မြန်မာနိုင်ငံက သီချင်းဆိုပြိုင်ပွဲတွေမှာ ပရိသတ်များ စိတ်ဝင်တစား အားပေးကြတဲ့ အစီအစဉ်တစ်ခုမှာ Myanmar Idol သီချင်းဆိုပြိုင်ပွဲလည်း အပါအ၀င်ပါ။ ဧပြီ ၈ ရက်မှာပြုလုပ်ခဲ့တဲ့ Myanmar Idol ဖိုင်နယ်ပွဲမှာတော့ ပရိသတ်ပေးတဲ့ Voting အများဆုံးနဲ့ ပြိုင်ပွဲဝင်နံပါတ်စဉ် ခုနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာမှ Winner ဆု ရရှိခဲ့တဲ့ ပရိသတ်တွေက “လားလား” လို့ ချစ်စနိုးခေါ်ကြတဲ့ ကရင်တိုင်းရင်းသားလေး စောလားထော်ဝါးနဲ့ တွေ့ဆုံပြီး မေးမြန်းဖြစ်သမျှကို ပရိသတ်များအား ပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။
“ Myanmar Idol Winner ဆုရှင် စောလားထော်ဝါးနှင့် တွေ့ဆုံခြင်း”
မေး - ပထမဦးဆုံး Myanmar Idol မှာ ၀င်ပြိုင်ဖြစ်တဲ့ အကြောင်းလေးကို ပြောပြပေးပါဦး။
ဖြေ - ကျွန်တော့်ရဲ့မေမေက ရေဒီယိုမှာ ပြိုင်ပွဲအကြောင်းကြားတော့ ကျွန်တော့်ဦးလေးကို ပြောတယ်။ ကျွန်တော်ကလည်း ၀ါသနာပါတော့ ဦးလေးနဲ့တိုင်ပင်ပြီး သွားပြိုင်ရင် ကောင်းမယ်ဆိုပြီး ၀င်ပြိုင်ဖြစ်ခဲ့တာပါ။
မေး - တခြားပြိုင်ပွဲတွေနဲ့ မတူတဲ့ Voting စနစ်နဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေအပေါ် အစ်ကိုဘယ်လိုမြင်လဲ။
ဖြေ - သီဆိုယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေက အကုန်ကောင်းကြတယ်။ အဲဒီအထဲမှာမှ ကောင်းတဲ့သူကို ပေးတာက သဘာဝပိုကျတယ်လို့ ထင်ပါတယ်။ အခြားနိုင်ငံမှာလည်း Voting အစီအစဉ်အရ ဒီလိုပဲလုပ်တယ်။ အကယ်၍ ကိုယ်ပြုတ်ခဲ့ရင်လည်း လက်ခံရမှာပါ။ ပရိသတ်တွေ ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
မေး - ဒီပြိုင်ပွဲ တစ်လျှောက်မှာ ၀င်ပြိုင်တဲ့အခါ ကိုယ့်ရဲ့ အခက်အခဲအဖြစ်ရဆုံးဆိုရင် ဘာဖြစ်မလဲ။
ဖြေ - အခက်အခဲကတော့ အများကြီးရှိတယ်။ ပြိုင်ပွဲ မ၀င်ခင်ကတည်းက အိမ်မှာ သီချင်းတွေကို လေ့လာတယ်။ ရှာဖွေထားတယ်၊ ဒီလည်းရောက်ရော ကိုယ်ရွေးထားတဲ့ သီချင်းနဲ့ ဆိုရတဲ့သီချင်းတွေ တိုက်ဆိုင်မှုမရှိခဲ့တော့ ပြန်ကြိုးစားရတဲ့အခါ ကြာလာတာနဲ့အမျှ အိပ်ရေးတွေလည်း မ၀ဘူး။ အပူအအေးတွေ မမျှနဲ့။ပြောရရင်တော့ အများကြီးပါပဲ။
မေး - Myanmar Idol ပြိုင်ပွဲမှာ Winner ဆု ရခဲ့တဲ့အတွက် ၀မ်းသာပီတိစကားလေး ပြောပေးပါဦး။
ဖြေ - ကျွန်တော် အဲဒီတုန်းက အရမ်းစိတ်လှုပ်ရှားပြီး ၀မ်းသာလွန်းလို့ မျက်ရည်တောင် ၀ဲမိတယ်။ အဲဒါကြောင့် ကျေးဇူးတင်စကား ပြောတာတောင် အများကြီးမပြောဖြစ်လိုက်ဘူး။ ဒိုင်တွေတောင် ကျေးဇူးတင်စကား မပြောဖြစ်လိုက်ဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကိုလည်း တောင်းပန်ပါတယ်လို့။
မေး - ဘာကြောင့် ကိုယ့် ကိုယ်ကိုယ် Winner ဆု ရခဲ့တာလို့ သုံးသပ်မိလဲ။
ဖြေ - ကျွန်တော်ကတော့ ကိုယ့် ကိုယ်ကိုယ် Winner ဆု ရမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်အကြိမ်ကြိမ် ဆုတောင်းတယ်။ သီချင်းနဲ့ ပတ်သက်တဲ့အရာတွေကို ကြိုးစားနားထောင်လေ့လာတယ်။ အရေးကြီးဆုံးက သည်းခံစိတ်တွေ၊ ကြိုးစားမှုတွေ ထည့်သွင်းထားရမှာပါ။ Winner ဖြစ်မယ်လို့ မထင်ထားပါဘူး၊ ဘုရားရဲ့ အလိုတော်အတိုင်းပါပဲ။
မေး - ပြိုင်ပွဲလည်း ပြီးသွားပြီဆိုတော့ ဆက်လက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပေးပါဦး။
ဖြေ - ဒီအစီအစဉ်လေးကနေ အခွေထုတ်ပေးမယ်လို့ ကြေညာထားပါတယ်။ အခုမှ ပွဲပြီးထားတာဆိုတော့ စကားမပြော ဖြစ်သေးပါဘူး။ လုပ်တော့ လုပ်သွားပါမယ်။ သင်္ကြန်မှာတော့ ၁၉ လမ်းမှာရှိတဲ့ Skynet မဏ္ဍပ်မှာ ပြိုင်ပွဲဝင် ၁၁ ယောက်လုံး ဖျော်ဖြေပါမယ်။
မေး - ပရိသတ်များကိုရော ဘာတွေများ ဖြည့်စွက် ပြောချင်သေးလဲ။
ဖြေ - ကျွန်တော့်ကို အားပေးချစ်ခင်ကြတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ Winner ဖြစ်အောင် Vote ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီအလုပ်ကို ၀ါသနာပါတဲ့အတွက် တတ်နိုင်သလောက် အကောင်းဆုံး ဆက်လျှောက်သွားမှာပါ။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။
Writer:
ခင်သဉ္ဇာဗိုလ်
http://news-eleven.com/entertainment/17645
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။