#အောင်မြင်ချင်ရင်_ဖါးသူငယ်လို_ကျင့်ပါ
သင့်မှာ အိပ်မက်ကြီးကြီးတစ်ခု ရှိနေတယ်။ အောင်မြင်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ဆွေမျိုး၊ အပေါင်းအသင်းတွေက အောင်မြင်ဖို့ရာ မဖြစ်နိုင်ဘူးလို့ ပြောနေကြတယ်။ သင် ဘယ်လို ခံစားရမလဲ။ စိတ်ဓါတ်ကျလာမှာ သေချာတယ်။ ကြိုးစားနေရင်းနဲ့ အခက်အခဲ ဒုက္ခတွေ တွေ့ရတယ်။ သူတို့ မဖြစ်နိုင်ဘူးလို့ ပြောတာတွေ မှန်နေပါလား။ အောင်မြင်ပါ့မလားဆိုတဲ့ သံသယစိတ် ဝင်လာတယ်။ ကျရှုံးမှုနဲ့ပဲ ဆက်တိုက်တွေ့နေတဲ့အခါ ကြိုးစားတာကို ရပ်လိုက်တယ်။ အိပ်မက်ဟာ တိမ်တိုက်လိုပဲ လေထဲမှာပဲ လွင့်ပြယ်ပျောက်ကွယ်သွားတယ်။

ကမ္ဘာပေါ်မှာ အောင်မြင်ကြီးပွားနေသူတွေရော ဒီလိုမကြုံဖူးဘူးလား။
သူများတွေရဲ့ မဖြစ်နိုင်ပါဘူးကွာဆိုတဲ့ အပြော မခံရဘူးလား။
သူတို့အကြောင်းတွေ ရေးထားတဲ့ စာအုပ်တွေ ဖတ်ကြည့်လိုက်ပါ။ သူတို့ရဲ့
အိပ်မက်တွေက အကြီးကြီးတွေမို့ မဖြစ်နိုင်ပါဘူးလို့ လူအများကြီးရဲ့
အပြောခံရပါတယ်။ ဒါဆိုရင် သူတို့ကျတော့ ဘာလို့ စိတ်ဓါတ်မကျဘဲ
အောင်မြင်မှုရတဲ့အထိ ဆက်ကြိုးစားနိုင်ရတာလဲ။ သူတို့ဟာ ပုံပြင်လေးထဲက
ဖါးသူငယ်လို ကျင့်ခဲ့ကြလို့ပါ။
ဖါးတစ်အုပ်ဟာ တောအုပ်တစ်ခုထဲမှာ ခုန်ဆွခုန်ဆွနဲ့ ဆော့ကစားနေကြရင်း ဖါးလေး ၂ ကောင်ဟာ တွင်းတစ်ခုထဲ ကျသွားတယ်။ တွင်းဟာ အတော်လေးနက်လို့ ပြန်ခုန်တက်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ဖါး ၂ ကောင်ဟာ တွင်းပေါ်က တက်နိုင်အောင် ကြိုးစားခုန်နေကြတယ်။ ကျန်တဲ့ ဖါးတွေက တွင်းဝကနေ ငုံ့ကြည့်ပြီး လက်ဟန်ခြေဟန်နဲ့ ခုလို အော်ပြောကြတယ်။ "ဟေ့ တွင်းက အနက်ကြီးနော်။ အပေါ်ကို ခုန်တက်ဖို့ရာ လုံးဝမဖြစ်နိုင်ဘူး။ အပင်ပန်းခံ မနေကြနဲ့။ အေးအေးဆေးဆေး တွင်းထဲမှာပဲ အသေခံလိုက်ကြ"တဲ့။
ဖါးလေးတစ်ကောင်ကတော့ အဲဒီစကားကို ကြားလို့ ခုန်နေတာကို ရပ်လိုက်ပြီး ရင်ကွဲပက်လက် သေဆုံးသွားရှာတယ်။ နောက်တကောင်ကတော့ ကြိုးစားပြီး ဆက်ခုန်နေတယ်။ နောက်ဆုံးတော့ သူဟာ အားတင်းပြီး အားကုန်ထုတ် ကြိုးစားခုန်လိုက်လို့ တွင်းပေါ် ပြန်ရောက်လာတယ်။ သူငယ်ချင်းတွေက တအံ့တသြနဲ့ သူ့ကို ဝိုင်းမေးကြတယ်။ သူတို့ ပြောတာတွေကို စိတ်ဓါတ်မကျပဲ ဘာလို့ ဆက်ခုန်နေရတာလဲလို့။ သူက ခုလို ပြန်ပြောတယ်။ "ငါက နားမကြားဘူးလေ။ မင်းတို့ပြောနေတာတွေကို လုံးဝမကြားရဘူး။ မင်းတို့ လက်ဟန်ခြေဟန်ပြနေတာကို ကြည့်ပြီး ငါ့ကို အားပေးနေတယ် ထင်လို့ ဆက်ခုန်နေတာပါ"တဲ့။
ဒါပါပဲ။ နောက် တစ်ခုခုကြိုးစားလုပ်နေတာကို မဖြစ်နိုင်ဘူးလို့ လာပြောရင် နားမကြားတဲ့ ဖါးသူငယ်ကို အတုယူပြီး မကြားဟန်ဆောင်နေလိုက်ပါ။
ဗန်းမော်သိန်းဖေ
၀၂-၁၁-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။