Bamaw Thein Pe added 3 new photos.
ကြီးပွားအောင်မြင်ရေးအကျင့် (၂၂))
#စိတ်ခံစားမှုကို_အလိုမလိုက်ပါနဲ့
လူတိုင်းမှာ ခံစားချက်ရှိကြတယ်။ အဲဒီခံစားချက်ပေါ်မှာ တုံ့ပြန်မှုတွေ လုပ်ကြတယ်။ ဥပမာ - လူတစ်ယောက်က သင့်ကိုဆဲလာရင် သင့်စိတ်ထဲမှာ ဒေါသထွက်သွားတယ်။ လူတစ်ယောက်က လက်ဆောင်လာပေးရင် ပျော်တယ်။ စိတ်ဆင်းရဲစရာ သတင်းတစ်ခုကြားရင် စိတ်မကောင်းဖြစ်ကြတယ်။ ဒါဟာ သာမန်လူအတော်များများရဲ့ တုံ့ပြန်မှုတွေပါ။ ဒါပေမဲ့ အောင်မြင်ကြီးပွားသူတွေကတော့ ခံစားချက်အပေါ်မှာ သာမန်လူတွေလို မတုံ့ပြန်တတ်ကြဘူး။ သူတို့ဟာ ခေါင်းအေးအေးထားပြီး ခံစားချက်ကို ရှေ့တန်းမတင်ပဲ လုပ်သင့်တာနဲ့ပဲ တုံ့ပြန်တတ်ကြတယ်။ အဲဒါကြောင့်လည်း သူများတွေက ဒုက္ခဆင်းရဲလို့မြင်တာကို သူတို့က အခွင့်အလမ်းအဖြစ် မြင်ကြတယ်။
၁၉၆၇ ခုနှစ်လောက်က ဟောင်ကောင်ကျွန်းမှာ တရုတ်ပြည်မကြီးက
ကွန်မြူနစ်အစိုးရကို ထောက်ခံသူတွေနဲ့ အဲဒီအချိန်က အုပ်ချုပ်နေတဲ့
ကိုလိုနီဗြိတိသျှအစိုးရကို ထောက်ခံသူတွေကြား မကြာခဏ တိုက်ခိုက်မှုတွေ
အဓိကရုန်းတွေဖြစ်လာပြီး ဟောင်ကောင်ရဲ့ နိုင်ငံရေး မတည်မငြိမ် ဖြစ်လာတယ်။
နောက်ပြီး တရုတ်ပြည်မကြီးက ဟောင်ကောင်ကျွန်းကို ၀င်သိမ်းမယ်ဆိုတဲ့ ကောလဟာလ
သတင်းကလဲ တနိုင်ငံလုံးကို ပျံ့နှံ့နေတယ်။ ချမ်းသာသူတွေက သူပိုင်တဲ့
အိမ်တွေ၊ မြေတွေကို ရရာဈေးနဲ့ ရောင်းချပြီး တခြားနိုင်ငံတွေကို
ထွက်ခွာသွားကြတယ်။ ဒီလိုဟောင်ကောင်နိုင်ငံတစ်ခုလုံး မတည်မငြိမ်
စိုးရိမ်စိတ်တွေကြီးစိုးနေတဲ့အချိန်မှာ အကွက်မြင်တဲ့ လီကာရှင်းက အိမ်ခြံမြေ
အမြောက်အများကို ဈေးအလွန်သက်သာစွာနဲ့  ၀ယ်ထားလိုက်တယ်။
နောက်ပိုင်း ဟောင်ကောင်ရဲ့ နိုင်ငံရေးအခြေအနေ ပြန်လည်တည်ငြိမ်သွားပြီး အိမ်ခြံမြေဈေးတွေ တက်လာတော့ လီကာရှင်းဟာ သူဈေးပေါပေါနဲ့  ၀ယ်ထားတဲ့ အိမ်ခြံမြေတွေကို ပြန်လည်ရောင်းချလိုက်လို့ ဒေါ်လာသန်းချီမြတ်ပြီး အရမ်းချမ်းသာသွားတယ်။ ဒါဟာ လူတွေ စိုးရိမ်စိတ်နဲ့ စိတ်ပူနေကြချိန်မှာ လီကာရှင်းဟာ စိတ်ခံစားမှုကို ဦးစားမပေးဘဲ တည်တည်ငြိမ်ငြိမ် စဉ်းစားနိုင်ခဲ့လို့ မဟာအခွင့်အလမ်းကြီးကို မြင်တွေ့ခဲ့သလို အဲဒီအခွင့်အလမ်းကြီးကိုလည်း အမိအရ ဖမ်းဆုပ်ယူခဲ့ပါ
