Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 23, 2016

'' #သွေးစက်ပေါ်က_ဒိုင်ယာရီ ''

'' #သွေးစက်ပေါ်က_ဒိုင်ယာရီ ''
--------------------
ဝတ္ထုတို
--------------------

(၁)
'' ဘယ်နေ့က ပြန်ရောက်လာတာလဲ ကိုနေ၊ အကြောင်းမကြား ဘာမကြားနဲ့၊ ကိုနေ ပြန်ရောက်တာ ကျွန်တော်တို့တောင် မသိလိုက်ဘူး ''
'' ဒီမနက်ပဲ ရောက်တာ ဇော်ဇော်ရေ၊ အလုပ်လည်းပါးတုန်း၊ အိမ်ကိုလည်းလွမ်းသလိုလိုဖြစ်လို့ ပြန်ချင်စိတ်ပေါ်လာတာနဲ့ ချက်ချင်းထထွက်လာတာ၊ ညကားနဲ့ဆိုတော့ ဒီမနက် လေးနာရီလောက်ထဲက ရောက်လာတာ၊ အိမ်ရောက်ရောက်ချင်း မင်းအဒေါ် ငါ့အမေက သူ့တူလေးဇော်ဇော်တောင် ကလေးအဖေဖြစ်တော့မယ်တဲ့၊မင်းမိန်းမ ဗိုက်နာလာလို့ မနေ့ကပဲ ဆေးရုံတက် ခွဲမွေးနေရတယ်ပြောတာနဲ့ ငါလည်း ခဏနား၊ တရေးတမောအိပ်ပြီး နိုးနိုးချင်း ဒီကို လာခဲ့တာ ''
'' ဒေါ်လေးရော သူ့မြေးလေးကို လာမကြည့်ဘူးလား ''
'' ညနေလောက် လာမယ်ပြောတယ်၊ ဒါနဲ့ ဘာလေးမွေးတာလဲ ''
အနှီးထုပ် ဖြူလွှလွှထဲမှ ငြိမ်သက်စွာ အိပ်ပျော်နေသော နီတျာတျာကလေးပေါက်စလေးကိုကြည့်ရင်း ယောက်ျားလေးလား၊ မိန်းကလေးလား မခွဲခြားတတ်၍ ကျွန်တော် မေးလိုက်တော့ ညီဝမ်းကွဲ ဇော်ဇော်၏ဇနီးဖြစ်သူ ကလေးမိခင် အေးမိုးက …
'' ယောက်ျားလေး ကိုနေဘုန်းသက်ရေ၊ ယောက်ျားလေး၊ တစ်တုံးတစ်ခဲကြီးရှင့် '' ဟု ဝမ်းသာအားရအသံဖြင့် ဝင်ဖြေသည်။ ဇော်ဇော်က ကလေးကို တစိမ့်စိမ့်ကြည့်ရင်းမှ …
'' ကျွန်တော့်သားက ကျွန်တော်နဲ့ တပုံစံထဲနော် ကိုနေ၊ ဖအေတူသားလေး၊ ဒီကောင် ကြီးပွားမယ့်ကောင်ဗျ ''
အမိဝမ်းမှ ကျွတ်လာသည်မှာ တစ်ရက်ပင်မပြည့်သေးသော ဤကလေးသေးသေးလေး၏မျက်နှာသည် မိဘနှင့်တူသည့် အစိတ်အပိုင်း မည်သို့ပေါ်လွင်ဦးမည်နည်း။ ကျွန်တော် အသေအချာကြည့်သော်လည်း မည်သည့် နေရာက ဖခင်နှင့်တူကြောင်း မှန်းဆရန် ခက်နေသည်။ သို့သော် ဖခင်အသစ်စက်စက် ဇော်ဇော့်ကိုအားနာနာဖြင့် '' တူပါတယ် '' ဟု ဝန်ခံလိုက်ရသေးသည်။
'' တို့အစ်ကိုက နာမည်ကျော်ကဗျာဆရာဆိုတော့ နာမည်လှလှပေးတတ်မှာ။ အေးမိုးတို့သားလေးနာမည်ကို ကိုနေဘုန်းသက် လှလှလေး ရွေးပေးရမယ်နော် '' ဟု အေးမိုး ပြော၏။ ကျွန်တော် ဖွဖွပြုံးရင်း ခေါင်းညိတ် ကတိပေးလိုက်ရသည်။ ထိုစဉ် ... လူနာဆောင် အပြင်ဘက်ဆီမှ ဆူညံသံများကြောင့် လှမ်းကြည့်လိုက်မိသည်။ လူနာတင်တွန်းလှည်းတစ်စီးနှင့်အတူ ဆရာဝန် ဆရာမများ ရေးကြီးသုတ်ပြာ ဖြတ်သွားကြသည်ကိုသာ ရိပ်ခနဲ တွေ့လိုက်ရသည်။
'' ဘာဖြစ်တာလဲ မသိဘူး၊ အရေးပေါ်လူနာထင်တယ် ''
