‘‘စင်္ကာပူက ငါတို့ရန်ကုန်တစ်မြို့စာလောက် လူဦးရေပဲရှိတာ။ တစ်ပိုင်တစ်နိုင်စာလေး
ဆိုတော့ ချမ်းသာအောင် လုပ်နိုင်တာပေါ့။
ဘာမှသိပ်ခက်တာမဟုတ်ပါဘူး….’’
‘‘တရုတ်ကျတော့ လူအင်အားက မင်းကြည့်လေ သန်းပေါင်း (၁၃၀၀) ကျော်ဆိုတော့ လုပ်နိုင်ကိုင်နိုင် တဲ့ လူကအများကြီး။ မတိုးတက်မကြီးပွားဘဲ နေမလား။ မင်းစဉ်းစားကြည့်….’’
‘‘ဂျပန်က….’’
‘‘တောင်ကိုရီးယားတွေက….’’
ထိုသို့ဖြင့် ကျွန်တော်တို့သည် ဆင်ခြေဆင်လက်များပြားသည့် လူမျိုးဖြစ်ပါသည်။
ထို့ပြင် စာရေးဆရာများ၏ ကျေးဇူးကြောင့်သိရသည်မှာ မိမိတို့သည် မိမိထက်နွမ်းပါးသူ၊ ခိျု့တဲ့သူ၊ ဆင်းရဲသူ၊ မပြည့်စုံသူကို ညှာတာသနားတက်ကြသော်လည်း မိမိထက်သာသူအပေါ် မုဒိတာမထားနိုင်ကြသည့်လူမျိုး၊ တစ်ကျပ်ဖိုးလှူပြီး တစ်ရာဖိုးထင်ပေါ်လိုသောလူမျိုး၊ နှမ်းစေ့လောက် အလုပ်လုပ်ပြီး ပုတ်လောက်ထင်ပေါ် ကျော်ကြားလိုသည့်လူမျိုး၊ အထက်လူကြီးနှင့် အမှတ်ပေးသည့်သူရှေ့တွင်သာ ဖော်လံဖားပြီး အလုပ်လုပ် တတ်သည့် ဖော်ရှိုး (Only For Show) လူမျိုး၊ စည်းကမ်းလိုက်နာမှုအားနည်းသည့်လူမျိုး၊ နိုင်ငံနှင့်အစိုးရ ကို ခွဲခြားမမြင်တတ်သည့် လူမျိုး၊ မနာလိုသည့်နေ့ရာတွင် မျိုးချစ်စိတ်ကို ပြတတ်သည့်လူမျိုး၊ ပွဲပြီးမီးသေ တတ်သည့်လူမျိုး၊ ရှေ့ကအမှား သရုပ်ပြကို သံဝေဂမယူ အတုမခိုးတတ်သည့်လူမျိုး၊ အဖွဲ့အစည်းစိတ်ဓါတ် မရှိ၊ မသိသည့်လူမျိုး၊ တီထွင်ကြံဆမှုနည်းပါးသည့်လူမျိုး၊ ရောင့်ရဲတတ်သည်ဆိုသည့်အပေါ် တလွဲဆံပင် ကောင်းပြီး ရေသာခိုအချောင်လိုက်တတ်သည့်လူမျိုး၊ မခိုင်းလျှင်မလုပ်တတ်၊ မလုပ်ချင်သည့်လူမျိုး၊ ပွဲလန့် တုန်းဖျာခင်းလိုသည့် လူမျိုး၊ ကတုံးပေါ် ထိပ်ကွက်လိုသည့်လူမျိုး၊ မုန့်ဟင်းခါးဆိုင်တောင် နှစ်ဆိုင်ယှဉ်တွဲ ဖွင့်လျင် ပြဿနာရှာတတ်၊ ပြဿနာဖြစ်တတ်သည့်လူမျိုး၊ သုတေသနအားနည်းသည့်လူမျိုး၊….စသည့် စသည်ဖြင့် မဟုတ်သည့်နေရာတွင်တလွဲဆံပင်ကောင်းပြီး ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုံးဝတာဝန် မကျေပွန်ခဲ့ကြသူများဖြစ်ကြပါသည်။ ဖြစ်ခဲ့ပါသည်။
နိုင်ငံဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အပ်တိုကောင်းကောင်းတောင် အရည်အသွေးမီ မထုတ်လုပ်နိုင်သေး၊ စာရေးကိရိယာအရည်အသွေးကောင်းကောင်း ပြည်တွင်းသုံးစွဲနိုင်ရုံမက ပြည်ပရောင်းချနိုင်ခြင်းမရှိသေး၊ အဝတ်အစားတွေလည်း ပြည်ပက သွင်း၊ လုံချည် (ပလေကတ်) တောင် ပြည်ပက ပြန်သွင်းနေသေး၊ စက် ပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေ ကောင်းကောင်းမွန်မွန် မထုတ်လုပ်နိုင်သေး၊ လေယာဉ်မပြောနဲ့ ရဟတ်ယာဉ် တောင်မထုတ်လုပ်နိုင်သေး၊ ကျွန်တော်တို့ တော်တော်ညံ့နေကြပါသည်။
ဘေးနံဘက်အနီးဆုံးမှာ ဈေးကွက်ကြီးရှိတာကို အသုံးမချတတ်သည့် အလွန်ညံ့ဖျင်းသောလူများ ဖြစ်ပါသည်။ မိမိတို့က အကွက်မမြင် မလျင်သဖြင့် သူတို့က မိမိတို့ဈေးကွက်ကို အပိုင်သိမ်းပိုက်ထားသည်။
