By Nyein Chan Aye on Friday, November 16, 2012 at 5:56am
“ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၁)” တေးစု က စပြီး
သူနေထိုင်အသက်ရှင်ခဲ့တဲ့ ကမ္ဘာမြေကြီး အတွက် ငြိမ်းချမ်းတဲ့ သီချင်းသံစဉ်တွေနဲ့
ဆယ်စုနှစ် လေးစု တိုင် သီချင်းတေးစုပေါင်းများစွာဖြင့် ပြန်လည်ကျေးဇူးဆပ်ခဲ့တဲ့
ဂီတပညာရှင် ခင်မောင်တိုး တယောက် ခု သူချစ်တဲ့ ကမ္ဘာမြေကြီး၊ မိသားစု၊ လူသားတွေနဲ့
ဂီတသံစဉ်သီချင်းတွေ ကို ကျောခိုင်းနှုတ်ဆက် ထွက်သွားခဲ့ပါပြီ…။
ကျနော်တို့ နေထိုင်ကြီးပြင်းခဲ့ရတဲ့ ကမ္ဘာဟာ မပြည့်စုံမှုတွေ၊
အလိုမကျမှုတွေ၊ တုန့်နှောင်မှုတွေ၊ လွတ်လပ်မှု ကို ချင်ခြင်းတပ်မက်မှုတွေနဲ့
ပြည့်နေပေမယ့် ခင်မောင်တိုး နဲ့ မဇ္စျိမလှိုင်းအုပ်စု ရဲ့ လေးနက်တဲ့
ဒဿနအတွေးအခေါ်တွေပါတဲ့ သီချင်းစာသားတွေ နဲ့ တည်ငြိမ်အေးဆေးတဲ့ သံစဉ်တွေက
ကျနော်တို့ရဲ့ ဒီ အကျည်းတန် ကမ္ဘာလေးကို ပိုမိုလှပ အဓိပ္ပာယ်ရှိစေခဲ့ခဲ့ရုံသာမက
ဘဝအမော တိုက်ပွဲတွေကို ရင်ဆိုင်နိုင်ဖို့ ရုပ်ဝထ္တုအားဆေးတွေထက်ပိုတဲ့ စိတ္တ၊
ဝိညာဉ်အာဟာရဖြည့်အားဆေးတွေ ဖြစ်စေခဲ့ပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိစေခဲ့ပါတယ်။
သူလိုလူတယောက် ဆုံးတာဟာ ကျနော်တို့ရဲ့ ရှေ့ဆောင်လမ်းပြ မျိုးဆက်တဆက်
ဆုံးတာဖြစ်ပါတယ်။ ကျနော်တို့ ရင်ဘတ်နှလုံးသားကို ရှေ့ကမားမားမတ်မတ်
ရပ်တည်ကာကွယ်ပေးခဲ့တဲ့ ကျောက်ဆောင်တံတိုင်းခံတပ်ကြီး ပြိုလဲတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် သူ့သီချင်းသံစဉ်တွေကတဆင့် ပေးခဲ့တဲ့ စိတ္တသတ္တိ၊ အတွေးအခေါ်၊ လွတ်လပ်ခြင်း၊
ချစ်ခြင်းမေတ္တာ နဲ့ ငြိမ်းချမ်းရေး သဘောထားတွေကတော့ ကျနော်တို့နဲ့အတူ အမြဲ
ရှင်သန်ထင်ကျန်နေဦးမှာ ဖြစ်ပါတယ်။
သူ မကျန်းမမာ ဖြစ်ပြီး
နောက်ဆုံးအချိန်ရောက်နေပြီဆိုတဲ့ သတင်းကို ထုံးစံအတိုင်း သတင်းဆိုးအများစု ကို
