အေးသူစံ
စတီရီယိုခေတ်ဦးကာလ အဆိုတော်ကြီးများအနက် တစ်ဦးအပါအ၀င်ဖြစ်သော အဆိုတော်ခင်မောင်တိုးသည် နိုဝင်ဘာ ၁၅ ရက်က စင်ကာပူစံတော်ချိန် နံနက် ၈ နာရီဝန်းကျင်ခန့်တွင် အသည်းကင်ဆာရောဂါဖြင့် စင်ကာပူ General Hospital တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
အဆိုတော်ခင်မောင်တိုးမှာ လွန်ခဲ့သည့်ရက်ပိုင်းက ကွယ်လွန်သွားပြီဟု သတင်းများပေါ်ထွက်ခဲ့သော်လည်း အသည်းရောဂါဝေဒနာကို ရက်အတန်ကြာ ခံစားခဲ့ရပြီးမှ ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း စင်ကာပူတွင်ရောက်ရှိနေသည့် အဆိုတော်ဂျေမောင်မောင်က ရန်ကုန်ရှိ ဂီတမိတ်ဆွေများထံ အကြောင်းကြားချက်အရ သိရသည်။
“လွန်ခဲ့တဲ့နှစ်ရက်က အဖေဖုန်းဆက်တော့ ဦးတိုးကို ဒီကိုပြန်သယ်ဖို့ လုံးဝမလွယ်ဘူး။ ဦးတိုးက လေယာဉ်စီးဖို့ကိုတောင် ရောဂါအခြေအနေအရ လုံးဝအဆင်မပြေတော့ဘူးလို့ ပြောတယ်”ဟု အဆိုတော်ဂျေမောင်မောင်၏ သမီးဖြစ်သူ အဆိုတော် သီရိဂျေမောင်မောင်ကပြောသည်။
ခင်မောင်တိုးသည် ကွယ်လွန်ချိန်တွင် အသက် ၆၂ နှစ်အရွယ် ရှိပြီဖြစ်ပြီး ကိုယ်ပိုင်သံစဉ်တေးသီချင်း ငြိမ့်ငြိမ့်အေးအေးလေး များစွာဖြင့် ပြည်တွင်းပြည်ပ ပရိသတ်များစွာ ရရှိထားသော အဆိုတော်ကြီးတစ်ဦးဖြစ်သည်။ မကွယ်လွန်မီ နောက်ဆုံးထွက်ရှိခဲ့သော တေးစီးရီးမှာ “ခွန်အားဖြည့်မိငယ်” တေးစီးရီးဖြစ်ကြောင်း သိရသည်။
အဆိုတော်ခင်မောင်တိုး ကွယ်လွန်သွားခြင်းနှင့် ပတ်သက်၍ ၎င်း၏လုပ်ဖော်ကိုင်ဖက် အနုပညာရှင်အဆိုတော်များ၊ ၎င်း၏ပရိသတ်များထံမှ ၀မ်းနည်းကြောင်း အမှတ်တရစာများကို ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ်တွင် ရေးသားခြင်း၊ အဆိုတော်ခင်မောင်တိုး တေးသီချင်းများကို မျှဝေတင်ဆက်ခြင်းနှင့် ၎င်း၏ဓာတ်ပုံနှင့် ကိုယ်ရေးရာဇ၀င်များကို မျှဝေရေးသားခြင်းတို့ဖြင့် အဆိုတော်ခင်မောင်တိုးအပေါ် ၎င်းတို့ချစ်ခင်နှစ်သက်လေးစားမှု၊ ၀မ်းနည်းနှမြောမှုတို့ကို ဖော်ပြခဲ့သည်။
အဆိုတော်ခင်မောင်တိုး၏ တေးသီချင်းများကို “ရင်ထဲကပန်းခရမ်းပြာ” အမည်ဖြင့် ပြန်လည်သီဆိုဖူးပြီး ယခုအချိန်တွင် အမေရိကန်နိုင်ငံ၌ ရောက်ရှိနေထိုင်နေသည့် အဆိုတော်မေဆွိက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် “ကျွန်မရဲ့ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက် ကိုတိုးကြီး ကွယ်လွန်သွားတဲ့သတင်းကို ကြားရတဲ့အတွက် အရမ်းဝမ်းနည်းပါတယ်။ သူကွယ်လွန်သွားတာဟာ ကျွန်မတို့ဂီတလောကနဲ့ ကိုတိုးကြီး ပရိသတ်တွေအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ ကိုတိုးကြီးကို အမြဲတမ်းသတိရနေမှာပါ”ဟု ရေးသားထားသည်။
အဆိုတော်ခင်မောင်တိုးအား နိုဝင်ဘာ ၁၅ ရက် စင်ကာပူစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၄၀ တွင် မွန်ဒိုင်းသုသာန်၌ သဂြိုဟ်ခဲ့ကြောင်း စင်ကာပူရောက် မြန်မာအချို့၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အကောင့်များတွင် ဖော်ပြထားသည်။


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။