စူးစမ်းစပ်စုတတ်သည့် ဇော်ဇော်က ပြောပြောဆိုဆို အခန်းပြင်လိုက်ထွက်သွားသည်။ ကျွန်တော်ကမူ အေးမိုး အဖော်မရှိမှာ စိုး၍ ကျန်နေရစ်ခဲ့၏။ ငါးမိနစ်ခန့်ကြာမှ ဇော်ဇော် ပြန်ရောက်လာသည်။
'' ဘာဖြစ်တာလဲ '' ဟု အေးမိုး မေးသည်။
'' ဘောရှင်းဖြစ်တာတဲ့၊ အမျိုးသမီးကတော့ သွေးဆင်းလွန်ပြီး သတိလစ်နေတယ်။ အရေးပေါ်ခန်းထဲ ဝင်သွားပြီ၊ သွေးလိုနေတယ်၊ သွေးသွင်းရမယ်လို့ ပြောတယ်။ ငါလည်း လှူလို့ရရင် လှူဖို့မေးကြည့်တော့ လိုနေတဲ့သွေးကငါ့သွေးနဲ့ အမျိုးအစားမတူလို့ ကူညီချင်ပေမယ့် မကူညီလိုက်နိုင်ဘူး ''
'' လိုနေတဲ့သွေးအမျိုးအစားက ဘာသွေးလဲဇော်ဇော် '' ဟု ကျွန်တော် မေးလိုက်သည်။
'' အေဘီသွေး ကိုနေ ''
'' ဒါဆို အခွင့်သင့်တာပဲ၊ ငါ့သွေးက အေဘီပဲ၊ ငါလှူမယ် ''
လမ်းကြုံရင်း အကူအညီ လိုအပ်နေသူအတွက် တိုက်ဆိုင်တူညီစွာ အခွင့်သင့်ခိုက် လိုအပ်သောသွေးကို လှူဒါန်းဖို့ရာ ဝမ်းသာအားရ ကျွန်တော် ပြောလိုက်သည်။ ဇော်ဇော်က အရေးပေါ်ခန်းရှိရာသို့ ကျွန်တော့်အား လိုက်ပို့သည်။ ထဘီနီဝတ် သူနာပြုဆရာမလေးတစ်ဦးနှင့် အသက်ငါးဆယ်ကျော် ခြောက်ဆယ်ဝန်းကျင် အဒေါ်ကြီး တစ်ဦးတို့ကို အရေးပေါ်ခန်းရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရသည်။
'' ဆရာမ၊ ဘောရှင်းလူနာအတွက် သွေးရပြီလား '' ဟု ကျွန်တော်မေးသည်။
'' မရသေးပါဘူးရှင်၊ သွေးအလှူရှင်အသင်းကို ခုပဲဆက်သွယ်ဖို့ ထွက်လာတာပါ ''
'' ဒါဆို ကျွန်တော်လှူပါ့မယ်၊ ကျွန်တော်လည်း အေဘီသွေးပါပဲ ''
သူနာပြုဆရာမရော အဒေါ်ကြီးပါ မျက်နှာများ ဝင်းပသွားကြ၏။
'' ကျေးဇူးကြီးလှပါပေတယ် ငါ့တူရယ် ''
ကျွန်တော့်လက်မောင်းကို အားကိုးတကြီး ဆုပ်ကိုင်လျက် အဒေါ်ကြီး ဆို၏။
'' ကဲ . . ဒါဆို သွေးဖောက်ခန်းသွားကြမယ် ''
ဆရာမ၏ ဦးဆောင်မှုဖြင့် သွေးဖောက်ခန်းဘက် အမြန်ပြေးကြရသည်။ လိုအပ်သည်များ စစ်ဆေးပြီး ကျွန်တော့်သွေးကို ဖောက်ယူသည်။ သွေးဖောက်ယူနေစဉ်ကာလ၌ ကျွန်တော်သည် ကျွန်တော့်သွေးမှာ လူနာအတွက် ဆေးကဲ့သို့ အစွမ်းထက်စေဖို့ မမြင်ဖူးသော လူနာအမျိုးသမီးထံ ရည်မှန်းမေတ္တာ ပို့သပေးဖြစ်သည်။
လိုအပ်သော သွေးများ ဖောက်ယူအပြီးနောက် ထိုအခန်းထဲမှာပင် ကျွန်တော် နားနေရ၏။ ညီဖြစ်သူ ဇော်ဇော်ကမူ သူ့ဇနီးနှင့် သားလေးထံပြေးလိုက်၊ ကျွန်တော့်ဆီ ပြေးလာလိုက်နှင့် အလုပ်များနေရှာသည်။
--- --- ---

(၂)
အတန်ကြာ အနားယူပြီးမှ ကျွန်တော်လည်း ဇော်ဇော်နှင့်အတူ အေးမိုးတို့သားအမိထံ ပြန်ထွက်လာခဲ့သည်။