သယ်ဆောင်လာလေ့ရှိတဲ့ “မုခစာအုပ်” ဆိုတဲ့ အရပ်ဒေသကနေ စကြားခဲ့ရတယ်။ အဲ့အရပ်ဒေသက
မိတ်ဆွေ၊ သူငယ်ချင်းဟောင်းတွေ နဲ့ ပြန်လည်တွေ့ဆုံခွင့် နဲ့ စိတ်တူ၊ ကိုယ်တူ
မိတ်ဆွေအသစ်တချို့ နဲ့ ဆုံဆည်းခွင့်၊ ခံစားချက်၊ ခံယူချက်၊ သဘောထားတွေ ဝေမျှခွင့်၊
စားသုံးခွင့် ရလို့ ကျေနပ်စရာ ကမ္ဘာငယ်လေးတခု ဖြစ်ပေမယ့် အမြဲလိုလိုကတော့ နေ့စဉ်
တက်လာတဲ့ တိုင်းပြည်ရဲ့ သတင်းဆိုးတွေ၊ အနိဋ္ဌာရုံတွေ၊ အလိုမကျစရာ အသိမိုက်မဲမှုတွေ
နဲ့ ဝေဆာပြည့်နှက်နေတတ်တဲ့အပြင် တခါတရံ အခုလို ကိုယ်ချစ်ခင်မြတ်နိုး၊ လေးစားအားကျ
ရတဲ့..၊ ကိုယ့်ရဲ့ နှလုံးသားအာဟာရ ချင်ခြင်းတွေကို တသက်လုံးလိုလို
ဖြည့်ဆွက်ပေးခဲ့တဲ့ ခင်မောင်တိုးလို အနုပညာရှင်တွေနဲ့ ဆက်စပ်တဲ့
မကောင်းသတင်းတွေကြောင့် စိတ်နှလုံး တုန်လှုပ်ခြောက်ခြားဖွယ် အရပ်လေးလည်း တပြိုင်တည်း
ဖြစ်နေပြန်ပါတယ်။ သိပ်မကြာသေးခင်ကတင် တနိုင်ငံထဲ နေပေမယ့် တွေ့ဆုံရင်းနှီးခွင့်
မရခဲ့ဘဲ အဝေးက လေးစားခဲ့ရဖူးတဲ့ ဂီတပညာရှင် ကိုဂျယ်ရီ (မန္တလေး “Excitement”၊ “The
Shells” ရဲ့ လိဒ် ဂစ်တာသမား၊ ဗမာ့ကိုယ်ပိုင်သံစဉ် နာမည်ကြီး
ခေတ်ပေါ်တေးသီချင်းပေါင်းများစွာကို သံစဉ်ရှာဖွေအသက်သွင်းပေးခဲ့သူ) နာရေး သတင်းကို
အဲ့ဒေသလေးကနေတဆင့် သိခွင့်ရခဲ့လို့ စိတ်ထိခိုက်ကြေကွဲခဲ့ရပါသေးတယ်။ ခုတခါ
ဗမာပြည်ရဲ့၊ ကိုယ့်ဘဝရဲ့ အလင်းလက်ဆုံး ဂီတ ကြယ်ပွင့်ကြီး တပွင့် ကြွေလွင့်တဲ့
သတင်းဆိုး ထပ်ကြားလိုက်ရပါတယ်။
ခင်မောင်တိုး ရဲ့ နောက်ဆုံးအချိန်မှာ
မိသားစုအတွက်၊ ချစ်ခင်သူတွေ အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်ရတာက
မျက်မှေက်ခေတ် ဗမာ့လူ့အဖွဲ့အစည်း (အထူးသဖြင့် ဗမာအွန်လိုင်းသုံးစွဲသူများအကြား) မှာ
ကူးစက်မြန်ရောဂါ သဖွယ် ပျံ့နှံ့နေတဲ့ ရောဂါဆိုးတမျိုးဖြစ်တဲ့ မမှန်သတင်းတွေကို
သေချာမစီစစ်၊ ကျင့်ဝတ် စည်းကမ်းတွေကို မစဉ်းစားမလိုက်နာဘဲ၊ ပုဂ္ဂလိက