နောက်တစ်ယောက်ရှိသေးတယ်။ စတော့ရှယ်ယာဝယ်ရောင်းရင်း ဘီလျံနာ သူဌေးကြီးဖြစ်လာတဲ့ အမေရိကန်နိုင်ငံက ၀ါရင်ဘတ်ဖက်ပါ။ သူဟာ စတော့ရှယ်ယာဈေးကျလို့ လူတွေဟာ စိုးရိမ်တကြီးနဲ့  သူတို့ ၀ယ်ထားတဲ့ ရှယ်ယာတွေကို အလုအယက်ရောင်းချနေချိန်မှာ ၀ါရင်ဘတ်ဖက်ဟာ သူ့ရှယ်ယာတွေ မရောင်းချပါဘူး။ လူတွေကအားလုံး စိုးရိမ်ပူပန်မှုတွေ ဖြစ်နေချိန်မှာ သူလည်း စိုးရိမ်တာပါပဲ။ ဒါပေမဲ့ သူက အဲဒီခံစားချက်ထက် လုပ်သင့်တာကို လုပ်ဖို့ စိတ်ကူးထားတယ်။ ရှယ်ယာတွေကို လူတွေက အပြိုင်အဆိုင် ရောင်းချလို့ အနိမ့်ဆုံးဈေးကျသွားတဲ့အချိန်မှာ သူဟာ အဲဒီရှယ်ယာတွေကို ဈေးအပေါဆုံးနဲ့  လိုက်ဝယ်ထားလိုက်တယ်။ ရှယ်ယာရဲ့  သဘောက အမြဲတမ်းကျနေ၊ အမြဲတမ်း တက်နေတယ် မရှိဘူး။ တက်ပြီးရင် တချိန်မှာ ပြန်ကျမယ်၊ ကျပြီးရင် တချိန်မှာ ပြန်တက်လာပြီး အမြင့်ဆုံးဈေးဖြစ်တဲ့အခါမှ ၀ါရင်ဘတ်ဖက်က သူဝယ်ထားတဲ့ ရှယ်ယာတွေ ပြန်ထုတ်ရောင်းလိုက်တယ်။ ဒေါ်လာဘီလီယံချီပြီး မြတ်သွားတယ်။
စိတ်ခံစားမှုအလိုလိုက်ခဲ့လို့ အောင်မြင်မှုကြီးတစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အကြောင်းလေး ပြောပြချင်ပါတယ်။ ၂၀၀၆ ခုနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးဖိုင်နယ်ပွဲမှာ ဖြစ်ပျက်ခဲ့တာပါ။ ဖိုင်နယ်ပွဲမှာ တွေ့ကြတာက ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ပြင်သစ်အသင်းနဲ့ အီတလီ အသင်းတို့ပါ။ ပြင်သစ်အသင်းမှာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုရထားတဲ့ ဇီဒိန်း ပါဝင်သလို ဖိုင်နယ်ပွဲ မတိုင်ခင် တွေ့သမျှ အသင်းတွေကို ဂိုးအပြတ် နိုင်ခဲ့ပါတယ်။ အီတလီကတော့ ရုန်းရင်းကန်ရင်းနဲ့ ဖိုင်နယ် တက်လာခဲ့တာပါ။ ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိ တစ်ဖက် ၁ ဂိုး စီနဲ့ သရေကျနေလို့ အချိန်ပို ကစားချိန်ရတယ်။ ပွဲစဉ် တစ်လျှောက်လုံးမှာ ပြင်သစ်အသင်းက အသင်းခေါင်းဆောင် ဇီဒိန်းဟာ ကွင်းလည်ကနေ သူ့တစ်သင်းလုံး ကို ဘောလုံးဖြန့်ဝေပေးနေမှုကြောင့် လှပသေသပ်စွာနဲ့ ပြင်သစ်အသင်းဟာ အီတလီကို ခြေအသာနဲ့ ကစားနေပါတယ်။
