Bamaw Thein Pe added 2 new photos.
ဆောင်းတွင်း တစ်မနက်မှာ အသက် ၈၀ အရွယ် အဖိုးအိုတစ်ယောက်နဲ့ အသက် ၄၅ နှစ်အရွယ် သူ့သားတို့ဟာ အိမ်ရှေ့ကပြင်က ခုံတန်းတစ်ခုမှာ နေစာလှုံရင်း အတူထိုင်နေကြတယ်။
ကျီးကန်းတစ်ကောင် ဝရန်တာလက်တန်းပေါ်မှာ လာနားတယ်။
အဖေက သူ့သားကို မေးလိုက်တယ်။
"အဲဒါ ဘာကောင်လဲ"
"ကျီးကန်းပါ အဖေ"
မိနစ် အနည်းငယ်ကြာတော့ အဖေက သူ့သားကိုဒုတိယအကြိမ် မေးပြန်ပါတယ်။
"အဲဒါ ဘာကောင်လဲ"
"စောစောကပဲ ပြောပြီးပြီလေ။ ကျီးကန်းပါဆိုမှ"
မိနစ် အနည်းငယ်ကြာပြန်တော့ အဖေက သူ့သားကို တတိယအကြိမ် မေးလိုက်ပြန်ပါတယ်။
"အဲဒါ ဘာကောင်လဲ"
"ကျီးကန်းလေ။ ကျီးကန်း၊ ကျီးကန်း" သားက စိတ်မရှည်တော့လို့ ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြေလိုက်တယ်။
မိနစ် အနည်းငယ်ကြာပြန်တာ့ အဖေက သူ့သားကိုစတုတ္ထအကြိမ် မေးပြန်ပါရော။
"အဲဒါ ဘာကောင်လဲ"
"အဖေ ဘာဖြစ်လို့ ဒီမေးခွန်းကိုပဲ ထပ်ခါတလဲလဲ မေးနေရတာလဲ။ အဲဒါကျီးကန်းပါလို့အဖေ့ကို ပြောတာ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ အဖေ ထပ်မမေးနဲ့တော့ဗျာ"
အဖိုးအိုဟာ ဘာမှ မပြောဘဲ အိမ်ထဲဝင်သွားတယ်။ ပြန်ထွက်လာတော့ သူ့လက်ထဲမှာ ဟောင်းနွမ်းနေတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို ကိုင်လာတယ်။ အဲဒီစာအုပ်မှာ သူ့သား မွေးပြီးချိန် ကလေးဘဝက အကြောင်းတွေကို ရေးမှတ်ထားပါတယ်။ သူဟာ သူ့သားအနားမှာ ထိုင်ချလိုက်ပြီး ဒိုင်ယာရီက စာမျက်နှာတစ်နေရာကို လှန်လိုက်ပြီး သူ့သားကို ဖတ်ကြည့်ဖို့ စာအုပ်ကို ထိုးပေးလိုက်တယ်။
သူ့သားက စာကို အသံထွက်ဖတ်လိုက်တယ်။
"ဒီနေ့ သားလေး အသက် ၃ နှစ်ပြည့်ပြီ။ သားလေးဟာ ကျွန်တော့ပေါင်ပေါ်မှာ ထိုင်နေတုန်းမှာ ကျီးကန်းတစ်ကောင်ဟာ ပြုတင်းပေါက်ဘောင်မှာ လာနားတယ်။ သားက အဲဒါ ဘာကောင်လဲလို့ မေးလို့ ကျွန်တော်က အဲဒါကျီးကန်းလို့ ဖြေလိုက်တယ်။ ကျီးကန်းတစ်ကောင်ပြီး တစ်ကောင် ပြုတင်းပေါက်မှာ လာနားတိုင်း သားလေးက အဲဒါဘာကောင်လဲဆိုတဲ့ မေးခွန်းကိုပဲ ထပ်တလဲလဲ မေးတယ်။ သူမေးတာ စုစုပေါင်း ၂၃ ကြိမ်ရှိတယ်။ သူမေးတိုင်း ကျီးကန်းလို့ စိတ်ရှည်လက်ရှည်နဲ့ ၂၃ ကြိမ်တိုင်တိုင် ဖြေပေးလိုက်ပါတယ်။ သားလေးကို မေးခွန်းတွေ မေးလွန်းလို့ဆိုပြီး ကျွန်တော်စိတ်မကွက်တဲ့ အပြင် ပိုတောင် ချစ်လာပါသေးတယ်"
သူစာကို ဆုံးအောင် ဆက်မဖတ်နိုင်တော့ပါ။ မျက်ရည်တွေကျလာလို့ စာလုံးတွေကို မမြင်ရတော့ဘူး။
ဗန်းမော်သိန်းဖေ
၀၂-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။