သမ္မတ အိုဘားမားအတွက် ဆုမွန်ကောင်းတောင်းပါတယ်
ကျွန်တော် ခုနလေးတင်ပဲ သမ္မတ အိုဘားမားကို ဂုဏ်ယူပါကြောင်း ဖုန်းနဲ့ဆက် ပြောလိုက်ပါတယ်။ သူ့ကို ထောက်ခံသူတွေရော၊ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်ပေးတဲ့ အဖွဲ့ကိုရော ဂုဏ်ပြုခံဖို့ ထိုက်တန်သူတွေပါ။ ကျွန်တော်ကတော့ သူတို့အားလုံး အထူးသဖြင့် သမ္မတအိုဘားမားရော၊ သမ္မတကတော်ရော၊ သမ္မတရဲ့သမီးနှစ်ယောက်အတွက်ပါ ဆုမွန် ကောင်း တောင်းလိုက်ပါတယ်။ အခုချိန်ဟာ အမေရိကန်ပြည်ထောင်စု အတွက် တကယ့် စိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်နေရတဲ့ ကာလကြီးပါ။ သမ္မတ အိုဘားမား အနေနဲ့ ကျွန်တော်တို့ နိုင်ငံကို လမ်းညွှန်မှုပေးရာ အောင်မြင်ပါစေလို့ ကျွန်တော်ဆုမွန် ကောင်း တောင်းအပ်ပါတယ်။
နိုင်ငံရေးထက် ပြည်သူကို ဦးစားပေးဖို့ မျှော်လင့်
အားလုံး သိကြတဲ့ အတိုင်းပဲ ကျွန်တော်တို့နိုင်ငံဟာ တကယ့်အရေးကြီးတဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒီလိုကာလမျိုးမှာ အရေးမပါတဲ့ ပါတီချင်း ရန်ဖြစ်နေတာတွေ၊ နိုင်ငံရေး ဟန်ပြနေတာမျိုးတွေနဲ့ စွန့်စားရမယ့်အချိန် မဟုတ်ပါဘူး။ ကျွန်တော်တို့ ခေါင်းဆောင်တွေ အနေနဲ့က အမေရိကန် ပြည်သူတွေ အကျိုးရှိအောင် အချင်းချင်းကြားမှာ ရှိတဲ့ စည်းခြား ထားမှုတွေကို ကျော်လွှားရမှာ ဖြစ်သလို အမေရိကန် ပြည်သူတွေ အနေနဲ့လည်း အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်လွှားသွားရမှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ဆရာတွေ၊ ပါမောက္ခတွေကို အားထား မျှော်လင့် ပါတယ်။ သူတို့ကို အားထား မျှော်လင့်တယ်ဆိုတာက သူတို့ဆီက စာသင်ကြားဖို့ အတွက်သာ မဟုတ်ပါဘူး။ သူတို့ရဲ့ လေ့လာ ဆည်းပူးမှု အပေါ်မှာ၊ စူးစမ်းရှာဖွေ အားထုတ်မှုတွေ အပေါ်မှာ ကျွန်တော်တို့ရဲ့သားသမီးတွေ အားကျ အတုယူ တတ်ဖို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ခရစ်ယာန် ဘာသာဆိုင်ရာ ဘုန်းတော်ကြီးတွေ၊ အခြားအခြားသော ဘာသာရေး ဆိုင်ရာ ခေါင်းဆောင်တွေလည်း အားထား မျှော်လင့်ပါတယ်။ အမေရိကန် လူ့အဖွဲ့အစည်းကို တည်ဆောက် ပေးထားတဲ့ ကာလရှည်ကြာစွာ တည်ရှိနေတဲ့ မူဘောင်တွေကို သူတို့က ထောက်ခံပေးဖို့ အားထား မျှော်လင့်ပါတယ်။ အဲဒီမူတွေ ကတော့ ရိုးသားမှုတို့၊ လှူဒါန်း ပေးကမ်းမှုတို့၊ သိက္ခာ သမာဓိ ရှိမှုတို့၊ မိသားစု စိတ်ဓာတ်စတဲ့ မူတွေပါပဲ။
နောက်ဆုံး လေ့လာ သုံးသပ်ရမယ် ဆိုရင်တော့ အရာ အားလုံးဟာ မိသားစုတိုင်း၊ အိမ်တိုင်းရဲ့ အောင်မြင်မှု အပေါ်မှာ တည်မှီနေပါတယ်။ နောက်ပြီး နယ်ပယ် ပေါင်းစုံက အလုပ်အကိုင် ဖန်တီး သူတွေကိုလည်း အားထား မျှော်လင့်ပါတယ်။ သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ၊ အလုပ်အကိုင် ခန့်ထားမှုတွေ၊ ရှေ့ဆက် တိုးတက်အောင် ဆောင်ရွက်မှုတွေကို အားထား မျှော်လင့်ပါတယ်။ နောက်ပြီး နေရာအဆင့် အသီးသီးမှာ ရှိကြတဲ့ ဒီမိုကရက်တစ် ပါတီ ကရော၊ ရီပတ်ဘလီကန်က လူတွေ အနေနဲ့ပါ နိုင်ငံရေးထက် ပြည်သူတွေကို ဦးစားပေးဖို့ အားထား မျှော်လင့်ပါတယ်။
နိုင်ငံကိုတည်ဆောက် ပေးထားတဲ့နှုန်းစံဆက်လက်တည်တံ့နေမှာပါ
ကျွန်တော် အမေရိကန် ပြည်ထောင်စုကို ယုံကြည်ပါတယ်။ အမေရိကန် ပြည်သူတွေကို ယုံကြည်ပါတယ်။ ကျွန်တော် သမ္မတပြိုင်ပွဲ ဝင်ခဲ့ရတာက အမေရိကန် ပြည်ထောင်စုကို စိုးရိမ် ပူပန်တဲ့ အတွက်ပါ။ အခု ရွေးကောက်ပွဲတော့ ပြီးသွားပြီ ဆိုပေမယ့် ကျွန်တော်တို့ရဲ့ နှုန်းစံ မူဘောင်တွေကတော့ ဆက်လက် တည်တံ့နေပါတယ်။ ကျွန်တော်တို့ နိုင်ငံကို အခြေခံ တည်ဆောက်ပေးထားတဲ့ အဲဒီနှုန်းစံ မူဘောင်တွေဟာ ကျွန်တော်တို့ စီးပွားရေး ပြန်လည် ခိုင်မာတောင့်တင်း လာစေဖို့၊ ကြီးကျယ် မြင့်မြတ်မှုတွေ ပြန်လည် အသစ်ဖြစ်ထွန်း လာဖို့ ခိုင်မာ သေချာတဲ့ လမ်းညွှန်မှုတွေ ဆိုတာကို ကျွန်တော် ယုံကြည် ပါတယ်။ ကျွန်တော့် အနေနဲ့ အမေရိကန် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝစေဖို့ နိုင်ငံကို မတူညီ ခြားနားတဲ့ ဦးတည်ချက်နဲ့ သွားချင်ခဲ့တာပါ။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုက တခြားတစ်ယောက်ကိုပဲ သမ္မတအဖြစ် ရွေးချယ်ပေး လိုက်ပါတယ်။ ဒီတော့ ကျွန်တော်နဲ့ကျွန်တော့်ဇနီး အန်းတို့က ခင်ဗျားတို့နဲ့ အတူ သမ္မတအိုဘားမားကိုရော၊ ဒီကြီးမြတ်တဲ့ နိုင်ငံကြီးကိုရော ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အမေရိကကို ဘုရားသခင် ကောင်းချီးပေးပါစေ။


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။