လွတ်လပ်မှုနဲ့အခွင့်အရေး ကို စာနာမထောက်ထား မငဲ့ညှာဘဲ “ခင်မောင်တိုးဆုံးပြီ”ဆိုတဲ့
သတင်းတွေကို နာမည်ကြီး (Celebrity) ဆိုသူများကအစ ဖြန့်ကြတာပါပဲ။ နောက်ဆုံး
မိသားစုဝင်နဲ့ ဂီတရောင်းရင်းတွေက ခံစားချက်ပေါက်ကွဲပြီး ဒီလို မလုပ်ဖို့
တောင်းပန်ယူရတဲ့အထိ ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရပါတယ်။ “ဖောင်ပိတ်ချိန်အမှီ သတင်းထည့်ရမှာ
ဆုံးမဆုံးနိုင်သေးဘူး” ဆိုပြီး လူတွေရဲ့ စရိုက်ကို နာနာကြည်းကြဉ်းနဲ့
သရော်လှောင်လိုက်တဲ့ ကာတွန်းတကွက်တောင် ထွက်လာခဲ့ပါသေးတယ်။ ကျနော်တို့
လူ့အဖွဲ့အစည်းမှာ လေ့လာသင်ယူ ကျင့်ကြံစရာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ
အလေ့အကျင့်ကောင်းတွေ အများကြီး လိုနေသေးတယ်ဆိုတာ ခင်မောင်တိုးရဲ့ နောက်ဆုံးအချိန်က
သက်သေထပ်ပြုလိုက်ပြန်ပါတယ်။
စိတ်ချရတဲ့ မိတ်ဆွေတယောက်က “တကယ်ဆုံးပြီ” ဆိုတဲ့
သတင်းကို မနေ့က အွန်လိုင်းနဲ့ပဲ လှမ်းအတည်ပြုတဲ့အချိန်မှာ လွန်ခဲ့တဲ့ ရက်တွေကတည်းက
ရောဂါ အခြေအနေမှန်ကို သိထားခဲ့တော့ အံ့သြမှု မဖြစ်ခဲ့ရပါ။ ဒါပေမယ့် စိတ်ထိခိုက်
ကြေကွယ်မှုကတော့ တားမရနိုင်ခဲ့ပါ။ ဒီသတင်းနဲ့အတူ နောက်ဆက်တွဲ ဆက်တိုက် တက်လာတော့မယ်
ကိုယ်နဲ့ ရင်ဘတ်ချင်းတူ မိတ်ဆွေတချို့ရဲ့ ကြေကွဲမှုဝမ်းနည်းစကားတွေ၊ ဓာတ်ပုံ တွေကို
ရင်မဆိုင်ချင်တာရယ်၊ ခင်မောင်တိုးအတွက် ဝမ်းနည်ခြင်း အထိမ်းအမှတ် ပြုလုပ်ချင်တာရယ်
ကြောင့် မနေ့က တနေ့လုံး အွန်လိုင်းလောက နဲ့ အဆက်အသွယ်ဖြတ်၊
အင်္ဂလိပ်ဘန်းစကားနဲ့ဆိုရရင်တော့ ခေတ်ဆက်သွယ်ရေးနည်းပညာအားလုံးနဲ့ အဆက်အသွယ်ဖြတ်
“Airplane Mode” လုပ်နေလိုက်ရပါတယ်။
ဒီလို ရုပ်ကိုတားဆီးလို့ ရနိုင်ပေမယ့်
စိတ်ဆိုတာကို ဖြတ်နိုင်အောင် ပါရမီ မရင့်သန်တော့ ခင်မောင်တိုး နဲ့ ဆက်စပ်တဲ့
အကြောင်းအရာတွေ ခေါင်းထဲမှာ ပြည့်နှက်လာပါတယ်။ ရင်ဘက်ထဲမှာ ဖိတ်လျှံလာပါတယ်။
