"ရထား ၃၃"ကို မောင်းနှင်ခဲ့သော စိုင်းလေး
2014 ခုနှစ်ဟာ ရော့ခ်ဂီတချစ်သူများအတွက် ကျေနပ်အားရစရာ နှစ်တစ်နှစ်ပါ။ လူဟောင်းတွေဆီက အသစ်တွေရခဲ့သလို အသစ်တွေဆီက ရသအသစ်တွေ ရခဲ့ပါတယ်။ ကျေနပ်အားရစရာကောင်းသော ကျွန်တော့်ရဲ့သောတရုံကို လာလှုပ်ခတ်သော အသစ်တွေထဲမှာ `စိုင်းလေး´တစ်ယောက်လည်း အပါအဝင်ပါ။ ရထားနဲ့ တေးသွားနံပါတ် ၃၃ သီချင်းနှစ်ပုဒ်ရဲ့ ခေါင်းစဉ်တွေနဲ့ ရထား ၃၃ ရယ်လို့ အမည်တပ်ထားသော သူ့အယ်လ်ဘမ် မထွက်ခင်တည်းက soundcloud ကနေ သံယောဇဉ်မပြတ်လို့ကို ရယူနားဆင်ဖူးပါတယ်။
ဘယ်သူဆိုမှန်း မသိသေးပေမယ့် ခဏခဏ နားဆင်မိပါတယ်။ ခွေထွက်လာချိန်မှာလည်း မန္တလေးကနေ တကူးတက မှာယူခဲ့ပြီး အားပေးခဲ့ပါတယ်။ အဆိုတော်အသစ်၊ တေးရေးအများစုက အသစ်၊ band အသစ်နဲ့ ရထား ၃၃ ဟာ ကျွန်တော့်အာရုံထဲ လှပစွာ ခုတ်မောင်းသွားပါတယ်။ ရထားကြီးခုတ်မောင်းပုံဟာ အပြင်း အပျော့ အနှေး အမြန် စုံလင်လှပြီး မြင်ကွင်းအသစ်တွေကို တွေ့လိုက်ရပါတယ်။ နှစ်ကုန်ခါနီးမှာ ဂီတဆုပေးပွဲတစ်ခုရဲ့ စကာတင်စာရင်းထဲ သူ့သီချင်း `မီးမ´ပါဝင်ခဲ့ပေမယ့် ဆုတော့ မရခဲ့ပာဘူး။ သူ့ရဲ့ ဂီတရထားကြီးကို အကြောင်းပြုလို့ သူတို့တဖွဲ့လုံးနဲ့ ရင်းနှီးသွားတဲ့အခါ အားလုံးဟာ မာန်မာနမရှိတဲ့ လူပျော်ကြီးတွေဆိုတာ သိလိုက်ရတယ်။ စကားပြောတဲ့အခါ အားပါးတရ ပြောလေ့ရှိပြီး ရယ်ရင်လည်း မပြုံးဘဲ ဝါးလုံးကွဲရယ်လေ့ရှိပါတယ်။ CICADA bandနဲ့ စိုင်းလေးတို့အဖွဲ့ မုံရွာကို ဂီတဖျော်ဖြေပွဲတစ်ခုဆီအသွား ၁၁၅မိုင်မှာ ကျွန်တော်နဲ့စကားတွေ အပြောကောင်းတာ ကားထွက်သွားလို့ အထုပ်တွေနဲ့ ပြေးလိုက်ရတဲ့တစ်ညကို သတိရနေမိတယ်။
ခု ဒုတိယအယ်လ်ဘမ် ပြီးတော့မယ်ဆိုတော့ အဲ့ဒီအကြောင်း ပရိသတ်ကို အသိပေးရင်း ပထမအယ်လ်ဘမ်ကို မသိ မမှီလိုက်ရသူတွေကိုလည်း သူ့သီချင်းတွေ နားထောင်စေချင်လို့ အင်တာဗျူးနဲ့အတူ ပြန်လည် တင်ဆက်ပေးပါရစေ။
အသွေးအသားထဲက တောင့်တနေတဲ့ ရော့ခ်သီချင်းစစ်စစ်တွေ ရထား၃၃ပေါ်မှာ ရှာဖွေတွေ့ရှိနိုင်ကြပါစေ.....