'' လူနာအမျိုးသမီးက သူ့ယောက်ျားနဲ့ စကားများတာ ဆိုပဲ ကိုနေ၊ ယောက်ျားလုပ်သူက အရက်မူးမူးနဲ့ ဆောင့်တွန်းလိုက်ရာက အရှိန်နဲ့လဲကျပြီး ကိုယ်ဝန်ပျက်ကျသွားတာလို့ ဟိုအဒေါ်ကြီး ပြောပြနေတယ် ''
'' တော်တော် လူမဆန်တဲ့ယောက်ျားပဲ၊ ကိုယ့်ဇနီးမှာ ကိုယ်ဝန်အရင့်အမာ ရှိနေမှန်း သိသိချည်းနဲ့ ရက်ရက်စက်စက် လုပ်ရက်တယ်၊ တော်သေးတာပေါ့၊ အဲ့လို ယောက်ျားမျိုးနဲ့ မရလို့ ''
အေးမိုးတို့ လင်မယားနှင့် စကားကောင်းနေရင်း အချိန်အတော်ကြာမှ နာရီကိုကြည့်မိရာ မွန်းလွဲ(၁၂)နာရီထိုးတော့မည် ဖြစ်၍ အိမ်ပြန်တော့မည်ပြင်စဉ် အခန်းတွင်းသို့ စောစောက အဒေါ်ကြီး ရောက်လာသည်။
'' ရှာလိုက်ရတာ ငါ့တူရယ်၊ အဒေါ့်တူမလေးမှာ ငါ့တူပေးတဲ့အသက်ပဲ ရှိပါတော့တယ်ကွယ်၊ ကျေးဇူးတင်လွန်းလို့ ဘယ်လိုကျေးဇူးဆပ်ရမှန်းကို မသိတော့ပါဘူး ''
'' မလိုပါဘူး ဒေါ်ဒေါ်ရယ်၊ ကျွန်တော်က အကူအညီလိုနေသူကို ကြုံတုန်းကူညီခွင့်ရလို့ ပီတိဖြစ်နေတာပါ၊ ခုလို လမ်းကြုံသွေးလှူတယ်ဆိုတာမျိုးကလည်း လှူချင်တိုင်းလှူလို့မရပါဘူး။ သွေးအမျိုးအစား တူမှ၊ ရောဂါကင်းမှ၊ လှူချင်စိတ်ရှိမှ တိုက်ဆိုင်တုန်း လှူခွင့်ရတာပါ၊ ဒါနဲ့ လူနာအခြေအနေရော ဘယ်လိုလဲဗျ ''
'' သတိရနေပါပြီ၊ လိုအပ်တဲ့သွေးလည်း အချိန်မီရတော့ ကုသရလွယ်သွားတာပေါ့။ ငါ့တူ အချိန်ရရင် လိုက်ကြည့်ပါဦး၊ တူမလေးကလည်း သူ့ကျေးဇူးရှင်ကို တွေ့ချင်နေရှာတယ် ''
'' ဟုတ်ကဲ့၊ ကျွန်တော် လိုက်တွေ့ပါ့မယ် ''
ဇော်ဇော်တို့လင်မယားကိုပါ တစ်ခါထဲ နှုတ်ဆက်ပြီး အဒေါ်ကြီးနှင့်အတူ အရေးပေါ်အခန်းသို့ လိုက်ခဲ့သည်။
'' တူမလေးလည်း ယောက်ျားရ ကံဆိုးပါတယ်ကွယ်၊ ညားကာစက ဟုတ်မလိုလိုနဲ့ .. မကြာပါဘူး၊ အလုပ်ဗန်းပြပြီး အသောက်အစားက ပါလာတယ်။ တူမလေးတို့အိမ်ထောင်ရေးကလည်း မအေးချမ်းပါဘူးကွယ် ''
လမ်းမှာ အဒေါ်ကြီးက ပြောပြလာခဲ့သည်။
လူနာခန်းအတွင်းသို့ ဝင်လျှင်ဝင်ချင်း လက်ကျန်သွေးပုလင်းကို ပိုက်တန်းလန်းဖြင့် သွင်းထားရဆဲဖြစ်သော လူနာအား လှမ်းမြင်ရသည်။
လူနာ၏ အထက်တွင် ချိတ်ဆွဲထားသော သွေးပုလင်းမှ လက်ကျန်သွေးစက်တို့သည် ပုလင်းမှတဆင့် ပြွန်ပိုက်အတွင်း၊ ပြွန်ပိုက်မှတဆင့် လူနာ၏ သွေးကြောများရှိရာ ခန္ဓာကိုယ်အတွင်းသို့ တစ်စက်ချင်း၊ တစ်ပေါက်ချင်း၊ ကျဆင်းနေကြ၏။
ခြေသံကြား၍ ထင်သည်။ တစ်ဖက်သို့ စောင်းငဲ့ထားသော လူနာ၏မျက်နှာသည် ကျွန်တော်တို့ဝင်လာရာ ဘက်သို့ တဖြည်းဖြည်းချင်း လှည့်လာကာ မျက်လုံးအစုံကို အသာညှင်းညှင်း ဖွင့်ကြည့်သည်။
သွေးရောင်ဖျော့တော့ကာ ပြာနှမ်းနှမ်းဘက် လုနေသည့် နှုတ်ခမ်းအစုံ . . .