သူ့အကြောင်းတွေလို့ ဆိုရလောက်အောင်က တကယ်တော့
သူနဲ့ ကိုယ်နဲ့ ကြား ပုဂ္ဂိုလ်ရေးး ခင်မင်မှု ရှိခဲ့ဖူးတာမဟုတ်ဘူး။ သူ့ကို
ချစ်ခင်အားပေးတဲ့ အများ ပရိတ်သတ် လိုပဲ သူ့ကို သူ့ရဲ့ စင်တင်တေးဂီတပွဲတွေမှာ
တွေ့ဖူး၊ ဆုံဖူး၊ စကားအနည်းငယ်ပြောဖူး၊ အော်တိုလက်မှတ်တောင်းဖူး၊ ဓာတ်ပုံတွဲ
ရိုက်ဖူး စတဲ့ မပြောပလောက်တဲ့ အဖြစ်အပျက် တွေပဲ ရှိခဲ့တယ်။ ဒါပေမယ့်
သူ့သီချင်းတွေကတော့ ကျနော့်အတွက် ဘဝတခု ဖြစ်ခဲ့ပါတယ်။ သူရဲ့ တေးသီချင်းစာအုပ်တွေဟာ
ငယ်စဉ်ဘဝ သွားလေရာမှာ ပါတဲ့ ခရီးဆောင် အဖော်ဖြစ်ခဲ့ပါတယ်။ ဆိုနီဝေါ့လ်မင် ကက်ဆက်
ကလေး (Sony Walkman Cassette) ပိုင်ဆိုင်လာရတော့လည်း သူ့ရဲ့ တေးစီးရီး ကက်ဆက်ခွေ
တချို့ဟာ အမြဲတမ်း ကိုယ်နဲ့ မကွာ ရှိနေတဲ့ တကိုယ်ရည် အသုံးအဆာင်ပစ္စည်းလေးတွေ
ဖြစ်ခဲ့ပါတယ်။ သူ့တေးသီချင်းတွေက ပေးတဲ့ အမြင်၊ ခံယူချက် နဲ့ သဘော တွေဟာ ဘဝတခုလုံး
ကျင့်ကြံအားထုတ်စရာ တရားတွေ ဖြစ်ခဲ့ပါတယ်။ သူ့တေးသီချင်းတွေက ပေးတဲ့ အားမာန်တွေဟာ
ဘဝကို ရင်ဆိုင်နိုင်ဖို့အတွက် သတ္တိတွေ ဖြစ်ခဲ့ရပါတယ်။
ဒီလို သူ့ကို ဘဝတခုလုံးစာ ရင်းနှီးခဲ့ရတဲ့အတွက်
သူ့အကြောင်း၊ အထူးသဖြင့် သူဖန်တီး အသက်သွင်းခဲ့တဲ့ သီချင်းတွေ အကြောင်းကို
စဉ်းစာမိလာပါတယ်။
သူ့သီချင်းတွေ၊ သူရဲ့
သီချင်းတေးစုတွေအကြောင်းပြောရင် သူကိုယ်တိုင်လည်း သူ့ဂီတ သမိုင်းမှတ်တိုင်အဖြစ်
စိုက်ထူချင်တဲ့ ကိုယ်ပိုင်သံစဉ် စစ်စစ် သီချင်းများနဲ့ စုစည်းထားတဲ့ “အဉ္ဇလီအတွက်
ဂီတအဉ္ဇလီ (၁၉၇၉)” ကို စပြောရပါ့မယ်။ ဒီအခွေကို ဆယ်နှစ်လောက် နောက်ကျပြီးမှ
ခင်မောင်တိုးရဲ့ အခွေဟောင်း အနေနဲ့ ရှာဖွေ ဝယ်ယူနားထောင်ခဲ့ရပါတယ်။
စတင်နားထောင်ဖူးတဲ့ အချိန်မှာ ခိုင်ထူး ရဲ့ “အဉ္ဇလီ” ကို ရင်ထဲစွဲနေပြီး ဖြစ်ပေမယ့်
ခင်မောင်တိုးရဲ့ “အဉ္ဇလီအတွက် ဂီတအဉ္ဇလီ” ဟာ ရင်ထဲကို ပိုလို့ စူးဝင်
စွဲငြိစေခဲ့ပါတယ်။ အဲ့တေးစုထဲကပဲ “စိမ်းရက်လေခြင်း” ကို နောက်ပိုင်း လေးဖြူ
