ဂျက်ကီချန်း သေဆုံးသွားပြီဆိုတဲ့ ကောလာဟလတွေ ထွက်လာ ခဲ့ပေမယ့် ခုချိန်ထိ သူကျန်းမာစွာနဲ့ အနုပညာလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ၁၉၅၄ ခု ဧပြီလ ၇ ရက်နေ့က ဟောင်ကောင်မှာ မွေးဖွားခဲ့တဲ့ ဂျက်ကီချန်းဟာ ခုချိန်မှာအသက် ၅၇ နှစ်ရှိပါပြီ။ သူ့ရဲ့ငယ်နာမည်က ချန်ဂန်ရှန်ဖြစ်ပြီး ဟောင်ကောင်မှာ အခြေချခါစ သူ့မိဘတွေအနေနဲ့ သူ့ကို ကျွေးမွေးစောင့်ရှောက်ဖို့ ငွေကြေး မတတ်နိုင်တာကြောင့် ဗြိတိသျှ ဆရာဝန်တစ်ယောက်ဆီမှာ ၂၆ ဒေါ်လာနဲ့ ရောင်းရတော့မယ့် အဖြစ်နီးပါး ကြုံခဲ့ရပါတယ်။ သူခြောက်နှစ်သား အရွယ်မှာ မိဘတွေက သြစတြေးလျ နိုင်ငံကို ရွှေ့ပြောင်းသွားကြတယ်။
အဲဒီတုန်းက အဖြစ်အပျက်ကို ပြောပြရာမှာ.. “ကျောင်းက ဆရာမက ကျွန်တော့်ရဲ့ နာမည်ကို ပေါလ်လို့ ထင်နေတယ်။ ပေါလ်ဆိုတဲ့ ကိုယ့်နာမည်ကို ကိုယ်ပီအောင် မခေါ်နိုင်တာကြောင့် စတိဗ်လို့ ပြောင်းလိုက်တယ်။ ဒီနာမည်ကို သူငယ်ချင်းက မကြိုက်ဘူး။ သူက ဂျက်ချန်းလို့ ပြောင်းပေးတယ်။ ကျွန်တော်က ဂျက်နေရာမှာ ဝိုင်ထပ်ထည့်ပြီး ဂျက်ကီချန်းလို့ ပြောင်းလိုက်တယ်။ ဒီနာမည်က ခေါ်ရတာ လွယ်တယ်။ နောက်တော့ ရုပ်ရှင်ထဲက ဒါရိုက်တာက y နေရာမှာ ie ထည့်လိုက်တော့ Jackie နဲ့ပေါင်းတဲ့ ဂျက်ကီ ဖြစ်သွားတယ်”။ အရှေ့နဲ့အနောက် ရုပ်ရှင်ရိုက်ရာမှာ ကွာခြားတဲ့ အကြောင်း ပြောပြရာမှာ.. “အရှေ့တိုင်းမှာ ဂျက်ကီချန်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုပ်ရှင်ရိုက်တယ်။ ရုပ်ရှင် အဖွဲ့သားတွေက ကိုယ့်မိသားစုလိုပါပဲ။ တိုက်ခိုက်တဲ့ အခန်းတွေမှာ ကိုယ်မပါ ဖြစ်ပေမယ့် ကင်မရာကို တစ်ခါတလေ ကိုယ်တိုင်ဝင်ကိုင်တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခုံ မရှိဘူး။ တခြားလူတွေနဲ့ ရောပြီး ထိုင်လိုက် တာပါပဲ။ အတူတူ စားသောက်ပြီး စကားတွေ ပြောကြတယ်။ သူတို့ဟာ ဂျက်ကီချန်း မိသားစုတွေပဲ”။ သက်စွန့်ဆံဖျား အက်ရှင် ကားတွေ ရိုက်ရာမှာ ဒဏ်ရာတွေ ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး.. “ကျွန်တော့်ရဲ့ခေါင်းမှာ အပေါက်ကလေး ရှိတယ်။ အထဲက ဦးနှောက်တွေ ထွက်မသွားအောင် ပလတ်စတစ် အဆို့နဲ့ ပိတ်ထား ရတယ်” လို့ ရယ်မောပြီး ပြောပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။