ခုလိုဘဝကို လွယ်လွယ်နဲ့လည်း ဖန်တီးလို့မရသလို ရွှေတွေ
ငွေတွေနဲ့လည်း ဝယ်ယူလို့ မရပါဘူး
“မီးအိမ်ရှင်” သီချင်းဟာ မိုဘိုင်းဖုန်းအသုံးပြုသူ အများစုကြားမှာ
ဖုန်းမြည်သံတွေ၊ ဖုန်း Ring Tune လုပ်ကြတဲ့အထိ အောင်မြင်တဲသီချင်းလည်း ဖြစ်ပါတ်။
အောင်မြင်လာတဲ့နဲ့အမျှ ပုဂ္ဂိုလ်ရေး ကောလဟာလတွေကို ဆက်တိုက် ရင်ဆိုင်ဖြေရှင်းနေရတဲ့
အဆိုတော်ဆိုတေးဟာ သာမန်ဝန်ထမ်းလေး “အောင်သက်ပိုင်” ဆိုတဲ့ ပရိသတ်မသိသေးတဲ့
သူရဲ့အတိတ်အကြောင်းအရာတချို့ကိုလည်း 7Day News ရဲ့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း
ပြောပြထားပါတယ်။
စင်ကာပူနဲ့ ဘန်ကောက်မှာ ဖျော်ဖြေရေးခရီးစဉ်တွေ၊ ရိုက်ကူးရေးခရီးစဉ်တွေ ရှိနေပြီး ကိုယ်ပိုင်အားလပ်ချိန်ဆိုတာ အင်မတန်ရှားပါးနေပါပြီလို့ ဆိုလာသူက “မီးအိမ်ရှင်” တစ်ကိုယ်တော်စီးရီးရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ဖန်တီးရှင် အဆိုတော် ဆိုတေးပါ။ ဆိုတေးဟာ သူ့ရဲ့မီးအိမ်ရှင် ဂီတဗီဒီယိုတွေထဲက “ဖက်တီးမ” သီချင်းရိုက်ကွင်းနောက်ခံနဲ့ ပတ်သက်ပြီး လတ်တလောမှာ စာနယ်ဇင်းရှင်းလင်းပွဲတောင် ပြုလုပ်ပြီး သူဟာ ဘာသာတရားကို စော်ကားတာ မဟုတ်ကြောင်း ရှင်းပြခဲ့ပါသေးတယ်။
ပေါ့ပ်သီချင်း ချိုချိုလေးတွေနဲ့ စာသားတွေကြောင့်ကို ဆိုတေးသီချင်းတွေက နားစွဲလွယ်ပြီး ပေါက်တာလို့ ဝေဖန်ကြတဲ့အပေါ် ဝေဖန်ကြတဲ့အပေါ် ကိုဆိုတေး ဖန်တီးထားတာနဲက ကိုက်ညီမှုရှိပါသလား။
ကျွန်တော်သီချင်းတွေ စဆိုတော့ ကိုယ့်သီချင်းတွေကို ပေါ့ပ်လား၊ စလိုးရော့ခ်လားလား၊ အော်တာလားတောင် ကျွန်တော် မသိဘူး။ ကျွန်တော်ရင်ထဲက ထွက်ပေါ်လာတဲ့ စာသား၊ ဖန်တီးမှုကိုသီချင်းအဖြစ် သီကုံးတယ်၊ ဆိုတယ်။ ပရိသတ်က ကျွန်တော့်ခံစားချက်တွေကို အသိအမှတ်ပြုတယ်။ လက်ခံအားပေးတယ်။ ဒါကြောင့်လည်း မီးအိမ်ရှင်ဆိုတေးဆိုပြီး ပရိသတ်ကြားမှာ အခုထိအသက်ဆက်ရှင်နေတာပါ။
မီးအိမ်ရှင်တုန်းက အခွေမထွက်ခင် အွန်လိုင်းမှာ အရမ်းပေါက်ခဲ့တော့ ဒုတိယ စီးရီးထဲကသီချင်းတချို့ကို အွန်လိုင်းတင်ဖြစ်ဦးမလား။
အဲဒီလိုအစီအစဉ်တော့မရှိဘူးခင်ဗျ။ နောက်စီးရီးအတွက်ဆိုဖို့၊ တီးဖို့ကိုတောင် တော်တော်အချိန်လုနေရတယ်။ ကျွန်တော့်ဒုတိယစီးရီးကို “မင်္ဂလာပါဆိုတေး” လို့ ပေးထားတယ်။ ဒုတိယခွေကို ပထမခွေထက် ပိုပေါက်ရမယ်လို့ဘာဖိအားမှ မထားပါဘူး။ လူတစ်ယောက်ရဲ့ ကုသိုလ်ကံက တစ်နေ့နဲ့ တစ်နေ့တောင် မတူပါဘူး။ ဒီအယ်လ်ဘမ် အောင်မြင်ပေမယ့် နောက်အယ်လ်ဘမ် အောင်မြင်ချင်မှ အောင်မြင်မယ်။ ဒါပေမဲ့ကျွန်တော့်စာသားတွေ၊ သီချင်းတွေကို ဒုတိယခြေလှမ်းအနေနဲ့ ပရိသတ်ကို ကျွန်တော် ချပြပါဦးမယ်။
ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အပေါ်မှာ ဝေဖန်ကြတဲ့ အသံလေးတွေလည်း ကြားနေရပါတယ်။ ကိုဆိုတေးရဲ့ဖန်တီးမှု အပိုင်းကို ဘယ်လိုများ ရှင်း ပြချင်ပါသလဲ။
ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတာတစ်ခုကို ဝေဖန်တာသက်သက်ပါ။ ကျွန်တော်လူငယ်တစ်ယောက်ပါ။ အသက် ၁၈၊ ၁၉ အထိ အချစ်ဆိုတာဘာမှန်းမသိခဲ့ဘူး။ လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် ရည်းစားထားတယ်။ ပထမဆုးံထားတဲ့ ရည်းစားဆိုတော့ မမြင်ဖူး မူးမြစ်ထင်တာပေါ့ အစ်မရယ်။ အတွေ့အထိတွေကို မသိခဲ့တော့အစွဲအလန်း ကြီးခဲ့တယ်။ ဒါပေမဲ့ကိုယ်နဲ့ မဆီလျော်လို့ လမ်းခွဲသွားချိန်မှာ ကျွန်တော်ခံစားခဲ့ရတာ ခဏလေးပေမယ့် သီချင်းတွေ အများကြီးရေးနိုင်တယ်။ ဒါကြောင့်ကျွန်တော့် ဖန်တီးမှုတွေကို ယုံကြည်ပေးပါလို့ ပရိသတ်ကို ပြောချင်ပါတယ်။ မိနစ်အနည်းငယ်အတွင်းသာ သီချင်းတစ်ပုဒ် ရေးပြီးချင်ပြီးသွားမယ်။ အရမ်းလွယ်လွယ်ကူကူ ရေးနိုင်နေတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်နှလုံးသား အဲဒီလောက်လည်း ခံစားမှုမ ကောင်းသေးပါဘူး။
“မင်္ဂလာပါဆိုတေး” စီးရီးလုပ်နေရင်းနဲ့ မီးအိမ်ရှင်စီးရီးနဲ့ မတူတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်နေသေးလား။
ခံစားချက်ကတော့ အတူတူပါပဲ။ အယ်လ်ဘမ်တစ်ခုနဲ့တစ်ခု ခံစားချက်မတူတာမျိုး မရှိပါဘူး။ ကျွန်တော့်ခံစားချက်တွေက ဒီတိုင်းပါပဲ။ ရည်းစားလည်းအများကြီးမရှိတော့ ခံစားချက်ကလည်းအပြောင်းအလဲ မများနိုင်ပါဘူး။ ခွေက တီးဖို့ပဲ ကျန်တော့မယ်။သီချင်းတွေအားလုံး စာရင်းလုပ်ပြီးပြီ။ တေးရေး အေသင်၊ ကျွန်တော်နဲ့ တခြားတေးရေးတွေ ပါပါမယ်။ အားလုံးနီးပါး ကိုယ်ပိုင်သံစဉ်တွေ ဖြစ်ဖို့များတယ်။ ကျွန်တော်အရမ်းကြိုက်တဲ့ သီချင်းဟောင်းလေး “နှောင်ကြိုးလေးတစ်မျှင်” ထည့်ဖို့ရှိတယ်။ ကျွန်တော် ဂစ်တာတီးပြီး သီချင်းဆိုရင် အဲဒီသီချင်းက မပါမပြီးဘူး။ အရမ်းလည်းကြိုက်လို့ ပြန်ဆိုတာပါ။
ကိုဆိုတေးဘဝက အရမ်း ကြမ်းတမ်းတယ်လို့ ပြောခဲ့တယ်။ ဘယ်လိုဘဝကို ဖြတ်သန်းခဲ့ဖူးလို့လဲ။