ပြန်လည်ခံစားသီဆိုခဲ့ဖူးပါတယ်။ လေးဖြူဗားရှင်းရဲ့ ကြိုစားမှု နဲ့ ဂီတ ဖန်တီမှုတွေကို
လေးစားအသိအမှတ်ပြုပေမယ့် ကျနော့်အတွက်တော့ ခင်မောင်တိုးရဲ့ “စိမ်းရက်လေခြင်း” သာ
ရင်ထဲ အစဉ်စွဲဖို့ ဖြစ်ခဲ့ရပါတယ်။
သူကိုယ်တိုင် ရေး/ဆို ခဲ့တဲ့ “ဝိုင်းရဲ့ဆည်းဆာ”
သီချင်းကို ခေါင်းစီးတေးအနေနဲ့ တင်ခဲ့တဲ့ “ဝိုင်းရဲ့ဆည်းဆာ (၁၉၈၀)” တေးစုဟာလည်း
သူ့ကို ဂီတဘဝအောင်မြင်မှု နဲ့ ခြေလှမ်းတွေကို စတင် ကျယ်ပြန့်စေခဲ့တဲ့ ထူးခြားတဲ့
တေးစုဖြစ်ခဲ့ပါတယ်။ “ဝိုင်းရဲ့ဆည်းဆာ” သီချင်း ကတော့ အလှဂုဏ်မောက်နေတဲ့ မိန်းကလေး
တယောက် အကြောင်းနဲ့ သင်္ခါရ သဘောကို ရေးဖွဲခဲ့တဲ့ သီချင်းကောင်းလေးပေါ့။
“ဝိုင်းရဲ့ဆည်းဆာ (၂)” ကိုတော့ ဂီတညီအကို ဖြစ်သူ ကိုမောင်မောင် နဲ့ တွဲဖက်
ရေးသားခဲ့ပါတယ်။ အဲ့တေးစုထဲကပဲ ခင်မောင်တိုးနဲ့ အမြဲမတွဲမခွဲ လက်တွဲညီခဲ့တဲ့
ကိုနေဝင်း ၊ ကိုမောင်မောင် တို့ နဲ့ တွဲ ရေးသားခဲ့တဲ့ “ခေါင်းညိတ်လျှာလွှဲ”
သီချင်းလေးဟာလည်း စာသား၊ သံစဉ် ထူးခြားလှတဲ့ သီချင်းကောင်းလေးပါပဲ။ သူနဲ့ ကိုနေဝင်း
တွဲရေးခဲ့တဲ့ “ပြင်ဆင်နိုင်ခွင့် မင်းအတွက် ဘယ်နေ့လဲ” နဲ့ “အသည်းမြေကို
အရင်းတည်သောအချစ်” သီချင်းနှစ်ပုဒ် ကလည်း ချစ်ခြင်းတရား နဲ့ စိတ်ဓာတ်အားမာန်
ပြည့်စေတဲ့ သီချင်းလေးတွေဖြစ်ခဲ့ပါတယ်။ ထူးထူးခြားခြား စိုင်းခမ်းလိတ်ရေးတဲ့
သီချင်းကို ဆိုခဲ့တဲ့ “ဒီရင်ခွင်ဟာမင်းအတွက် အလုံဆုံးပဲ ” သီချင်းလေးဟာလည်း
ခင်မောင်တိုး ချစ်သူတွေကြားမှာ အမြဲ အမှတ်ရနေမယ့် သီချင်းလေးပါပဲ။ သူငယ်ချင်းဖြစ်သူ
တင်မောင်လှိုင်ရေးတဲ့ “ရတနာသူ” ကတော့ ဘယ်ခေတ်မှာမဆို လူငယ်ကြားရေပန်းစားလောက်အောင်
စာသား၊ သံစဉ် နဲ့ ဆိုဟန်ကောင်းခဲ့ပါတယ်။ မိဘမေတ္တာဖွဲ့ ကိုမောင်မောင်ရေး
“ကြိုးမဲ့ချည်တိုင်” နဲ့ အဆောင်ညတွေသီချင်းဆိုရင် မပါမဖြစ် ပါရတဲ့ ကိုနေဝင်းရေး