Q. ရထား ၃၃ ကို ဘယ်နှစ်မှာ စတင်သန္ဓေတည်ခဲ့တာလဲ
A. ၂၀၁၁ နှစ်ဦးပိုင်းလောက်ပိုင်းမှာ စဖြစ်တယ်ဗျ။
Q. စိုင်းလေးကြောင့် CICADA ဖွဲ့ဖြစ်တာလား၊ အရင်တည်းက ရှိပြီးသားလား
A. အဲ အရင်ကတော့မရှိဘူးဗျ။
ခွေစလုပ်တော့မယ်ဆိုတော့ ကျွန်တော်ရယ် ကိုဖိုးအီရယ် နှစ်ယောက်သား တိုင်ပင်ကြတယ်။
ပြီးတော့ ကိုဖိုးအီကပဲ ကျွန်တော်တို့နဲ့ အဆင်ပြေမယ့် player တွေရွေးတယ်။
အဲ့တော့ ရထား၃၃ ကနေပြီးတော့ CICADA စဖြစ်လာတယ်ပေါ့ဗျာ ။
Q. တေးရေးတွေကလည်း အသစ်တွေများတယ်။ အသစ်တွေပေးချင်လို့ တမင်စုစည်းခဲ့ကြတာလား
A. စုစည်းခဲ့တာ မဟုတ်ဘူးဗျ။
၃၃ မှာပါတဲ့တေးရေးတွေအားလုံးက အရင်ကတည်းက တစ်စုတည်းရှိခဲ့ကြတာပါ။ အားလုံး ဘော်ဒါဘော်ဂျွတ်တွေချည်းပဲ
Q. သီချင်းတွေကို ရေးပြီးသားဝယ်တာလား ဒါမှမဟုတ် ဘော်ဒါတွေက စိုင်းလေးအတွက် ရည်ရွယ်ရေးခဲ့တာတွေလား
A. တစ်ချို့အပုဒ်တွေ (ဥပမာ..တေးသွား ၃၃) ဆိုရင် ကျွန်တော်လိုချင်တာကို လူဇော့်ကို ရေးခိုင်းတာ။
ကျန်တာတွေကလည်း သူတို့နဲ့က အမြဲတွေ့နေရတော့ အသစ်ရေးလိုက်တာနဲ့ ကျွန်တော့်ကို ဆိုပြတယ်။ အများစုကတော့ ကျွန်တော့်အကြိုက်များပါတယ်။
အဲ့အထဲကမှ ဒီကောင်တွေကို ဂျီးများရတာပေါ့ဗျာ 😁😁😁၊ ရထား သီချင်းဆိုရင် ကျွန်တော်ရယ် ဘွန်း (တေးရေး) ရယ်
ရထားစီးနေတုန်း သူက ကဗျာရေးချင်တယ်ပြောပြီး ကဗျာရေးလိုက်တာ။
နောက် ကျွန်တော်ကြိုက်ပြီး သီချင်းလုပ်ဖြစ်သွားတာ
Q. ရထား၃၃ မတိုင်ခင်ကရော ဘာတွေလှုပ်ရှားခဲ့ကြသေးလဲ
A. အရင်ကတော့
ရေးတဲ့သူတွေကလည်း သူတို့ဘာသာရေးနေကြတာ။
ကျွန်တော်လည်း ဆိုချင်ရာလျှောက်ဆိုနေတာ။
ခရစ်ယာန် ဓမ္မတေးအခွေတွေမှာတော့ ၄ ၅ ခွေလောက် ဆိုဖူးပါတယ်။
ပြီးတော့ ကိုဖိုးအီ စီစဉ်ပြီးထုတ်ခဲ့ဖူးတဲ့
Eco ကျောင်းအခွေမှာ ပါဖူးတယ်။
Q. တစ်ကိုယ်တော်ခွေလုပ်ဖို့ ဘယ်တည်းက စိတ်ကူးရှိခဲ့တာလဲ
A. ကြာပါပကောဗျာ။
ဘယ်အချိန်ကတည်းကဆိုတာတော့ မပြောတတ်ဘူးဗျ။
