ဒေါ်အောင်ဆန်းစုကြည်ပေးသောသတင်းစကား
==========================
ပြီးခဲ့သည့် ၁၈.၄.၂၀၁၆ က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် သမိုင်းဝင်မည့်ပထမဦးဆုံး နှစ်သစ်မိန့်ခွန်းကိုပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် နိုင်ငံရေးကိုအဓိကဇောင်းပေးပြောကြားသွားပြီး စီးပွားရေးနှင့်ပတ်သက်၍`မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသည့်နိုင်ငံဖြစ်သော်လည်း သူ့အနေဖြင့်သယံဇာတကိုအားမကိုးကြောင်း, ယနေ့ကမ္ဘာမှာသယံဇာတမရှိသည့်နိုင်ငံလေးများတောင် သြဇာလွှမ်းမိုးနိုင်ပြီး`စီးပွားရေး´အရတိုးတက်မှု ရှိနေသည့်အတွက် ပြည်သူ့အားကိုအားကိုးပြီး ပြည်သူများ၏စွမ်းအင်နှင့်အရည်အချင်းကိုမြှင့်တင် သွားမည်ဖြစ်ကြောင်း´စသဖြင့်`စီးပွားရေး´ဆိုသည့် ဝေါဟာရတစ်လုံးသာပါသော်လည်း စီးပွားရေးတစ်ခုလုံးကိုလွှမ်းခြုံမိနိုင်သည့် သတင်းစကားတစ်ခုကိုပြောကြားသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပင် မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ခေတ်အဆက်ဆက်အုပ်စိုးသူများသည် သယံဇာတထုတ်ယူရောင်းချခြင်းမှ အကျိုးစီးပွားဖြစ်ထွန်းသည့်အတွက် သယံဇာတစီးပွားရေးကိုသာအားကိုးပြီး ကျန်သည့်စီးပွားရေးကဏ္ဍများမှေးမှိန်ခဲ့ရသည်။ အစိုးရကိုယ်တိုင်ကသယံဇာတစီးပွားရေးကိုအားပေးသည့်အတွက် စီးပွားရေးသမားများကလည်း တီထွင်ဖန်တီးမှုဖြင့်ပြည်တွင်းထုတ်ကုန်တိုးမြှင့်ပြီး ပြည်ပပို့ကုန်တိုးမြှင့်ရေးထက် အကျိုးအမြတ်ဖြစ်လွယ်သောသယံဇာတစီးပွားရေး နယ်ပယ်သို့ဝင်ရောက်လာကြသည်။ သယံဇာတစီးပွားရေးကြောင့် စီမံကိန်းစီးပွားရေးများဖြစ်ထွန်းလာပြီး `လက်သင့်ရာစားတော်ခေါ်´ဆိုသလိုအာဏာပိုင်များက မိမိတို့နှင့်နီးစပ်သူများကို လုပ်ကွက်များချပေးရာမှ လုပ်ကွက်များရရေးအတွက် လာဘ်ပေးလာဘ်ယူမှုများဖြင့် အာဏာပိုင်များကိုချဉ်းကပ်အကျွမ်းဝင်ပူးပေါင်း လုပ်ကိုင်သည့်ခရိုနီအရင်းရှင်စနစ် ကြီးထွားလာခဲ့သည်။သယံဇာတစီးပွားရေး ဖြစ်ထွန်းရာမှ သယံဇာတကိုစီမံခန့်ခွဲရန် အာဏာရှိရန်လိုသည့်အတွက် အာဏာတည်မြဲရန် မိမိကိုထောက်ခံသူများကိုလုပ်ပိုင်ခွင့်များဖန်တီးပေးပြီးအာဏာကိုဆုပ်ကိုင်ထားရာမှ အာဏာရှင်စနစ်အမြစ်တွယ်ကြီးထွားခဲ့ရသည်။ ဤသို့ဖြင့် သယံဇာတစီးပွားရေး စီမံကိန်းများဖြင့်လုပ်ကွက်စီးပွားရေးကြောင့်နိုင်ငံရေး စီးပွားရေးအင်စတီကျူးရှင်းများယိုယွင်းပျက်စီးခဲ့ပြီး ပြည်တွင်းထုတ်ကုန်ကျဆင်းမှုကြောင့်ပြည်ပပို့ကုန် ကျဆင်းပြီး ပြည်ပသွင်းကုန်သာများသည့်အတွက် ကုန်သွယ်မှုလိုငွေသာအမြဲပြနေသော်လည်း သဘာဝသယံဇာတထုတ်ယူရောင်းချသည့်
ငွေဖြင့်ထေမိခြင်းဖြင့် ဒတ်ခ်ျရောဂါ(Dutch Disease)စွဲကပ်လာခဲ့သည်။
