်ရာ မဲ့ ကူးခတ်သွားလာနေသော မိဘမဲ့ ငါးခူ အကောင် ပေါက်လေးများ ကို ပြန်လည်
မြင်ယောင် လာမိပါတော့တယ်……………
(စာကြွင်း) အမေနဲ့  အဝေးဆုံးတနေရာမှာရောက်နေပြီး
ဘယ်တော့များမှ ပြန်ဆုံနိုင်မယ်မှန်း မသိရတဲ့ဘဝကနေ..အမေ့ပုံ.. အမေ့ဟန်.. အမေ့အသံ
..အမေ့ရဲ့ နွေးထွေးတဲ့ အကြင်နာမေတ္တာတွေကို မှန်းဆတမ်းတပြီး ဒီဝတ္တုတိုလေးနဲ
့အမေ့ကို ကန်တော့လိုက်ပါတယ်...အမေ...
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။