ရီဝေအားလျော့လျက် ညှိုးငယ်ဝမ်းနည်းရိပ်သမ်းနေသော မျက်ဝန်းတစ်စုံ . . .
ဖြူရော် နွမ်းဖျော့ အားနည်းနေသော မျက်နှာ . . .
ကျွန်တော် မြင်သည်။ မြင်လိုက်ရသည်။
မြင်ရသည့်တစ်ခဏ . . . လှမ်းရန်ပြင်နေသည့် ခြေအစုံ ရပ်တန့်သွားသည်။ ရပ်တန့်သွားခဲ့ပါသည်။
ဤလောကကမ္ဘာကြီးတွင် အံ့သြထူးဆန်းဖွယ်ရာ တိုက်ဆိုင်မှုများ ဖြစ်ပေါ်လာစေဖို့ မည်သူသည် စနစ်တကျ အကွက်ချကြံစည်ခဲ့သနည်း။
'' မောင် . . . မောင်လားဟင် ''
တိုးဖွ တုန်ရီသည့် အမေးစကားသံ သဲ့သဲ့ကို ကြားသည်။ အင်း ... ကြားမိသည် ထင်သည်။
မျက်လုံးကို မှိတ်ချပစ်လိုက်မိ၏။
ရင်သည် .. လှိုက်မောတုန်ရီသွားရကြောင်း သတိပြုလိုက်မိသည်။
--- --- ---

(၃)
'' မောင် . . . ''
မောင်ဟု ခေါ်ဆိုသော ချစ်သူ့နှုတ်ဖျားမှ စကားအကြင်နာတစ်စသည်ပင် ဘဝ၏သင်ရိုး၊ မေတ္တာတရား၏ ပြဋ္ဌာန်းစာအုပ်၊ အသည်းနှလုံး၏ အဘိဓမ္မာကျမ်းစာ၊ ချစ်ခြင်းတရား၏ အလင်္ကာတေးသွားအဖြစ် နှစ်, လ, တာရှည်တိုင် ယုံကြည် မှတ်ပိုက်ခဲ့ဖူးသည်လေ။
ချစ်သူ့လက်သွယ်သည် အောင်မြင်ခြင်း၏ နိမိတ်ပုံ . . .
ချစ်သူ့ပါးပြင်သည် မွှေးရနံ့ထုံလွင်သော စန္နကူးတော . . .
ချစ်သူ့မျက်ဝန်းသည် အနာဂါတ်၏ လမ်းပြကြယ် . . .
ချစ်သူ့နှုတ်ခမ်းသည် ဘဝမြစ်ဝှမ်းဝယ် မနားတမ်း ကူးခတ်နေရသည့် ခရီးပမ်းသူ ကျွန်တော့်အတွက် အမောအပန်းပြေပျောက်စေရာ ဘုံဗိမ္မာန် . . .
သည့်နှယ် , ကျွန်တော် ... ပုံအပ်မြတ်နိုးချစ်မက်ခဲ့ရပါ၏။
ကြာတော့ ကြာခဲ့ပါပြီ. . . ကြာညောင်းခဲ့ပါပြီ။
--- --- ---

(၄)
'' မောင်က ကဗျာဆရာကြီး သိပ်ဖြစ်ချင်တာပေါ့ ဟုတ်လား ''
'' ဖြစ်ချင်တာပေါ့၊ ဖြစ်ချင်လွန်းလို့လည်း မောင် လေ့လာကြိုးစားခဲ့တာပဲလေ။ ကဗျာဆရာဘဝကို မောင်ဘယ်လောက် မက်မောမြတ်နိုးတယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့ဒီမေးခွန်းကို မေးရတာလဲ ''
နွယ်ဦးသွယ်က နှုတ်ခမ်းထောင့်စွန်းလေးတစ်ဖက် တွန့်ကွေးရုံမျှ ပြုံး၏။ ထိုအပြုံးသည် မဲ့ပြုံး၊ ခနဲ့ပြုံး၊ ရွဲ့ပြုံးဟု ကျွန်တော် နားလည်လိုက်သည်။
'' ဘာလို့ မေးရသလဲဆိုရင် အခု နွယ်ရော မောင်ပါ ကျောင်းပြီးတော့မယ်။ နွယ် ထပ်မေးမယ်။ ကျောင်းပြီးရင် မောင် ဘာလုပ်မလဲ ''
'' မောင် ... မောင့်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ရန်ကုန်မှာ အခြေချပြီး ကဗျာတွေရေးမယ်။ ကဗျာဆရာ ဖြစ်အောင် ကြိုးစားမယ်လို့ နွယ့်ကို ဆယ်ခါမက မောင် ပြောပြခဲ့ဖူးတယ်လေ ''