ကိုဟဲလေးတို့၊ ကိုဇေယျာတို့ လာဝယ်တဲ့ဆိုင်မှာ အထည်ရောင်းတဲ့ ဝန်ထမ်းပါ။ သူတို့ဝယ်တဲ့အထည်တွေကို သူတို့ကားပေါ် လိုက်ပို့ပေးခဲ့ဖူးတယ်။ စားသောက်ဆိုင်မှာလည်း ဝန်ထမ်းလုပ်ခဲ့ဖူးတယ်။ ဟိုတယ် ဝန်ထမ်းလည်းလုပ်ဖူးတယ်။ ဦးသျှန်ထွန်းတို့၊ ကိုဖိုးချစ်တို့၊ စွမ်းဇာနည်တို့ ဟိုတယ်မှာ သီချင်းလာရေးရင် သူတို့အခန်းသန့်ရှင်းရေး လုပ်ပေးခဲ့ဖူးတယ်။ ဧည့်သည်တွေဆီက တစ်မန်းနီးရဖို့ မျှော်လင့်ခဲ့ရဖူးတဲ့ ဘဝကပါ။ အခု ကျွန်တော် ဒီအခြေအနေရောက်လို့ သူတို့နဲ့ဆုံတော့ ဒါတွေပြောပြတဲ့အခါ တစ်ယောက်မှ မမှတ်မိကြပါဘူး။ (ရယ် လျက်)။
ဘဝကြမ်းတဲ့ ဝန်ထမ်း အောင်သက်ပိုင်ကနေ အဆိုတော်ဆိုတေး ဖြစ်လာတဲ့ အဓိက တွန်းအားကဘာများလဲ။
ကျွန်တော့်မိဘပဲပေါ့။ ကျွန်တော်ဘာလုပ်လုပ် အားလုံးက ကျွန်တော့်မိဘအတွက်ပဲ။ ကျွန်တော့်မိဘကို ကျွန်တော်အရမ်းချစ်တယ်။ အခုကျွန်တော် ရှာဖွေနေတဲ့ အနုပညာလုပ်အားခကလည်း ကျွန်တော့်အတွက် မပါဘူး။
အောင်မြင်လာတဲ့  လူတစ်ယောက် ဘဝမှာ နေထိုင်ရတာ ဘဝက သက်သောင့်သက်သာရှိပါရဲ့လား။
မရှိဘူးဗျ။ သွားချင်တဲ့နေရာ မသွားရဘူး။ စားချင်တာတွေမစားရဘူး။ ဒါပေမဲ့လို့ ကျွန်တော် သာမန်အတိုင်းပဲ နေဖြစ်ပါတယ်။ ကျွန်တော်ကားမောင်းသွားတုန်း ကိုယ်စားချင်တာတွေ့ရင် ဆင်းစားမယ်။ ဘယ်နေရာမသွားရဘူးလို့လည်း ကိုယ့်ကိုယ်ကိုယ် ကန့်သတ်မထားပါဘူး။ အဆိုတော်ဆိုတဲ့ ဂုဏ်ပုဒ်ကလွဲလို့ သာမန် သူလိုကိုယ်လို လူတွေလိုပဲ ထမင်း ဖြူစားပြီးအသက်ရှင်နေတာပါ။ ကိုယ့်ကို မှတ်မိတဲ့ ပရိတသ်တွေ့ရင် လက်မှတ်လာထိုးခိုင်းရင် ထိုးလိုက်တာပါပဲ။ ကျွန်တော့်ကို မသိတဲ့ ပတ်ဝန်းကျင်ဆိုလည်း မသိသလို နေပေးလိုက်တယ်။
သက်သောင့်သက်သာ မဖြစ်ပေမယ့် အဆိုတော်ဘ၀မှာတော့နေသားကျနေသလိုပဲနော်။
နေသားတော့ကျနေပါပြီ။နယ်တွေမှာတော့ တချို့ပရိသတ်တွေ အတင်းအုံလာပြီးတော့ တိုးဟယ်ကြိတ်ဟယ်တွေတော့ ဖြစ်တာပေါ့လေ။ ဒီလိုဘဝမျိုးဖြစ်ချင်လို့တောင် ဖြစ်ခွင့်မရဘူးတွေလည်း ရှိကြတော့ အင်မတန်ရိုးရှင်းတဲ့ ပရိသတ်တွေကြားထဲက ပီတိတစ်ခုပါ။ နာရီတွေ့ နာရီဆွဲနဲ့ ပြုတ်ထွက်သွားတဲ့ နာရီလည်း ကျွန်တော် ပြန်မတောင်းပါဘူး။ ခုလိုဘဝကို လွယ်လွယ်နဲ့လည်း ဖန်တီးလို့မရသလို ရွှေတွေ ငွေတွေနဲ့လည်း ဝယ်ယူလို့ မရပါဘူး။
