လိမ္မာရေးခြားရှိပြီးအောင်မြင်ထက်မြက်တဲ့ လူငယ်လေးတွေကိုကြည့်ပြီးသူတို့ရဲ့မိဘတွေ ဘယ်လိုများ ပြုစုပျိုးထောင်လိုက်ပါလိမ့်လို့ သိချင်နေပါသလား။ မိမိရဲ့ သားသမီးလေးတွေ ကိုလည်းအရည် အချင်းရှိတဲ့ မိဘအနေနဲ့ ထက်မြက်အောင်မြင်တဲ့ ကလေး ဖြစ်ဖို့ မိဘအပေါ်မှာအများကြီးမူတည် နေပါတယ်။ ကလေးတစ်ယောက်ဟာ ထက်မြက်အောင်မြင်တဲ့ လူကြီးဖြစ်လာဖို့ နဂိုဗီဇနဲ့ ပြုစုပျိုးထောင်မှု (Nature + Nurture) တို့ လိုအပ်ကြောင်းကလေးစိတ်ပညာစာအုပ်များမှာဖတ်ရှုရပါတယ်။ ဒီတော့ သားသမီးတွေကို လျှမ်းလျှမ်းတောက်အောင်မြင်အောင် ပြုစုပျိုးထောင်နိုင်ခဲ့ တဲ့ မိဘတွေကိုလေ့လာမှတ်တမ်းတင်ပြီးစုဆောင်းရရှိခဲ့တဲ့ သားသမီးပြုစုပျိုးထောင်နည်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးသင်ပေးခြင်း - အမေရိကမှ Pennsylvania State Universityနဲ့ Duke Universityတို့မှ နှစ်ပေါင်း ၂၀ ကြာလေ့လာဆန်းစစ်မှုတစ်ခုကို ပြုလုပ်ခဲ့ရာ ကလေးပေါင်း ၇၀၀ ကိုမူလတန်းအရွယ်မှ အသက် ၂၅ နှစ်အရွယ်ထိစောင့်ကြည့်လေ့လာခဲ့ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းအောင် မိဘတွေကသင်ကြားပေးခဲ့တဲ့ ကလေးတွေဟာအရွယ်ရောက်လာတဲ့အခါ အောင်မြင်ကြကြောင်းတွေ့ရှိရတယ် လို့ သိရပါတယ်။ လူတွေနဲ့ ညှိယူနေထိုင်တတ်ပြီးစိတ်ခံစားမှုကိုလည်းမှန်ကန်စွာထိန်းမတ်နိုင်တဲ့ ကလေးတွေဟာအရွယ်ရောက်တဲ့အခါ အောင်မြင်သူတွေ ဖြစ်လာတတ်ကြပါတယ်။
ရည်မှန်းချက်မြင့်မြင့်ထားပေးခြင်း - မိမိရဲ့ သားသမီးတွေကိုတက္ကသိုလ်ရောက်အောင် ထားပေးဖို့ ရည်မှန်းထားတဲ့ မိဘတွေဟာတက္ကသိုလ်စရိတ်ကို ကြိုတင်စုဆောင်း ထားတတ် ကြပြီး သားသမီးအပေါ်ထားရှိတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကိုလည်းအလျဉ်းသင့်သလိုထုတ်ဖော်ပြောပြတတ်ကြပါတယ်။ အဲဒီအခါ ကလေးတွေ အနေနဲ့ မိမိကိုယ်ကိုရောမိဘကိုပါ ယုံကြည်မှုပိုရှိလာပြီး မိမိဘ၀ရဲ့အနာဂတ်လမ်းကြောင်းကို ပိုမိုပုံဖော်တတ်လာကာအောင်မြင်ရေးပန်းတိုင်ကို ငယ်စဉ်ကတည်းကဦးတည်လျှောက်လှမ်း လာတတ် ကြပါတယ်။
မိခင်ကအလုပ်အကိုင်ရှိခြင်း - အလုပ်လုပ်တဲ့မိခင်ဟာသားသမီးကိစ္စကိုလစ်ဟင်းနိုင်ကြောင်းထောက်ပြကြတာမျိုးရှိပေမဲ့ ဒါဟာကလေးတွေ ငယ်တဲ့အရွယ်မှာဆို ဟုတ်ကောင်း ဟုတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကလေးတွေ မူလတန်းတက်တဲ့အရွယ်လောက်ကစပြီးမိခင်ကအလုပ်လုပ်တဲ့အခါ ကလေးတွေဟာမိမိကိုယ်ကို ပိုမိုထိန်းကျောင်းတာဝန်ယူနိုင် တာ တွေ့ရပါတယ်။ မိခင်အလုပ်လုပ်တဲ့အိမ်ကသမီးတွေဟာမိခင်အလုပ်မလုပ်တဲ့အိမ်ကသမီးတွေနဲ့နှိုင်းစာရင် ၂၃% ပိုပြီးအလုပ်ကောင်းကောင်းရကြပြီး ၀င်ငွေပိုကောင်းကြ တယ်လို့ လေ့လာတွေ့ရှိမှုတစ်ရပ်ကဆိုပါတယ်။ အလားတူပဲမိခင်အလုပ်လုပ်တဲ့အိမ်ကသားဟာအိမ်မှုကိစ္စတွေကိုလုပ်တတ်လို့ တကိုယ်တည်းလည်း အဆင်ပြေပြေနေတတ် သလို အိမ်ထောင်ရေးလည်းသာယာလို့ အလုပ်အကိုင်မှာ ပိုမိုစိတ်ပါဝင်စားမှုရှိပြီး ၀င်ငွေပိုကောင်းကြပါတယ်။