'' ကဗျာဆရာတွေက ထမင်းမဝကြဘူးတဲ့ မောင်၊ ကျောင်းပြီးတဲ့အခါ မောင်နဲ့နွယ် လက်ထပ်ကြမယ်ဆိုပါစို့၊ မောင့်ကဗျာတစ်ပုဒ် မဂ္ဂဇင်းမှာပါတဲ့အခါ ဘယ်လောက်ရသလဲ၊ နှစ်ထောင်၊ ဟုတ်ပြီ၊ မောင့်ကဗျာ တစ်လကို ဆယ်ပုဒ် လောက် ပုံမှန် ပါနေတယ်ထား။ တစ်လနှစ်သောင်း မောင်ရမယ်။ တစ်လနှစ်သောင်းဆိုတဲ့ ဝင်ငွေဟာ အိမ်ထောင်တစ်ခု အတွက် မဆိုထားနဲ့၊ မောင်တစ်ယောက်ထဲအတွက် ရပ်တည်ဖို့တောင် လောက်ငှမလား၊ ဒါက ဆယ်ပုဒ်ပါခဲ့ရင်လို့ နွယ် ပြောတာနော်၊ မောင့်ကဗျာတွေချည်း မဂ္ဂဇင်းတွေမှာ တစ်လ ဆယ်ပုဒ် ပါဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား ''
ကျွန်တော် ပင့်သက်ချမိသွား၏။
'' နွယ်က ဘယ်လိုဖြစ်စေချင်တာလဲ '' ဟု ကျွန်တော်မေးသည်။
'' နွယ် ဖြစ်စေချင်တာ ပြောရင်ရော မောင်က လက်ခံမှာမို့လား ... ဒါဆို နွယ်ဖြေမယ်၊ ရှင်းရှင်းပြောရရင် မောင့်ကို နွယ် ချစ်ခဲ့ပေမယ့် ကဗျာဆရာရူး ရူးနေတာကိုတော့ နွယ် နည်းနည်းမှ မကြိုက်ဘူး။ ဒီလိုပဲ နွယ့်မိဘ အသိုင်းအဝိုင်း ကလည်း မကြိုက်ဘူး။ မနေ့က မေမေ နွယ့်ကို မေးတယ်။ နွယ့်ချစ်သူက ကျောင်းပြီးရင် ဘာစီးပွားရေး လုပ်မယ် ပြောလဲတဲ့။ နွယ် ဘာပြန်ဖြေရမှန်း မသိဘူး။ မဖြေတတ်ခဲ့ဘူး။ မသိဘူးလို့ပဲ ညာခဲ့ရတယ်။ လူ့ဘဝကို တည်ဆောက်တဲ့ နေရာမှာ ဘဝအာမခံချက်ဆိုတာ လိုတယ်မောင်။ ဘဝအာမခံချက်ဆိုတာ မောင်နားလည်မှာပါ။ အခြေအမြစ်ရှိတဲ့ စီးပွားရေး ရှိဖို့လိုတယ် ''
'' မောင်နားလည်တယ် နွယ်၊ ကဗျာလောကထဲ တိုးဝင်တဲ့နေရာမှာ အထောက်အပံ့ဖြစ်နေဖို့ အခြား အလုပ် တစ်ခုခုကိုလည်း မောင်လုပ်မှာပါ၊ ကဗျာဆရာတစ်ယောက်ရေးဖူးတယ်။ ကဗျာကောင်းရေးဖို့ အလုပ်ကောင်းကောင်း လုပ်တဲ့ .. မောင် အလုပ်လုပ်မှာပါ နွယ် ''
'' ဒါပေမယ့် မောင်ပြောခဲ့သလိုပဲမဟုတ်လား၊ မောင်အလုပ်လုပ်တာ ချမ်းသာဖို့မဟုတ်ဘူး။ စီးပွားဖြစ်ဖို့ မဟုတ်ဘူး။ ကဗျာဆရာ ဖြစ်ဖို့။ မောင့်ရည်မှန်းချက်ကိုက လွဲနေတာ မောင် ''
'' နွယ် .. ဘာလို့ ရန်စကားတွေ ပြောနေတာလဲကွာ ''
'' ပြောရမယ့်အချိန်မို့ ပြောနေတာ မောင်၊ မောင့်ကို နွယ် အားမရဘူး။ ဒီအကြောင်း တွေးလိုက်တိုင်း ဒေါသဖြစ်ရတယ်။ နွယ် မောင့်ကို ချစ်ပါတယ်။ ဒါပေမယ့် မောင် အငတ်ခံနိုင်သလိုတော့ နွယ် အငတ်မခံနိုင်ဘူး။ မေမေတို့က နွယ့်ကို ပြောပြီးသား။ နွယ်ယူမယ့် ယောက်ျားဟာ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်မယ့် ငွေရှာကောင်းတဲ့ ယောက်ျားဖြစ်ရမယ်တဲ့။ မောင်က မောင်က . . . ''
'' မောင် ယောက်ျားပါ နွယ် .. နွယ့်ကို တင့်တောင့်တင့်တယ် ထားနိုင်အောင် မောင် ကြိုးစားနိုင်ပါတယ်။ အချိန်တစ်ခုတော့ စောင့်ပါနွယ် ''