အဲဒီအချိန်မှာ အီတလီ နောက်တန်းလူ မာတာရာဇီနဲ့ ဇီဒိန်းတို့ ဘောလုံးယှဉ်လုရင်း ရာဇီက ဇီဒိန်းရဲ့ ဂျာစီအကျီ င်္ကို ဆွဲမိသွားတယ်။ ဇီဒိန်းက မင်း ငါ့ဂျာစီကို အရမ်းလိုချင်နေရင်လည်း ပွဲပြီးတဲ့အထိ စောင့်ပေါ့ကွာလို့ မထိတထိ စလိုက်တယ်။ ရာဇီက ဇီဒိန်းရဲ့အမေနဲ့ အမတို့ကို ညစ်ညစ်ညမ်းညမ်း မကြားတကြားဆဲ လိုက်တယ်။ အဲဒါကိုကြားတဲ့ ဇီဒိန်းဟာ ရှေ့ကိုပြေးသွားရာက ပြန်လှည့်လာပြီး ခေါင်းနဲ့ ရာဇီရဲ့ ရင်ဘတ်ကို ပြေးဆောင့်လိုက်တယ်။ အဲဒါကို မြင်တဲ့ ဒိုင်လူကြီးက ဇီဒိန်းကို အနီကဒ်ပြပြီး ထုတ်ပစ်လိုက်တယ်။ ဇီဒိန်းမပါတော့သလို ဘောလုံးသမားတစ်ယောက်လျော့သွားပြီး ကစားနေရတဲ့ ပြင်သစ်ဟာ အီတလီကို မနိုင်တော့ပါဘူး။ အချိန်ပိုပြီးသွားတော့ ပင်နယ်တီဂိုးနဲ့ ဆုံးဖြတ်ရာမှာ အီတလီအသင်းက ပြင်သစ်ကို ၅ ဂိုး ၃ ဂိုး နဲ့ နိုင်ပြီး ချန်ပီယံဖြစ်သွားခဲ့တယ်။ ဘောလုံးပွဲ ဝေဖန်ရေးသမားတွေက တကယ်လို့ ဇီဒိန်းသာ အနီကဒ်ပြ အထုတ်မခံခဲ့ရရင် ပြင်သစ်အသင်းဟာအီတလီသင်းကို ဂိုးပြတ်နိုင်ပြီး သေချာပေါက် ကမ္ဘာ့ ချန်ပီယံဖြစ်မှာပါလို့ ပြောကြတယ်။
အခုပြောခဲ့တာတွေဖတ်ပြီးရင် စိတ်ခံစားမှုကို အလိုလိုက်တာ မကောင်းဘူးဆိုတာ သိနိုင်ပါပြီ။ ဒါကြောင့် စိတ်အခန့်မသင့်တဲ့အကြောင်း တိုက်ဆိုင်ရင်ဖြစ်ဖြစ်၊ စိတ်ဆိုးစရာ တွေ့ရင်ဖြစ်ဖြစ် စိတ်ခံစားမှုကို ချက်ချင်း မတုံ့ပြန်ပါနဲ့။ စိတ်အေးအေးထားပြီး ဘယ်လို တုံ့ပြန်ရင် ကောင်းမလဲဆိုတာကို အချိန်ယူစဉ်းစားလိုက်ပါအုံး။ စဉ်းစားပြီးမှ အကောင်းဆုံးကို တုံ့ပြန်လိုက်ပါ။ စိတ်အေးအေးထားပြီး တည်တည်ငြိမ်ငြိမ်ရှိမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာပါ။
ခံစားချက်ကို အလိုမလိုက်တတ်တာ အောင်မြင်ကြီးပွားသူတွေရဲ့ အကျင့်တစ်ခုပါ။
ဗန်းမော်သိန်းဖေ
၀၄-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။