အာရုံငါးပါးထဲက သောတသုခကို အပြည့်အဝ ပေးစွမ်းတဲ့ သံစဉ်လှိုင်းတွေထဲမှာ ကိုရီးယား ဂီတ သံဇဉ်တွေဟာ တဖြည်းဖြည်း မြူးမြူးကြွကြွနဲ့ နိုင်ငံရပ်ခြားတွေဆီ ခုန်ပေါက်လို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ သူတို့ရဲ့ ဂီတ သံစဉ်တွေကို နားဆင်ခံစား ရင်ခုန်ကြည့်ကြပါမယ်။
နာမည်ကျော်ကြား ကိုရီးယား အဆိုတော်နဲ့ သီချင်းများ
အခုလက်ရှိ ကိုရီးယားမှာ နာမည်ကြီးနေတဲ့ အဆိုတော်တွေကတော့ အမျိုးသမီးတွေထဲမှာဆို ဘအာ၊ လီဟိုရီတို့ ဖြစ်ပြီး အမျိုးသားတွေ ထဲမှာ ဆိုရင်တော့ စူပါဂျူနယာ၊ TVXQ, Big Bang, DBSK, SHINee, F.T Island, 2PM, 2AM, CNBLUE, MBLAQ, SS501, BEAST, U-Kiss, တို့ ဖြစ်ကြပါတယ်။ တခြားသော အဆိုတော်တွေလည်း ရကြပါသေးတယ်။ ဝမ်းဒါးဂဲလ်အဖွဲ့တို့၊ Girl’s Generation တို့လည်း နာမည်ကြီးကြပါတယ်။ တစ်နှစ်အစမှာ နံပါတ်တစ် ချိတ်ခဲ့တဲ့ ကိုရီးယား သီချင်းကတော့ ဟွမ်ဘင်ရဲ့That Man သီချင်းပါ။ အခု ရေပန်းစား ဗိုလ်စွဲနေတဲ့ သီချင်းကတော့ မိန်းကလေး အဆိုတော်အဖွဲ့ Davichi ရဲ့ Dont’ say Goodbye သီချင်းပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ နှစ်ယောက်ပဲ ရှိပြီး ၂၀၀၈ ခုနှစ်မှ စတင်ထိုးဖောက် ဝင်ရောက်လာတာ ဖြစ်ပါတယ်။ Davichi ရဲ့ ၈၂၈၂ သီချင်းဟာ ထာဝရ အကောင်းဆုံး သီချင်း တစ်ပုဒ်အဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။
ဘာကြောင့် ကျော်ကြား
အခုကျော်ကြား အောင်မြင်နေကတဲ့ ကိုရီးယား အဆိုတော်လေးတွေ အားလုံး ငယ်ငယ်ချောချောလေးတွေ များကြပါတယ်။ အရှေ့အာရှနဲ့ အရှေ့တောင် အာရှနိုင်ငံတွေ အထိ နာမည်ကျော်ကြား ကြပါတယ်။ ကိုရီးယားရဲ့ ဂီတလိုင်းကို ပြန်ကြည့်မယ်ဆိုရင် အနီးစပ်ဆုံး ၁၉၇၀ လောက်ကနေ တိုင်းကြည့်ပါမယ်။ ၁၉၇၀-၁၉၈၀ ကြား ပေါ်ထွက်ခဲ့တဲ့ အဆိုတော် ချိုယောင်ဖီလ်ဟာ ရော့ခ်ဂီတကို ကိုရီးယားမှာ ခေတ်စားစေခဲ့တဲ့ နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ တခြားအသက်ကြီးသလို နာမည်ြကီးနေတဲ့ အဆိုတော်တွေ ရှိပေမယ့် လူငယ်တွေကြားမှာ အများဆုံး နာမည်ကြီး ခေတ်စားတာ လူငယ် အဆိုတော်တွေသာ ဖြစ်ကြပါတယ်။
ကိုရီးယား သီချင်းတွေ ဘာကြောင့် လူကြိုက်များ ရသလဲဆိုရင်