ဆိုတေးရဲ့ အခုလက်ရှိဘဝမှာ အရှားပါးဆုံးအရာကဘာများ ဖြစ်မလဲ။အဲဒီမေးခွန်းက အရမ်းစားတယ်ဗျာ(ရယ်လျက်) ကျွန်တော့်အိပ်ချိန် ပိုနည်းလာတယ်။ ကိုယ်ကိုယ်တိုင်ဖန်တီးနိုင်တဲ့ လွတ်လပ်မှုတွေ နည်းလာတယ်။ သီချင်းရေးဖို့အချိန်က ကန့်သတ်ထားတာ မဟုတ်ပေမယ့် သီချင်းရေးဖို့အချိန်တော့ နည်းသွားတယ်။
အဆိုတော်ဖြစ်ပြီး နောက်ပိုင်းမှာ ပြောင်းလဲသွားတယ်လို့ သုံးသပ်မိတဲ့အချက်က ဘာများလဲ။ သူများတွေကရော ဘာတွေပြောင်းလဲသွားတယ်လို့ ဝေဖန်ကြလဲ။
ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်မိပါဘူး။ အရင်ကပိန်တယ်။ အခုတော့ဝလာတယ်ပေါ့။ ရပ်ကွက်ထဲမှာတော့ ဆိုတေးတို့အောင်မြင်သွားလို့ ရပ်ကွက်ထဲမှာတောင် မနေတော့ဘူးလို့ ပြောကြတယ်။ ကျွန်တော် မနေတာမဟုတ်ပါဘူး။ ခရီးထွက်ရတာများပြီး အိမ်ပြန်တာ နောက်ကျလို့ပါ။
တေးရေးနဲ့ အဆိုတော်ဘဝမှာ ဘယ်တစ်ခုကို ပိုနှစ်သက်လဲ။ကျွန်တော်ကတော့ နှစ်ခုလုံး အတူတူပဲ။ တေးရေးဆိုတာကျွန်တော်ကသာ ခံစားချက်ခံစားချက်နဲ့ပြောနေတာ။ တခြားတေးရေးတွေလည်း သူတို့ခံစားချက်နဲ့သူတို့ ရေးကြမှာပဲ။ အနုပညာဟာအလွန်တရာ နူးညံ့ပါတယ်။ ဘယ်အနုပညာပဲဖြစ်ဖြစ် ကိုယ့် အိပ်မက်ကို ကိုယ် အကောင်အထည်ဖော် ကြတာချည်းပဲ။
အွန်လိုင်းပေါ်ရောက် ဗီဒီယိုကလစ်ကလေး တစ်ခုအကြောင်းလည်း သတင်းလေးတွေ ကြိုးကြားကြိုးကြား ကြားရပါတယ်။ ဘာများပြောလိုပါ သလဲ။ကောလာဟလပါ။ ဖက်တီးမသီချင်းကို ရှင်းရတာကကျတော့ ဘာသာရေးနဲ့ သက်ဆိုင်နေတော့ အရေးကြီးတယ်။ အဲဒီအကြောင်းကိုကျတော့ ကျွန်တော့်ကို မြင်တဲ့ပရိသတ်၊ သိတဲ့ပရိသတ်က ကျွန်တော်ဟုတ်၊ မဟုတ် သိကြမှာပါ။ ဘယ်သူယုံယုံ၊ မယုံယုံ ကျွန်တော်အမှားလုပ်ရင် မှားတဲ့အတိုင်းသွားမှာပဲ။ ကျွန်တော် ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မြန်မာလူမျိုးတစ်ယောက်ပါ။ ဘယ်ဘုရားကမှ အမှားလုပ်တာကို ခွင့်မလွှတ်ပါဘူး။ ကျွန်တော့်ကို ကျွန်တော့်အမေယုံတယ်။ ဘုရားယုံတယ်ဆိုရင်ပဲ တော်ပါပြီ။
ဒါဆို ကိုဆိုတေးရဲ့ မီးအိမ်ရှင်အစစ်ကို ပိုင်ဆိုင်နေပြီလား။
ကျွန်တော့်မှာ မီးအိမ်ရှင် ရှိနေပြီဗျ။ (ရယ်လျက်) ကျွန်တော့်မီးအိမ်ရှင်အစစ်ကို ကျွန်တော့်ရင်ထဲမှာပဲ ထားပါမယ်။ ဘယ်တော့မှ စာရွက်ပေါ်မှာ မရေးစေချင်ပါဘူး။
ကျေးဇူးတင်ပါတယ်။
Credit: အေးသူစံ (7Day News Journal)
http://www.planet.com.mm/news/read.cfm/id/20122 မှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။