ဒတ်ခ်ျရောဂါဟူသည် သယံဇာတများထုတ်ယူ၍ ပြည်ပသို့ရောင်းချနိုင်မှုကြောင့် ပြည်တွင်းထုတ်ကုန်များထိခိုက်ပြီး ကုန်တင်ပို့ရာမှာယှဉ်ပြိုင်နိုင်စွမ်းထိခိုက်လာခြင်းကို ရည်ညွှန်းသည်။၁၉၅၉ ခုနှစ်က ဒတ်ခ်ျ(နယ်သာလန်)နိုင်ငံတွင် သဘာဝဓာတ်ငွေ့အမြောက်အမြားတွေ့ရှိခဲ့ပြီးနောက် တိုင်းပြည်ကုန်ထုတ်လုပ်မှုကျဆင်းပြီး စီးပွားရေးထိခိုက်ခဲ့ခြင်းကို ရည်ညွှန်းရာမှာ `ဒတ်ခ်ျရောဂါ´ ဟူသည့် ဝေါဟာရကို
ကမ္ဘာကျော် The Economist သတင်းစာမှ ၁၉၇၇ခုနှစ်တွင်စတင်အသုံးပြုရာမှ အလားတူ စီးပွားရေးပုံစံများကိုရည်ညွှန်းရာတွင် အသုံးတွင်လာခြင်းဖြစ်သည်။ သယံဇာတကြောင့်လူတစ်စုကောင်းစားပြီး ပြည်သူအများဆင်းရဲဒုက္ခရောက်မှုကြောင့် သယံဇာတကျိန်စာသင့်သလိုဖြစ်နေသည့် ဒတ်ခ်ျရောဂါသည် နိုင်ငံရေးစီးပွားရေး ပြဿနာများကိုအဓိကဖန်တီးသူဖြစ်လာသည်။ ထို့ကြောင့် နိုင်ငံရေးစီးပွားရေးတိုးတက်မှုများဖြင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် တိုးတက်သည့်နိုင်ငံတစ်ခုဖြစ်ရေးအတွက်ဖြစ်စေ အကျင့်ပျက်ခြစားမှုများကင်းစင်ပြီး သန့်ရှင်းသောအုပ်ချုပ်မှုဖြင့် ကောင်းမွန်သောအစိုးရတစ်ရပ်ဖော်ဆောင်ရေးအတွက် ဖြစ်စေ ဒတ်ခ်ျရောဂါကို အမြစ်ပြတ်အောင်ကုစားရမည်ဖြစ်သည်။ ထိုသို့ကုစားရန်လိုအပ်နေချိန်တွင် ဒတ်ခ်ျရောဂါကိုဖြစ်စေသည့် သယံဇာတကိုအားမကိုးဘဲ ပြည်သူများကိုသာအားကိုးပြီး ပြည်သူများ၏စွမ်းအင်နှင့်အရည်အချင်းကို မြှင့်တင်ပေးမည်ဟုဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်သည် စီးပွားရေးပုံစံအသစ်ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသာမက စီးပွားရေးကြောင့်ဖြစ်နေသည့် နိုင်ငံရေးတည်ငြိမ်ရေးအတွက် မျှော်လင့်ချက်လမ်းစပင်ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာရှိပြီးကြိုဆိုရမည့်သတင်းစကားလက်ဆောင် အတိုင်း အကျင့်ပျက်ခြစားမှုများဖြင့် အာဏာရှင်စနစ်ကိုအားပေးပြီး ဒတ်ခ်ျရောဂါကိုအမြစ်တွယ်စေသည့် သဘာဝသယံဇာတပစ္စည်းများကို အားမကိုးဘဲ ပြည်သူပြည်သားများ၏စွမ်းအင်နှင့် အရည်အချင်းကိုမြှင့်တင်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖြင့် တိုးတက်သောမြန်မာနိုင်ငံဖြစ်ထွန်းနိုင်ပါစေကြောင်း…
(Myanmar B2B Management Magazine ဇွန်လထုတ်တွင်ဖော်ပြပါရှိမည့် အယ်ဒီတာ့အမှာကိုဖော်ပြပါသည်။)
Photography-Myanmar State Counsellor Office
==========================
ပြီးခဲ့သည့် ၁၈.၄.၂၀၁၆ က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ
ကမ္ဘာကျော် The Economist သတင်းစာမှ ၁၉၇၇ခုနှစ်တွင်စတင်အသုံးပြု
(Myanmar B2B Management Magazine ဇွန်လထုတ်တွင်ဖော်ပြပါရှိမည
Photography-Myanmar State Counsellor Office
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။