“ချစ်သူတရေးနိုး” သီချင်းတွေဟာလည်း ခင်မောင်တိုးရဲ့ အသံဝါဝါကြီးနဲ့ လိုက်ဖက်လှပြီး
ကြေကွဲမှု ရသကို ပေးနိုင်ခဲ့ပါတယ်။ ကိုနေဝင်း၊ ကိုရဲလွင်တို့ရဲ့ နာမည်ကျော်
တေးစာသားတွေကို ခင်မောင်တိုးရဲ့ တည်ငြိမ်အေးဆေး အားမန်ပြည့်တဲ့ အသံ၊ ဆိုဟန် နဲ့
ပေါင်းစပ်ထားတဲ့ “ခွန်အားဖြည့် မိငယ်” နဲ့ “လင်းပါစေ ရှင်နေမင်း”
သီချင်းနှစ်ပုဒ်ကတော့ ခေတ်တိုင်းအတွက်၊ လူတိုင်းအတွက် ဘဝတိုက်ပွဲကို
ရင်ဆိုင်နိုင်ဖို့ရာ အားဆေးကောင်းတွေအဖြစ် ဆက်လက် ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။
ဒီသီချင်းနှစ်ပုဒ် ခေတ်မရွေးဖူးဆိုတာကို
ခုနောက်ဆုံး ထွက်ခဲ့တဲ့ သူ့ရဲ့ “ခွန်အားဖြည့် မိငယ်” တေးစုမှာ တခြား
သီချင်းကောင်းများစွာနဲ့အတူ အဲ့နှစ်ပုဒ်လည်း ပြန်လည်ပါဝင်ခဲ့ပြီး အောင်မြင်မှု
ရခဲ့တာက သက်သေပါပဲ။ အဲ့ “ခွန်အားဖြည့် မိငယ်(၂၀၁၂) ” အခွေဟာလည်း သူနဲ့ တသက်မခွဲ
လက်တွဲခဲ့တဲ့အထဲက ကျန်ရှိနေတဲ့ ကိုရဲလွင်၊ ဇော်မျိုးထွဋ်၊ တွတ်ကီ၊
ဂျေမောင်မောင်တို့ရဲ့ ဝိုင်းဝန်းပူးပေါင်းကြိုးစားမှုနဲ့အတူ အမြဲအမှတ်တရ
ဖြစ်ရတော့မယ် အခွေ ဖြစ်သွားပါတော့တယ်။
ခင်မောင်တိုး ရဲ့ ဂီတဘဝကို အထွတ်အထိပ်
ရောက်စေခဲ့တဲ့ “မဟာဆန်သူ (၁၉၈၄)” တေးစု ကတော့ အမြဲဂန္တဝင် ထင်ကျန်နေမယ့်
သီချင်းကောင်းမြောက်များစွာနဲ့ လှလှပပ ခန်းခန်းနားနား တကယ့် မဟာဆန်ဆန် စုဖွဲ့ထားတဲ့
တေးစုကောင်းတခု ဖြစ်ပါတယ်။ နှလုံးသွေးချင်းနီးလှတဲ့ ဂီတရဲဘော်ရဲဘက်များဖြစ်ကြတဲ့
ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင် သုံးယောက်ပေါင်း ဖန်တီးထားတဲ့ ခေါင်းစီးတေး
“မဟာဆန်သူ”ကို ခင်မောင်တိုးရဲ့ မဟာဆန်လှတဲ့ အသံနဲ့ ဆိုဟန် ပေါင်းစပ်လိုက်တော့
တပြည်လုံးမှာ လျှမ်းလျှမ်းတောက်တောက် အောင်မြင်မှု ရခဲ့ပါတယ်။ အဲ့တေးစုရဲ့ ဒုတိယ
တပုဒ်ဖြစ်တဲ့ သူကိုယ်တိုင်ရယ်၊ ကိုနေဝင်းရယ်၊ ကိုမောင်မောင်ရယ် ပေါင်းရေးခဲ့တဲ့