ဒီ ရထား ၃၃ မတိုင်ခင် ၂၀၀၃ ၂၀၀၅ လောက်မှာလည်း Solo ခွေ ၂ လောက် လုပ်ဖူးပါတယ်။အကြောင်းကြောင်းကြောင့် ပျက်သွားခဲ့ရတယ်။
ဒီအခွေထဲမှာပါတဲ့ ရထား ၊ မီးမ သီချင်းတွေက ၂၀၀၅ မှာလုပ်ခဲ့တဲ့ solo ခွေထဲက သီချင်းတွေပါ။
Q. ခွေစလုပ်တည်းက ပရိုဂျူဆာရခဲ့တာလား
A. မရှိခဲ့ပါဘူး
Q. ဘယ်လိုချိတ်မိသွားတာလဲ
A. အခွေပြီးခါနီးမှာ ကျွန်တော်တို့ Producer ရှာကြတယ်။
အဲ့လို လိုက်ပြရင်း လိုက်ပြရင်းနဲ့ နောက်ဆုံး ကိုဖိုးသား Guardians ကို ပြဖြစ်တယ်။ သူက ထုတ်ပေးမယ်ဆိုတာနဲ့ ကျွန်တော်တို့အခွေ ထွက်ဖြစ်သွားတယ်။
Q. ဘယ်နှပုဒ်လောက် လုပ်ထားပြီးမှ ဘယ်နှပုဒ် ရွေးချယ်ခဲ့တာလဲ။
A. ၁၆ ပုဒ်လောက် လုပ်ထားတာဗျ။
နောက်မှ ၁၂ ပုဒ် ရွေးပြီး ထည့်လိုက်တာ။
Q. ချန်ခဲ့တဲ့အပုဒ်တွေကို နောက်အခွေမှာ ထည့်ဦးမလား
A. မထည့်ဖြစ်တော့ဘူးဗျ
Q. မထွက်ဖြစ်ခဲ့တဲ့ solo ခွေတွေမှာရော သီချင်းပုံစံတွေက ဒီလိုပဲလား
A. ရထားထက် ကြမ်းတာတွေများတယ်ဗျ :-)
Q. စာနယ်ဇင်းဆရာတစ်ယောက်က စိုင်းလေးကို အငဲနဲ့တူတယ်လို့ ပြောတယ်။ ကိုယ့်ကိုယ်ကိုရော တူတယ်လို့ ယူဆထားလား
A. လွှမ်းမိုးမှုတော့ရှိပါတယ်။
တော်တော်များများလည်း ပြောပါတယ်။
ကိုယ့်ကိုယ်ကိုတော့ မတူဘူးလို့ခံစားရပါတယ်။
ခု ဒုတိယ Album မှာတော့ ပိုပြီးကွဲပြားပါလိမ့်မယ်။
Q. ဒုတိယအယ်လ်ဘမ်ကရော ဘယ်အခြေအနေ ရောက်နေပြီလဲ။ ဘာတွေ အပြောင်းအလဲရှိမလဲ
A. တော်တော်လေးကို ပြီးနေပါပြီ။
တစ်ချို့အပုဒ်တွေဆို Mixing စဆွဲနေပါပြီ။
အပြောင်းအလဲဆိုတာထက် ဒီအခွေမှာ ကျွန်တော်တို့ ပိုပြီးကြိုးစားထားတယ်လို့ပဲ ပြောပါရစေ
Q. တေးရေးတွေကရော အရင်လူတွေပဲလား
A. ဟုတ် တော်တော်များများ အရင်လူတွေပါပဲ။
အသစ် ၂ ယောက်လောက်တော့ ပါတယ်။
Q. ပထမအယ်လ်ဘမ်ဟာ ငွေကြေးအရ မအောင်မြင်ပေမယ့် အနုပညာအရအောင်မြင်တယ်လို့ ပြောရင်ရမလား
A. ကျွန်တော်တို့ လုပ်ချင်တာလေး စုပေါင်းပြီးလုပ်ကြတာပါ။
အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကတော့ လူတွေသတ်မှတ်ပေးတဲ့အရာပါ။
