ပုံပြင်ထဲက အမြင်သစ်နဲ့ ပုံပြင်
--------------------
ကိုယ့်ကို လမ်းတစ်ခုဆီ ညွှန်ပြနိုင်တဲ့ ပုံပြင်တစ်ပုဒ်ကို နားထောင်ပေးဖို့ အချိန် ခင်ဗျားတို့မှာ ရှိသလား။
ပြည့်စုံတဲ့ ပုံပြင်တစ်ပုဒ်ဟာ လူတစ်ယောက်ကို အစကနေ အဆုံးအထိ ဖတ်စေသလို ပုံပြင်က ပေးတာကိုလည်း နားထောင်သူအနေနဲ့ ရအောင် ယူနိုင်လေ့ ရှိပါတယ်။ ဒီလို နားလည် သဘောပေါက် ခြင်းက နားထောင်သူကို လမ်းတစ်ခုကနေ နောက်တစ်ခု ကို အမြင်ပြောင်းခြင်း နဲ့ အတူ ပို့ဆောင် ပေးပါလိမ့်မယ်။
ဒါ့ကြောင့် ခင်ဗျားတို့မှာ နားထောင်ပေးဖို့ အချိန်ရှိရင် ဟောဒီ ပုံပြင်လေးက အမြင်ပြောင်းပေးမယ့် ပုံပြင်လေး တစ်ပုဒ်လို့ ကျုပ် ရဲရဲကြီး အာမခံတယ်။
--------------------
နာမည်ကျော် ဆာမူရိုင်းတစ်ယောက်နဲ့ ယှဉ်ပြိုင်မယ်ဆိုပြီး အဖိုးကြီး တစ်ယောက် က လာတွေ့ခဲ့ ဖူးတယ်။ တမြို့လုံးလူတွေ လာအားပေးတာ။ ဒီမသန်မာတဲ့ အဖိုးကြီး က ဘယ်လို ဂျပန် တပြည်လုံး အကျော်အမော် ဆာမူရိုင်းကို နိုင်မလဲပေါ့။ ဒါနဲ့ ပြိုင်ပွဲ စလို့ ဆာမူရိုင်းကြီးက ဓါးကိုင်ပြီး အဘိုးကြီးဆီ ပြေးလာတုန်း အဖိုးကြီးကတော့ ဓါးကို ဘေးချပြီး ပုံပြင်တစ်ပုဒ်ကို စပြောတယ်။
"ဟိုးရှေးရှေးတုန်းက လူတစ်ယောက်ဟာ မနက်ခင်းမှာ နိုးထ လာခဲ့တယ်။ မနက်ခင်း မိုးသောက် ရောင်ခြည် ဟာ သူ့ မျက်လုံး ထဲကို စူးဝင်လာတဲ့အခိုက်မှာ ထိုသူဟာ အားရကျေနပ်စွာ တစ်ချက် အကျယ်ကြီး သမ်းလိုက်တယ်"
ဒီလိုပြောနေတုန်းမှာပဲ ဆာမူရိုင်းကြီးဟာ ဓါးကိုဘေးချပြီး အဘိုးအိုကို အရိုအသေ ပေးလို့ သူရှုံးပါပြီလို့ ဝန်ခံသွားတယ်။
လာကြည့်တဲ့ ပရိသတ်တွေက တအံ့တသြ နဲ့ ဘာ့ကြောင့်တုန်းလို့ မေးတဲ့ အခါမှာ ဆာမူရိုင်းကြီးက ပြန်ဖြေတယ်။
"ဆာမူရိုင်းမှန်ရင် တိုက်ခိုက်တဲ့ အချိန်မှာ စိတ်ကို ပစ္စုပ္ပန် တည့်တည့်မှာ ထားရ ပါ တယ်။ ဒါပေမယ့် အဖိုးအိုဟာ ကျုပ်ရဲ့ ပစ္စုပ္ပန်မှာ တည့်မတ်ထားတဲ့ စိတ် ကို သူ့ပုံပြင် အတိတ်လေးဆီကို မရောက် ရောက် အောင် ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။ အဘိုးအို နေရာမှာ ရန်သူသာ ဆိုရင် ကျုပ် သေနေတာ ကြာပြီပေါ့။ ဒါ့ကြောင့် ကျုပ်ရှုံးပါတယ်"
ပုံပြင်လေးကတော့ ဒီမှာ အဆုံးသတ်သွားပါပြီ။ ဒီလို ပုံပြောသွားတဲ့ ပုံပြင်တစ်ပုဒ်အတွက် ခင်ဗျားတို့ ရင်ဘတ်ထဲမှာ ထိုင်ခုံရှိနေခဲ့သလား။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။