“ထားရစ်တော့အလွမ်း” သီချင်းလေးဟာလည်း ကျနော့် လူငယ်ဘဝညတွေမှာ စိုးမိုးခဲ့ဖူးပါတယ်။
သူနဲ့ ကိုနေဝင်း ပူးပေါင်းရေးသားခဲ့တဲ့ “မကူးနဲ့ငါး” သီချင်းဟာလည်း လောကသဘော၊
ဘဝအဘိဓမ္မာ အဖြစ်နဲ့ သင်ယူခဲ့ရပါတယ်။ တရားသဘော၊ ဒဿနတွေ ပြည့်နှက်နေတဲ့အပြင်
ဗမာဆန်လှတဲ့ ကိုမောင်မောင်ရဲ့ တေးစာသားဖန်တီးဟန် ၊ ခင်မောင်တိုးရဲ့ ဆိုဟန်
ပေါင်းစပ်ထားတဲ့ “ဆည်းလည်းလှိုက်သံ” နဲ့ “ပြန်မလှည့်တော့ဘူး” တေးနှစ်ပုဒ်ဟာလည်း
ဂန္တဝင် (Classic) ဆိုတာထက် ပို အဓိပ္ပာယ်ပြည့်ဝ ကမ္ဘာဆုံးအထိ
ထင်ကျန်နေဦးမှာဖြစ်ပါတယ်။ နောင် ရုပ်ရှင် နဲ့ အတူ နာမည်ပိုကြီးခဲ့ရတဲ့
ကိုမောင်မောင်ရေး “ဒဏ္ဍာရီ” နဲ့ ဂီတသံစဉ်၊ နောက်ခံတေးဂီတ၊ ဆိုဟန် တည်ထွင်ဆန်းသစ်လှတဲ့
ကိုရဲလွင် ရေး “ဒွိဟစိတ်နဲ့သုံညမှာ” သီချင်းတွေဟာလည်း “မဟာဆန်သူ (၁၉၈၄)” တေးစုမှာ
ထူးခြားမှုတွေအဖြစ် မှတ်တမ်းတင်ရပါမယ်။
ကျနော့်အတွက်၊ ကျနော်နဲ့ ခေတ်ပြိုင် လူငယ်တွေအတွက်
ဘဝတလျှောက်လုံးစာ ကျင့်ကြံအားထုတ်စရာ သင်ခန်းစာ နဲ့ ဘဝအမြင်၊ ခံယူချက်တွေကို
မွေးဖွားပေးခဲ့တဲ့ ခင်မောင်တိုးရဲ့ တေးစုကတော့ “ကြိုးကြာသံ (၁၉၈၅)” ဖြစ်ပါတယ်။
ဒီတေးစုဟာ “ခင်မောင်တိုး” နဲ့ “မဇ္ဇျိမလှိုင်း” အုပ်စုဝင်တွေ ကျနော့်ရဲ့ ဂီတဘုရား၊
ဘဝမှာ ကိုးကွယ်ဆည်းကပ်စရာ ဒုတိယဘုရားတွေ အဖြစ် ဖြစ်စေခဲ့တဲ့ တေးစုလည်း ဖြစ်ပါတယ်။
“ကြိုးကြာသံ” တေးစု ရဲ့ ပထမဦးဆုံး သီချင်းဖြစ်တဲ့ သူနဲ့ ကိုမောင်မောင်
ပူးပေါင်းရေးခဲ့တဲ့ “လေပြေညင်း” သီချင်းလေးဟာ တီးလုံး အင်ထရို အဝင်က စပြီး
ကျနော့်ရဲ့ ရင်နှလုံးကို ဆွဲကိုင်လှုပ်စေခဲ့ပါတယ်။ သီချင်းတပုဒ်လုံးမှာ စာသား၊
သံစဉ်၊ ဆိုဟန်နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ တီးခတ်ဟန်တွေဟာ ကြောက်ခမန်းလိလိ
ကောင်းလွန်းတော့ ဘဝမှာ အကြိမ်တထောင်ထက်မနည်း နားထောင်ဖူးတဲ့ လက်ချိုးရည်လို့ရတဲ့
ရှားပါးသီချင်း နဲ့ အခွေ ဖြစ်ခဲ့ရပါတယ်။ ဒုတိယ အပုဒ် ခေါင်းစီးတေး “ကြိုးကြာသံ”