နံပါတ်တစ် အချက်က သူတို့ရဲ့ ရုပ်ရည်ပိုင်းဆိုင်ရာ အသွင်အပြင်က ပဓာန နေရာ ယူနေပါလိမ့်မယ်။ ဘယ်လိုပဲ ခွဲစိတ်ဓား အားကိုး ပုဆိန်ရိုး လုပ်လုပ် ချောမွတ်နုဖတ်နေတဲ့ သူတို့ ရုပ်ရည်လေးတွေကြောင့် Love at first sight တွေ ဖြစ်ကြမှာ များပါတယ်။ အနုပညာရှင် အများစုဟာ ခွဲစိတ်ဓားနဲ့ မကင်းကြသလို ထုတ်ဖော် ဝန်ခံရတာလည်း အပန်းမကြီးကြပါဘူး။ တချို့ကလည်း မျက်နှာအပြင်၊ ကိုယ်လုံးကိုယ်ပေါက် အစရှိတဲ့ အစိတ်အပိုင်းများကိုလည်း ပြုပြင် ဖန်တီးယူကြပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်၊ ကြိုးစားပြီး ဘော်ဒီဗြူတီဖြစ်ဖို့ လုပ်တဲ့သူတွေလည်း ရှိပါတယ်။
ဒုတိယ အချက်ကတော့ အလုပ်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူမှ အရှင်မွေး နေ့ချင်းကြီးခဲ့တာ မဟုတ်ပါဘူး။ နာမည် ကျော်ကြားခဲ့တဲ့ သူတိုင်းရဲ့ အတိတ်မှာ လမ်းကြောင်းတစ်ခု ရှိပါတယ်။ သူတို့ရဲ့ အမာရွတ်တွေ ရှိပါတယ်။ တတိယ တစ်ချက်က သူတို့ရဲ့ Fan Meeting ခေါ်တဲ့ ပရိသတ်နဲ့ လက်ပွန်းတတီး တွေ့ဆုံပွဲတွေ ဖြစ်ပါတယ်။ ဒါတွေဟာ ပရိသတ်နဲ့ ချက်ချင်းရင်းနှီးမှု ဖြစ်စေပါတယ်။ စပိုင်မင်းသား ဒင်းနစ်စ်အိုဆိုရင် သူ့ရဲ့ မွေးနေ့ကို ပရိသတ်တွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုမျိုးပွဲတွေဟာ ပရိသတ်နဲ့ အနုပညာရှင်အကြား ဆက်သွယ်မှုကို ပိုမိုနက်ရှိုင်း ခိုင်မာစေပါတယ်။ နောက်ပြီး အွန်လိုင်းက ဆိုရှယ်ဆိုက်တွေမှာ ပရိသတ်တွေနဲ့ ဆက်ဆံမှုရှိတယ်။ တီဗွီ အစီအစဉ်တွေမှာ သူတို့ရဲ့ Daily Life တွေ ပြောပြတယ်။ ဒီလိုနဲ့ ပရိသတ်နဲ့ အနုပညာရှင်အကြား ရင်းနှီးမှုကို တိုးပွားစေခဲ့တာ ဖြစ်ပါတယ်။
စတုတ္ထအချက်က သူတို့ရဲ့ Presentation ဖြစ်ပါတယ်။ ရုပ်ရည်ချောတဲ့ သူတွေရှိတယ်၊ အဆိုကောင်းတဲ့ သူရှိမယ်၊ အကကောင်းတဲ့ သူရှိမယ်၊ အဲဒါတွေကို Presentation ကောင်းကောင်းနဲ့ တင်ဆက်လိုက်တဲ့ အခါမှာ လူအများ ကြိုက်နှစ်သက် အားပေးတဲ့အရာ ဖြစ်သွားပါတယ်။ ပဉ္စမ အချက်ကတော့ ကိုရီးယား ဒရာမာကားတွေပဲ ဖြစ်ပါတယ်။ ဒရာမာကားတွေဟာ ပိုပြီးတော့ လူအများ နှစ်ခြိုက်စွဲလမ်းအားပေးကြတဲ့ အချက်ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေကလည်း ဖြစ်တော့ ပိုပြီးတော့ မှတ်မိလွယ်ကြပါတယ်။ အဆိုတော် လိုင်းနဲ့ သရုပ်ဆောင်လိုင်းကို ပူးတွဲ လုပ်နေကြတဲ့ သူတွေလည်းရှိတော့ ဂီတလိုင်းဟာ ကျွဲကူးရေပါ ဆိုသလို ပံ့ပိုးပေးနေသလို ဖြစ်နေပါတယ်။