လမ်းကောင်းကောင်းမခင်းတတ်၊ တံတားကောင်းကောင်းမဆောက်တတ်၊ အမှိုက်ကို တူတူတန်တန် မပစ်တတ်၊ တန်းမစီတတ်၊ မတတ်တာတွေအများကြီး၊ အချောင်လိုက်မည်၊ ကွမ်းစားမည်၊ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးထိုးမည်၊ လာဘ်ယူမည်၊ မသန့်ရှင်းမစင်ကြယ်သောငွေကို မက်မောမည်၊ မသင်ဘဲနှင့် တတ် တာတွေလည်းအများကြီး။
ဘေးက တရုတ်ကြီးလည်း သူ့ဟာနှင့်သူ အဆင်ပြေပြီး လူရာဝင်နေသည်။ ကုလားကြီးကလည်း ပေါ့ပေါ့သေးသေးမဟုတ်သည့်အတွက် လူရိုသေ ရှင်ရိုသေရှိသည်။ အာဆီယံနိုင်ငံတွေထဲမှာလည်း မိမိတို့ နေရာကိုပြောမနေချင်။ ဒီလောက်ဖြစ်နေတာတောင် မိမိတို့က အိမ်ကြက်ချင်းဘဲခွပ်ချင်ပြီး ဆရာကြီး ဇော်ဂျီ တပ်လှန့်နှိုးဆော်ခဲ့သည့် မြန်မာထလော့ဆိုတာကိုလည်း မကြားချင်ယောင်ဆောင်နေသကဲ့သို့ ဖြစ်နေသည်။
စာရေးသူ နိုင်ငံတစ်ဝှမ်း သွားလာကြည့်သောအခါ၊ ပြည်သူအများစုနှင့်ထိတွေ့ကြည့်သောအခါ မိမိ နိုင်ငံ ခေတ်နောက်ကျကျန်နေသည့်အတွက် အားမလိုအားမရ ဖြစ်နေသူတော်တော်များများကို တွေ့ရသည်။ ဆုံရသည်။ သို့သော် အားလုံးက နိုင်ငံဖွံ့ဖြိုးအောင် ဘယ်ကစ၍ ဘာလုပ်ရမလဲ မသိကြ။
စာရေးသူကတော့ စာပေမှ သိသည့်အသိ၊ ဘဝအတွေ့အကြုံမှ ရရှိသည့်အသိတို့ဖြင့် အနည်းငယ်သိ သည့် အသိလေးကို မျှဝေပေးရပါလျင် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်လိုကြသူများအနေဖြင့် နောက်လိုက်ကောင်းဖြစ် အောင် ပထမဦးစွာ လုပ်ကြစေချင်ပါသည်။ ဘေးထိုင်ဘုပြောနေသူများကြောင့် နိုင်ငံတိုးတက်မှုနောက်ကျရ ပါသည်။ ထိုမှဆက်၍…..။
မိမိထက်သာသူအပေါ် မုဒိတာထားပေးစေလိုပါသည်။ တစ်ကျပ်ဖိုးလှူပြီး တစ်ရာထင်ပေါ်လိုသော စိတ်ထားများ ဖျောက်ဖျက်ပစ်ကြစေချင်ပါသည်။ ထင်ပေါ်ကျော်ကြားလိုမှုအတွက်မဟုတ်ဘဲ နိုင်ငံအတွက် ဆိုသည့် စိတ်ထားဖြင့် အလုပ်လုပ်ကြစေလိုပါသည်။ ဖော်ရှိုး အလုပ်လုပ်ချင်းမျိုးကို ရှောင်ကြဉ်ကြစေချင် ပါသည်။ စည်းကမ်းလိုက်နာခြင်းဖြင့်ဂုဏ်ယူနိုင်အောင် လေ့ကျင့်ကြစေလိုပါသည်။ ဈေးဝယ်သည်ဖြစ်စေ၊ ငွေရှင်းသည်ဖြစ်စေ၊ ရုပ်ရှင်လက်မှတ်ဝယ်သည်ဖြစ်စေ၊ ကားမောင်းသည်ဖြစ်စေ တစ်ဦးချင်း၊ တစ်စီးချင်း သွားမှ အဆင်ပြေသည့်နေရာများတွင် တန်းစီသွားတက်အောင် လေ့ကျင့်စေလိုပါသည်။ မိမိ၏မျိုးချစ်စိတ် ကို နိုင်ငံဖွံဖြိုးတိုးတက်အောက် လုပ်ခြင်းဖြင့်သာ ပြသစေချင်ပါသည်။ နှစ်ယောက်ဖြင့်၊ သုံးယောက်ဖြစ်ဖွဲ့ လျှင်ပင် အနစ်နာမခံ၊ ကွဲပြဲခြင်းမျိုးမဖြစ်ရအောင် အဖွဲ့အစည်းစိတ်ဓါတ်ရှိရန်၊ ထားရန်လိုအပ်ပါသည်။
ထိုင်နေလိုတော့ ဘာမှမဖြစ်နိုင်တာသိကြပြီးဖြစ်သည်။ သူများတွေ တိုးတက်တာကိုကြည့်၊ အားကျ ရုံရှိပြီး ငေးမှိုင်နေလိုလည်း ဘာမျှထူးလာမည်မဟုတ်။
နိုင်ငံနှင့်လူမျိုးအတွက် အခုလုပ်လိုရတာ အခုလုပ်၊ နောက်မှလုပ်ရမည့်အလုပ် နောက်တော့လုပ်၊ မိမိတို့စိတ်ထားလေးတွေလည်းပြင်။
ထလော့မြန်မာ။ ။
Source...http://www.lubo601.com/2012/10/blog-post_3039.html#more

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။