မိဘများပညာတတ်ပြီး ၀င်ငွေကောင်းခြင်း - ပညာမစုံခင် ငယ်ရွယ်ချိန်မှာအိမ်ထောင်ပြုကြသူတွေဟာပညာကိုဆုံးခန်းတိုင် မသင်ယူနိုင်ကြတာများလို့ အလုပ်အကိုင်လည်း မကောင်းနိုင်၊ ၀င်ငွေလည်းမကောင်းနိုင်ကြပါဘူး။ ဒါ့အပြင် ပညာနည်းပါးတဲ့မိဘတွေဟာသားသမီးထိန်းကျောင်းရာမှာနည်းလမ်းမှန်ကန်မှုပါ နည်းပါးနိုင်ပါတယ်။ ဒါ့ကြောင့် ပညာတတ်ပြီး ၀င်ငွေအတန်အသင့်ကောင်းတဲ့မိဘတွေကနေမွေးဖွားလာတဲ့သားသမီးတွေဟာအရွယ်ရောက်တဲ့အခါ အောင်မြင်မှုရဖို့ ရာခိုင်နှုန်းပိုများကြပါတယ်။
စိတ်ဖိစီးမှုနည်းပါးပြီးရင်းနှီးတဲ့မိသားစုဖြစ်ခြင်း - အလုပ်မှာဖြစ်ဖြစ် လူမှုပတ်ဝန်းကျင်မှာဖြစ်ဖြစ် စိတ်ဖိစီးမှုနည်းပါးအောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မိဘတွေဟာ သားသမီးတွေကို ချစ်ချစ်ခင်ခင်နဲ့ ရင်းနှီးတဲ့မိသားစုဖြစ်အောင် ဖန်တီးနိုင်ကြပါတယ်။ ကလေးတွေကိုအိမ်စာလုပ်ရာမှာကူညီပေးခြင်း၊ ကလေးတွေကိုလေ့လာရေးပျော်ပွဲစားများ လုပ်ပေးခြင်းတို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ရပါမယ်။ ဒါ့အပြင် ကလေးရဲ့အပြုအမူကို မြင်ရုံနဲ့ ကလေးရဲ့စိတ်ကိုချက်ချင်းသိနိုင်ပြီး ထိန်းကျောင်း ဖြည့်ဆည်းပေးနိုင် တဲ့ မိဘတွေရဲ့ သားသမီးတွေဟာပိုမိုအောင်မြင်တတ်ကြပါတယ်။
ယုံကြည်မှုတည်ဆောက်ပေးခြင်း - သားသမီးကိုမိမိကိုယ်ကိုယုံကြည်မှုရှိအောင် တည်ဆောက်ပေးနိုင်ဖို့ မိဘကိုယ်တိုင်ကယုံကြည်မှုရှိနေရမှာဖြစ် ပါတယ်။ Standford University က စိတ်ပညာရှင် Carol Dweck က အောင်မြင်မှုရခြင်းမရခြင်းနဲ့ ပတ်သက်တဲ့ စိတ်ထား နှစ်မျိုးရှိတယ်လို့ ဆိုပါတယ်။ “Fixed mindset” လို့ခေါ်တဲ့ ပုံသေစိတ်ထား နဲ့ “Growth Mindset” လို့ခေါ်တဲ့ ဖွံ့ဖြိုးစိတ်ထားတို့ဖြစ်ပါတယ်။ “Fixed mindset” ခေါ် ပုံသေစိတ်ထားဟာမွေးရာပါ ဥာဏ်ကောင်းသူ၊ တော်သူတွေ ပဲအောင်မြင်နိုင်တယ်လို့ ယူဆတဲ့ စိတ်ထားဖြစ်ပါတယ်။ ထိုစိတ်ထားရှိသူတွေဟာအောင်မြင်မှုရဖို့ကိုပဲရှေးရှုပြီးရှုံးနိမ့်မှုရှိနိုင်တာတွေကို မစွန့်စားပဲရှောင်ရှားတတ်ကြပါတယ်။ “Growth Mindset” ခေါ် ဖွံ့ဖြိုးစိတ်ထား ဟာ ရှုံးနိမ့်မှုကိုမကြောက်ပဲစွန့်စားရဲတဲ့စိတ်ထားဖြစ်ပြီး ရှုံးနိမ့်မှုဟာညံ့ဖျင်းခြင်းကြောင့် မဟုတ်ပဲသင်ယူရမယ့် သင်ခန်းစာသာဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ထားဖြစ်ပါတယ်။
ကလေးတစ်ယောက်ကိုစာမေးပွဲအမှတ်မကောင်းတဲ့အခါ “နင် ဒီလောက်ညံ့ရသလား၊ ဥာဏ်တုံးလွန်းတယ်” လို့ပြောမယ့်အစား “ဥာဏ်ကောင်းရဲ့နဲ့ ဘယ်လိုဖြစ်ရတာလဲ၊ ဘာတွေအမှားလုပ်မိလဲ ပြန်ကြည့်ပြီးနောက်တစ်ခါ မမှားအောင် လုပ်ရအောင်နော်” လို့ပြောပြမှသာ ရဲဝံ့အောင်မြင်တဲ့ကလေးငယ်များဖြစ်လာမှာဖြစ်ပါတယ်။
http://yangonlife.com.mm/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။