'' မောင့်ကို နွယ် အပြတ်ပြောမှဖြစ်တော့မယ်၊ မေမေတို့က နွယ့်ကို ကျောင်းပြီးတာနဲ့ သူတို့မိတ်ဆွေရဲ့သား စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ နေရာချပေးဖို့ စီစဉ်နေကြပြီ ... မောင် နွယ့်ကို ချစ်တယ်မဟုတ်လားဟင်၊ နွယ့်ကို တကယ်ချစ်ရင် မောင့်ရဲ့ ကဗျာဆရာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးကို မေ့ပစ်ပြီး စီးပွားရေး တစ်ခုခု အမြန်လုပ်ပါလား ''
'' တော်စမ်းနွယ် .. မောင်က မောင်က စီးပွားရေးလုပ်ငန်းရှင်ကြီးလည်း မဖြစ်ချင်ဘူး။ မောင်ဖြစ်ချင်တာ ကဗျာဆရာ၊ အနုပညာသမား၊ စီးပွားရေးသမား မဟုတ်ဘူး။ နွယ့်ကို မောင် ချစ်ပါတယ်။ ဒါပေမယ့် မောင် မောင်ဘာလုပ်ရမှာလဲ ''
'' မောင် ရွေးချယ်ရမှာလေ . . ပြတ်ပြတ်သားသား ရွေးချယ်ရမှာ။ နွယ်နဲ့ကဗျာ တစ်ခုခုကို မောင် ရွေးချယ်ရမှာ ''
နွယ့်မျက်နှာက တင်းမာလျက်ရှိ၏။ ကျွန်တော် ပင့်သက်မောတစ်ချက်ရှိုက်ရင်း ခေါင်းညိတ်လိုက်သည်။
'' မောင့်ကို စဉ်းစားခွင့် ပေးပါနွယ် ''
--- --- ---

(၅)
နွယ်နှင့် ကျွန်တော်၏ နောက်ထပ်တွေ့ဆုံချိန်များသည် ရှေးယခင် ချစ်သူဘဝ ကာလများကဲ့သို့ ရင်ခုန်ကြည်နူးဖွယ်မကောင်းတော့။ တွေ့လိုက်သည်နှင့် အချေအတင် စကားစစ်ပွဲများ စတင်ရသည်။
ကျွန်တော် နွယ့်ကို ချစ်သည်။ ထို့အတူ ကဗျာကို ချစ်သည်။ ချစ်သော ထိုနှစ်ဦးအနက် တစ်ဦးဦးကို စွန့်လွှတ်ဖို့အရေး ဆုံးဖြတ်ရွေးချယ်ခြင်းငှာ ကျွန်တော် မဝံ့ရဲ။ နှစ်ဦးစလုံးကို ကျွန်တော် အဆုံးရှုံးမခံနိုင်။
ကျွန်တော် ဘာလုပ်ရမည် မသိ။ နှစ်ဖက်စလုံးကို မဆုံးရှုံးရအောင် နည်းလမ်းများ ကြံဆတွေးတောနေမိသည်။၊
ဒီလိုနှင့် တက္ကသိုလ်ကျောင်းသားဘဝ ကုန်ဆုံးသွားသည့်တိုင် မကြာခဏ နွယ်တောင်းခံသော ရွေးချယ်မှုကို ကျွန်တော် တောင်းပန်ဆိုင်းငံ့ထားရလေသည်။
သို့သော် . . . ချစ်သောသူ နှစ်ဦးအနက်မှ တစ်ဦးကို မမျှော်လင့်သော တစ်နေ့မှာ ဆုံးရှုံးခဲ့ရသည်။
--- --- ---

(၆)
ကျွန်တော့်အား လူကြုံဖြင့် စာပေးကာ နွယ် ချိန်း၏။
'' မောင့်ကို ချစ်လွန်းလို့ အချိန်အကြာကြီး နွယ် စောင့်ပေးခဲ့တယ်။ မောင့်ဘက်က ရွေးချယ်မှုအဖြေကို ရင်တထိတ်ထိတ်နဲ့ စောင့်ခဲ့တယ်။ ဒါပေမယ့် မောင် ခုချိန်ထိ မရွေးချယ်နိုင်သေးဘူး။ ဟုတ်ပြီမောင် .. မောင့်ဘက်က မဆုံးဖြတ်နိုင်မှတော့ နွယ့်ဘာသာပဲ ဆုံးဖြတ်လိုက်ပါပြီ။ နွယ် မောင့်ကို ချစ်ပါတယ်။ ဒါပေမယ့် နွယ် အငတ်မခံနိုင်ဘူး မောင်။ မောင်အရူးထတိုင်း လိုက်မရူးနိုင်ဘူး။ နွယ် မေမေတို့စီစဉ်တဲ့အတိုင်း လက်ခံဖို့ ခေါင်းညိတ်လိုက်ပြီ . . . ''
'' ဘယ်လို .. နွယ် .. ''
