မှတ်စုကြမ်း
ပင်လယ်ဇင်ယော်လေးတွေဟာ ငါးဖမ်းလာပြီးတိုင်း နီးရာ ကမ်းခြေတစ်ခုကို ချီပြီး ပျံလေ့ ရှိကြတယ်။ ကမ်းစပ်က ကျောက်ဆောင်ပေါ်ရောက်မှသာ ဖမ်းလာတဲ့ ငါးကိုစားတယ်။
ဗိုက်ပြည့်ရင် ခနတဖြုတ် အနားယူတယ်။ ပြီးတော့မှ ပင်လယ်ဘက်ကို ပြန်လည် ထွက်ခွာသွားလေ့ ရှိကြတယ်။
ဒီလို ပင်လယ် ဇင်ယော်လေးတွေဟာ ပျော်ရွှင်ခြင်းတွေကို ယူဆောင်လာတတ်
ကြတယ်လို့ ရှေးအခါက ကယ်လီဖိုးနီးယား ကမ်းရိုးတန်းဘက် အခြမ်းမှာ
နေထိုင်သူတွေဟာ ယုံကြည်ကြတယ်။
ယုံကြည်ကြတဲ့ အလျောက် ဇင်ယော်လေးတွေ လာရင် ထောင်ဖမ်းလေ့ ရှိကြတယ်။ ဒီလို ဖမ်းပြီးတော့ သူတို့ အနား မှာ ခေါ်ထားရင် ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝနေလိမ့်မယ်လို့ ထင်ကြလို့လေ။
တကယ်တော့ လူတွေဟာ ကိုယ့်ရင်ထဲမှာ ဖြစ်ပေါ်လာမယ့် ပျော်ရွှင်မှုကို ဇင်ယော်ဆီမှာ လိုက်ရှာနေခဲ့ ကြတာပဲ ဖြစ်ပါတယ်။
ကိုယ့်အနားမှာ ဖမ်းခေါ်ထားလိုက်တဲ့ ဇင်ယော်ကြောင့် ဖြစ်လာတဲ့ ကျေနပ်စိတ်လေးကို ပျော်ရွှင်မှုလို့ သူတို့ ထင်ကြတယ်လေ။
ပင်လယ် ဇင်ယော်လေးတွေက ပျော်ရွှင်မှုကို သယ်ဆောင် လာတာထက် ကျွန်တော့်အမြင်မှာတော့ ပျော်ရွှင်မှု ဆိုတာ ပင်လယ်ဇင်ယော် ဆန်တယ်လို့ပဲ ပြောင်းပြန် မြင်မိတယ်။
ကမ်းခြေဟာ လူနဲ့တူပြီး ဇင်ယော်လေးတွေသာ ပျော်ရွှင်မှုနဲ့တူမယ်ဆိုရင် ကျွန်တော်တို့ဟာ ပင်လယ် ဇင်ယော်လေးတွေကို ဖမ်းထားလို့ မရကောင်းပါဘူး။ သူ့နားခိုချိန် ပြည့်လာရင် ပြန်လည်ထွက်ခွာ သွားမှာပဲလေ။
ဒီလို ပြန်လည် ထွက်ခွာ မှာသာ နောက်တစ်ခါ ငါးထပ်ရှာခွင့် ရလိမ့်မယ်။ ငါးရလာတဲ့အခါလည်း မလွဲမသွေ ကမ်းကို သူပြန်ကပ်ပါလိမ့်ဦးမယ်။
ဇင်ယော်လေးတွေကို ပြန်လွှတ်တတ်ကြပါစေ။
#kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။