ကျော်ကြားမှုနဲ့ ကိုရီးယား ဂီတ မူပိုင်ခွင့် အဖွဲ့အစည်း
မနှစ်ကမှ လောလောလတ်လတ် ဖြစ်ပွားခဲ့တဲ့ ဂီတမူပိုင်ခွင့် ပြဿနာ တစ်ခုရှိပါတယ်။ သီချင်းအပုဒ် ၂၀ ကို ကော်ပီဆိုတဲ့ ကေ့စ် ဖြစ်ပါတယ်။ အဲဒီထဲမှာ နာမည်ကြီး အဆိုတော်တွေရဲ့ ခိုးကူးသီချင်းတွေလည်း ပါပါတယ်။ လီဟိုရီရဲ့ I’m Back၊ ဆွမ်ဒမ်ဘီရဲ့ Saturday Night၊ လီဆောင်ချူးရဲ့ Scream၊ ဂျီနဂါးအဖွဲ့ရဲ့ Heartbreaker သီချင်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ကော်ပီဆိုကြတဲ့ အတွက် လျော်ကြေးကတော့ သီချင်းတစ်ပုဒ်ကို အမေရိကန်ဒေါ်လာ နှစ်သိန်းငါးသောင်း နီးပါး ရှိသွားပါတယ်။ စုစုပေါင်း ဒေါ်လာသန်းနှစ်ရာထိ တက်သွားပါတယ်။ နောက်ထပ် ရရှိတဲ့ သတင်းတွေ အရ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဟာလည်း ကန်ဒေါ်လာ နှစ်သိန်းခွဲကို ၂၀၁၀ နှစ်အတွင်း ပေးရမယ်လို့ သတင်း ထွက်လာပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ခိုးကူးသီချင်း အပုဒ် ၂၀ ထဲက တစ်ပုဒ် (၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ တစ်ပုဒ်)ကို ကန်ဒေါ်လာ နှစ်သိန်းသုံးသောင်း ပေးချေခဲ့ရပါတယ်။
လီဟိုရီဆို သူ့ရဲ့ H-Logic အယ်လ်ဘမ်ထဲက Bring it Back, Swin, How did we get, memory, I’m Back နဲ့ Feel The Same သီချင်းတွေကို တရားစွဲ အလျော်တောင်းတာ ခံနေရပါတယ်။ Bring it Back သီချင်းဟာ ကနေဒါ အဆိုတော်အဖွဲ့ရဲ့ Boy Bring it Back သီချင်းကို ကူးထားတယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ရဲ့ ရင်ခုန်သံစကားတွေကတော့ “ကျွန်တော် ၂၀၁၀ ခုနှစ်ထွက် ဟိုရီအခွေကို ကြားကြားခြင်း ရှော့ခ်ရိုက် သွားမိတယ်။ ချွတ်စွတ်တူနေတာကို မယုံကြည်နိုင်ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ အဲဒီသီချင်းကို အဖွဲ့အလိုက် ကြိုးစားပမ်းစား စပ်ပြီး သီဆိုထားတာ ဖြစ်ပါတယ်။ ဒါဟာ မတရားဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ တရားမျှတမှုကို ရရှိဖို့ မျှော်လင့်ပါတယ်” တဲ့။
အတုသည် အစစ်မမည်ပေ။ ကိုယ်ချင်းစာ ရင်မှာနာကြဖို့ ဆိုရင်း ဒီတစ်ပတ် ဒီမျှနဲ့သာ…..
သီဟပျံချီ
8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။