'' ဟုတ်တယ် မောင်၊ လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ကိုစိုးမောင်နဲ့ နွယ် လက်ထပ်တော့မယ် ''
ကျွန်တော် ပြောစရာစကားများ ပျောက်ဆုံးသွားကာ နွယ့်ကို အံ့သြတကြီးငေးကြည့်နေမိသည်။
'' တကယ်တော့ နွယ် မောင့်ကို ချစ်ပါတယ်။ ထာဝရ .. ထာဝရအဖြစ် ရည်ရွယ်ပြီး ချစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့သလို ချစ်ခဲ့မိတာ နွယ့်အမှားပဲ။ မောင်က နွယ့်ထက် ကဗျာကို ပိုချစ်တာမဟုတ်လား။ အဟင်း . . . ဒီတော့ မောင်ချစ်တဲ့ကဗျာတွေနဲ့ပဲ မောင့်ဘာသာ နေရစ်ခဲ့ပေါ့ ''
ပြောရင်း နွယ် ရယ်၏။ လှောင်ရယ်ရယ်တာလား၊ တကယ်ရယ်ချင်စိတ်ဖြင့် ရယ်တာလား၊ ကျွန်တော် ဝေခွဲမရ။
'' နွယ် . . . ''
'' နှုတ်ဆက်ခဲ့ပါတယ်မောင် . . . ''
လက်ကလေး လှုပ်ခတ်ပြလျက် ကျောခိုင်း စွန့်ခွာသည်။
ကျွန်တော် ငေးကြည့်နေမိသည်။
သို့သော် မတား။ မတားမိတော့။
အင်း . . . မတားရက်တော့ပါ နွယ်။
--- --- ---

(၇)
'' မောင်လည်း အေဘီသွေး . . . နွယ်လည်း အေဘီသွေး၊ တိုက်ဆိုင်လိုက်တာနော် မောင်။ မောင်နဲ့နွယ်က အချစ်ချင်းတူရုံမက သွေးအမျိုးအစားပါတူတယ်၊ နွယ်တို့နှစ်ယောက် ချစ်သူဖြစ်လာတာ ဖူးစာကြောင့်ပဲ ထင်တယ်နော် မောင်၊ မောင့်ကို နွယ် သိပ်ချစ်သွားပြီ၊ ဒါပဲနော် . . . ထာဝရမခွဲကြေး ... မောင်လည်း နွယ့်ကိုပဲ ထာဝရ ချစ်၊ နွယ်လည်း မောင့်ကိုပဲ ထာဝရ ချစ်မှာ . . . ''
ချစ်သူသက်တမ်း တစ်လပြည့်ခဲ့စဉ်ကာလ နှစ်ဦးသဘောတူ သွေးလှူခဲ့ကြစဉ်အချိန်က ချစ်သူပြောခဲ့ဖူးသော စကားများအား ပြန်ကြားယောင်မိနေဆဲ။
'' ထာဝရ . . . ထာဝရတဲ့လား ''
ကာလရက်စွဲများ ကြာခဲ့သည့်တိုင် ပကာသနပွဲအတွက် ထာဝရအမြဲဟူသော ချစ်ကတိ သစ္စာစကားကို ဖောက်ပြားသွားခဲ့သူအား နာကျင် လွမ်းမပြေသေး။
ကြာတော့ ကြာခဲ့ပါပြီ နွယ် . . . ကြာခဲ့ပါပြီ . . .။
--- --- ---

(၈)
'' မောင် . . . ''
ခေါ်သံ တိုးဖွဖွကို ကြားသည်။ ထပ် ကြားမိသည် ထင်သည်။
မျက်ဝန်းအစုံကို အသာ ဖွင့်ကြည့်မိသည်။
ပုလင်းထဲမှ လက်ကျန်သွေးစက်တို့သည် တပေါက်ပေါက် ကျဆင်းနေကြသည်ကို ဦးစွာ မြင်ရ၏။
'' နွယ် . . . နွယ် ဦး သွယ် ''
ပြုံးလဲ့လဲ့ နှုတ်ခမ်းပြာလေး တဆတ်ဆတ်တုန်ရီနေသည်ကို တွေ့ရ၏။
နှစ်ဦးသား စက္ကန့်အတန်ကြာ အကြည့်ချင်း ဆုံမိသည်။ ကျွန်တော့် ရင်အစုံ တလှပ်လှပ် တဒိတ်ဒိတ် လှုပ်ယမ်းမြည်ဟည်းနေသည်။
စိတ်သည် အတိတ်နှင့် ပစ္စုပ္ပန်ကို စုန်ဆန်ကူးလူး ပြေးလွှားနေသည်။
နာကျည်းခြင်းနှင့် လွမ်းတပူမောဖွယ် ဒိုင်ယာရီစာမျက်နှာများ တစ်ရွက်ပြီး တစ်ရွက် . . .