ကျွန်တော်တို့ကတော့ ကျွန်တော်တို့အခွေလေးကို အရမ်းတန်ဖိုးထားပါတယ်။
Q. ပထမအခွေမှာတင် ပရိသတ်အခိုင်အမာရခဲ့ပြီလား
A. အဟီး တစ်ချို့တွေလည်း ကြိုက်ကြပါတယ်။
တစ်ချို့တွေလည်း သိတောင် မသိလိုက်ကြပါဘူး။
အရင်တုန်းကထက်တော့ ဘော်ဒါတွေပိုရလာတယ်လို့ ခံစားမိပါတယ်။ 😁😁😁
Q. ရှိုးပွဲတွေလည်း CICADAနဲ့အတူ ဘယ်နှပွဲလောက် ဖျော်ဖြေခဲ့ကြပြီးပြီလဲ
A. Band နဲ့ကတော့ ၂ ပွဲ ၃ ပွဲလောက်ပါပဲ။
တစ်ယောက်တည်းဆိုရတာက များပါတယ်။ ငှါးတဲ့သူ အဆင်ပြေရင်တော့ Band လိုက်ပဲ ဆိုချင်ပါတယ်။
Q. ပရိသတ် တုံ့ပြန်မှုကရော ဘယ်လိုနေလဲ
A. ကောင်းပါတယ်။ တစ်ချို့မြို့တွေဆို Showဆိုပြီးမှ ကျွန်တော်တို့ကို သတိထားမိကြတယ်။
အားလည်းပေးကြပါတယ်။
Q. ရထား၃၃ကို mtv မထုတ်တော့ဘူးလား
A. မထုတ်ဖြစ်တော့ဘူးဗျ။
Q.CICADA BAND က ခြေလှမ်းသွက်သလောက် စိုင်းလေးက နှေးနေတယ်လို့ ထင်ရတယ် ဘာကြောင့်လဲ
A. CICADA က အခြားအခွေတွေမှာလည်း
Section တီးကြပါတယ်။
ပြီးတော့ ကျွန်တော့်ရဲ့ တေးရေးတွေကလည်း အခွေတွေထွက်နေကြတော့ သူတို့အတွက်လည်း တီးပေးကြတယ်။
ကျွန်တော်ကတော့ သီချင်းလေးတွေ သေချာရွေးနေတာရယ်၊ ပြီးတော့ တီးတဲ့အခါလည်း တစ်ချို့အပုဒ်တွေ ပြန်တီး ပြန်ဆိုနဲ့ပဲ
ကြာနေတာ။ ပျင်းနေတာလည်း ပါတာပေါ့ဗျာ။ 😁😁
Q. စီနီယာထဲမှာ ခေတ်ပြိုင်တွေထဲမှာ ဘယ်သူတွေကို ကြိုက်လဲ
A. တော်တော်များများကို ကြိုက်ပါတယ်။
အများကြီးပဲဗျ။ အားလုံးကလည်း ဘော်ဒါတွေဖြစ်နေတော့ တစ်ချို့တွေကျန်ခဲ့ရင် အားနာတယ်ဗျာ။
နာမည်တွေတော့ မတပ်တော့ပါဘူး
Q. ပထမနဲ့ ခုလုပ်နေတဲ့ဒုတိယ ဘယ်အယ်လ်ဘမ်ကို ပိုပြီးအားရကျေနပ်လဲ
A. ၂ ခွေစလုံး အားရပါတယ်။
ဒုတိယအခွေမှာတော့ ပုံစံအသစ်ကလေးတွေပါတယ်။
Q. ဒုခွေက ပရိုဂျူဆာရပြီလား
A. မရသေးပာဘူး၊
Q. ကိုယ်တိုင်ရော သီချင်းရေးဆိုဖို့ရှိလား
A. မလွယ်ပါဘူးဗျာ။
ဒီကောင်တွေ(ကျွန်တော့်တေးရေး) နဲ့ယှဉ်လိုက်ရင် ကျွန်တော်က က၊ ခ လောက်ပဲရှိတာဗျ။
သူတို့မရေးတော့မှပဲ ကျွန်တော်ရေးတော့မယ် 😂😂😂