ကတော့ “မောင်ငြိမ်းချမ်းရေ.. မင်းရဲ့ဘဝမှာ ဒီလို နေပြီး..၊ ဒီလို သေတော့ဟေ့” လို့
ကက်ဆက်တိတ်ခွေကြိုးထဲကနေ လှမ်း ဆိုလိုက်သလိုပါပဲ။ “ကြိုးကြာသံ”
သီချင်းနဲ့ပတ်သက်လို့ ကိုမောင်မောင် နဲ့ ခင်မောင်တိုး ရဲ့ ပရိသတ်တွေ၊ စာရေးဆရာတွေက
အမျိုးမျိုးချီးမွမ်းခန်း ဖွင့်ခဲ့ဖူးကြပါတယ်။ ကျနော်ကတော့ အထက်မှာ ရေးခဲ့တဲ့
စကားစုကလေးတခု နဲ့ပဲ သီချင်း၊ စာသား နဲ့ ဆိုဟန် ရဲ့ အဓိပ္ပာယ်ကို
ဖွင့်ဆိုချင်ပါတယ်။
၁၉၉၀ ခုနှစ်များရဲ့ အစောပိုင်းကာလ တခုမှာ ကျနော့်
ထက်လေးနှစ်ကြီးသူ အကိုဖြစ်သူက ဘီဘီစီ ဗမာပိုင်း သတင်းဌာန၊ လူငယ့်ရေးရာအစီအစဉ်
တခုရဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဗမာလူငယ်တွေရဲ့ ဘဝ နဲ့ အသိ ကို ပေးတဲ့၊
ကိုယ်စားပြုတဲ့ သီချင်းတွေအကြောင်းပြောတော့ ခင်မောင်တိုးရဲ့ “ကြိုးကြာသံ”
သီချင်းကို ထည့်သွင်းပြောဆို ရှင်းပြခဲ့ဖူးတာလည်း အမှတ်ရမိပါတယ်။ ဒီလောက်ဆိုရင်
“ကြိုးကြာသံ” ရဲ့ အား နဲ့ ထိရောက်မှု စက်ဝန်းအတိမ်အနက်အကြောင်း သီချင်းကို
မခံစားဖူးတဲ့ ဒီခေတ်လူငယ်များနဲ့ နောင်ခေတ်မှာ မွေးဖွားလာမယ့် လူငယ်များ
ခံစားနားလည်နိုင်မယ်လို့ ယူဆပါတယ်။
“ကြိုးကြာသံ” တေးစုထဲကပဲ ခင်မောင်တိုး နဲ့
ကိုမောင်မောင် ပူးတွဲရေးခဲ့တဲ့ “ညီစေမင်း” ၊ ခင်မောင်တိုး နဲ့ ကိုနေဝင်း
ပူးတွဲရေးခဲ့တဲ့ “အမုန်းမိတ်ဆွေ”၊ ကိုမောင်မောင် ရဲ့ “ခန္ဓာဝန်”၊
“ပန်းတို့ပွင့်တယ်လို့”၊ နိုင်မင်း ရဲ့ “အတွေးပန်းချီ၊ ကိုရဲလွင် (မောင်သစ်မင်း
ကဗျာ) ရဲ့ “အချစ်မဲ့ခရီးသည်” စတဲ့ သီချင်းတွေနဲ့ ခင်မောင်တိုးရဲ့ ပြောင်မြောက်လှတဲ့
ဆိုဟန်တွေကလည်း ဗမာဂီတကိုယ်ပိုင်သံစဉ် တေးဂီတ သမိုင်းမှာ အမြဲ မှတ်တမ်းဝင်ရမယ့်
သီချင်းကောင်းတွေ ဖြစ်ခဲ့ပါတယ်။
ငြိမ်းချမ်းအေး
(ဒုတိယပိုင်းသို့ ဆက်ရန်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။