ငါ့အချစ်ကို အလိမ်အညာစကားတွေနဲ့ လှည့်ဖျားခဲ့တဲ့ မိန်းမ . . .
ငါ့အိပ်မက် ငါ့မျှော်လင့်ချက် ငါ့နှလုံးသားကို ရက်ရက်စက်စက် နင်းချေဖျက်ဆီးရက်ခဲ့တဲ့ မိန်းမ . . .
ဂုဏ် ငွေ ပကာသနနောက် လိုက်ပြီး ထာဝရသစ္စာကို ဖျက်ချိုးခဲ့တဲ့ မိန်းမ . . .
'' ဟူး . . . .''
ပင့်သက်ရှည်တစ်ချက်အား မောလျပင်ပန်းစွာ ချလိုက်ပြီး နွယ်ဦးသွယ်အား ကျွန်တော် ပြုံးပြလိုက်သည်။
ထိုအပြုံးတွင် ခွင့်လွှတ်ခြင်း၊ ဝမ်းသာပီတိဖြစ်ခြင်း၊ ငြိမ်းချမ်းအေးမြသောသဘောရှိသည့် လူတစ်ဦးအပေါ် တစ်ဦး ထားအပ်သော မေတ္တာတရား စသည့် အနက်အဓိပ္ပါယ် များစွာ ပါဝင်လိမ့်မည် ဖြစ်ကြောင်း ကျွန်တော် ယုံကြည်မိပါသည်။
'' သင့်သွေးဖြင့် အသက်ကယ်ပါ '' တဲ့ ။
မိတ်ဆွေ ရန်သူ ချစ်သူ မုန်းသူ လူမျိုးဘာသာ ချမ်းသာဆင်းရဲ အဆင့်အတန်း ခွဲခြားရွေးချယ်စရာ လိုနေမည်မထင်။
အကူအညီလိုနေသူသည် မည်သို့သော လူစားမျိုး ဖြစ်စေ လိုအပ်နေချိန်တွင် အလှူရှင်သည် ချစ်ခြင်း မုန်းခြင်းကို ဘေးဖယ်ထား၍ မေတ္တာစေတနာသန့်သန့်ဖြင့် လှူဒါန်းသင့်သည်ဟု ကျွန်တော် ယူဆမိပါသည်။
ကျွန်တော် လှူခဲ့ပြီးပါပြီ . . .
မလှူခင်ကရော လှူခဲ့စဉ်ကပါ မေတ္တာ စေတနာ သန့်စင်စွာဖြင့် လှူဒါန်းခဲ့ပြီးကာမှ လှူပြီးချိန်ဝယ် ထိုစေတနာ ထိုမေတ္တာကို ကျွန်တော် အပျက်မခံနိုင်ပါ။
'' အမြန်ဆုံး ကျန်းမာလာပါစေလို့ ကျွန်တော် ဆုတောင်းပေးနေမှာပါ နွယ်၊ ကျွန်တော် အရေးတကြီး သွားစရာ ကိစ္စလေး ရှိသေးလို့ ခွင့်ပြုပါဦးဗျာ ''
အားပေးနှစ်သိမ့်သည့် မေတ္တာအပြုံးဖြင့် နှုတ်ဆက်စကားဆိုပြီး ကျောခိုင်းလှည့်အထွက် ဆို့နင့် တင်းကျပ်မှု များစွာအား ထိန်းချုပ် ထုတ်ပိုးထားခဲ့ရသော ရင်အစုံကို ဖိထိန်းလိုက်ရသည်။
မျက်ရည်ပူတစ်စက် လွင့်ကျ ကျန်ရစ်သည်။
အသည်းနှလုံးကိုလည်း ပေးလှူခဲ့ဖူးပြီ . . .
ပထမဆုံး ရင်မှဖြစ်သော အချစ်ကိုလည်း ပေးလှူခဲ့ဖူးပြီ . . .
ဘဝ၏ မျှော်လင့်ချက် အိပ်မက်တို့ကိုလည်း ပေးလှူခဲ့ဖူးပြီ . . .
ယခု . . . သူ့အသက် ရှင်သန်ခွင့်အတွက် ကိုယ်ခန္တာမှ သွေးတို့ကိုလည်း ပေးလှူခဲ့ဖူးပြီ . . .
သြော် . . .
နောက်ထပ် . . . နောက်ထပ်များ . . .
လှူခွင့် ရနိုင်ဦးမည်ဆိုလျှင် . . .
လှူခွင့် ရနိုင်ဦးမည်ဆိုလျှင် . . .
--- --- ---

(ချစ်သူခင်သူ မြတ်နိုးတွယ်တာသူများနှင့်
ကွေကွင်းရခြင်း ဆင်းရဲမှ
ကင်းဝေးလွတ်ငြိမ်းနိုင်ကြပါစေ)

ဟိန်းဆက်သွင်
27.6.2014(Fri)
2:10(am)

LOOK Magazine
2015/ October

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။