Q. စိုင်းလေးက သီချင်းဆိုတဲ့အပြင် တခြားအလုပ်တစ်ခုရှိတယ်လို့ သိရတယ်။ အဲ့ဒါလေး ပရိသတ်ကို မိတ်ဆက်ပေးပါဦး
A. ဟုတ်
ဓာတ်ပုံဆိုင် ဖွင့်ထားပါတယ်။
Modern 5 ဓာတ်ပုံဆိုင်ပါ။
ကျောက်မြောင်း၊ သီတာမှတ်တိုင်နားမှာပါ။
လမ်းကြုံရင် ဝင်ရိုက်သွားလို့ရပါတယ် (ဓာတ်ပုံကိုပြောတာ) :-) :-) ဒီဇိုင်းကကျ ကိုယ့်လူတွေလောက်ပဲ လုပ်ပေးဖြစ်တာများပါတယ်။
တစ်ခြားလာအပ်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် နည်းပါတယ်။
Q. ပရိသတ်ကို နောက်ဆုံးအနေနဲ့ ဘာများပြောဦးမလဲ။
A. ကျွန်တော်တို့ CICADA တစ်ဖွဲ့လုံးကိုယ်စား အထူးကျေးဇူးတင်ပါတယ်။
ရှိသလောက်ပဲ ချပြတတ်တဲ့ ကျွန်တော်တို့တွေကို အသိအမှတ်ပြုပေးတဲ့သူတွေရော၊
ကျွန်တော်တို့ကို မသိသေးတဲ့သူတွေရော
အားလုံး အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ခုလို ကျွန်တော်တို့ကို အသိအမှတ်ပြု အင်တာဗျူးပေးတဲ့ ဂီတအကြောင်း သောင်းပြောင်းထွေလာ pageကိုလည်း ကျေးဇူးတင်ရှိပါကြောင်းဗျာ။ :-) .:-):-)
စိုင်းလေး - ရထား 33
တေးသွားနံပါတ် ၃၃
https://my.pcloud.com/publink/show…
အတိတ်
https://my.pcloud.com/publink/show…
သံယောဇဉ်မပြတ်လို့
https://my.pcloud.com/publink/show…
မီးမ
https://my.pcloud.com/publink/show…
ရင်ခွင်မြို့ဟောင်း
https://my.pcloud.com/publink/show…
ရာသီဥတု
https://my.pcloud.com/publink/show…
ရထား
https://my.pcloud.com/publink/show…
ကျွန်
https://my.pcloud.com/publink/show…
ဝေးပြီးတဲ့နောက်
https://my.pcloud.com/publink/show…
အေးရာအေးကြောင်း
https://my.pcloud.com/publink/show…
အခက်အခဲ
https://my.pcloud.com/publink/show…
နောင်တတစ်ခြမ်း
https://my.pcloud.com/publink/show…
CD quality 320 kbps album download link
https://my.pcloud.com/publink/show…
#ဂီတအာပလာလောက်စပီကာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။