ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)
________________
(၂) ဝေလမင်းသား
၁၉၁၁ခုနှစ် နွေဦးရာသီမှာ ဘုရင်Georve က Edwardကို သူ့ရဲ့အိပ်ခန်းထဲခေါ်ပြီး “နောက်လမှာ မင်းကို ဝေလမင်းသားအဖြစ်ခန့်အပ်မယ်။ ဒါက အဲဒီအခမ်းအနားမှာ မင်းဝတ်ရမယ့်ဝတ်စုံပဲ”။
ဘုရင်က ဘီရိုသေးတစ်လုံးကိုဖွင့်လိုက်တယ်။ Edward ထငိုပါတော့တယ်။
“ဒါပေမယ့် ဖခမည်းတော်.. ကျွန်တော်မျိုး အသက်၁၆နှစ်ရှိပါပြီ။ ဖိနပ်ပျော့နဲ့စကပ်ကို ကျွန်တော်မျိုးမဝတ်နိုင်ဘူး။ ကြည့်ရတာ မိန်းကလေးတစ်ယောက်နဲ့တူလို့ပါ။ တခြားလူတွေလို ဘာကြောင့် ကျွန်တော်မျိုးဝတ်လို့မရတာလဲ” လို့ Edward ကပြောတယ်။
“မင်းက သူတို့နဲ့မတူဘူး… မင်းက ထူးခြားတယ်” သူ့ခမည်းတော်က ပြန်ဖြေတယ်။ “တစ်နေ့နေ့မှာ မင်းဟာ ရှင်ဘုရင်ဖြစ်လာမှာ”။
အဲဒီနောက် နှစ်ရက်ဆက်တိုက် Edward ငိုခဲ့တယ်။ ဒါပေမယ့် သူဘာမှ မလုပ်နိုင်ခဲ့ပါဘူး။
အဲဒီလိုနဲ့ ၁၉၁၁ခုနှစ် ဇွန်လ ၁ဝရက်နေ့မှာ တော်ဝင်မိသားစုတို့ဟာ North Wales က Caernarvon ရဲတိုက်ဆီ ကားစီးပြီးရောက်လာခဲ့ကြတယ်။ အဲဒီမှာ အခမ်းအနားစတင်ခဲ့တယ်။
ဘုရင်က ရွှေသရဖူလေးတစ်ခုကိုEdwardရဲ့ဦးခေါင်းထက်မှာ ဆောင်းပေးလိုက်တယ်။ အခမ်းအနားမှာ ဂီတနဲ့ အကပါတယ်။ လူစုလူဝေးက ညာသံပေးအော်ဟစ်ခဲ့ကြတယ်။ အသစ်ခန့်အပ်ခံရတဲ့ ဝေလမင်းသားကတော့ မျက်စိကိုမှိတ်ထားပါတယ်။
“နေရထိုင်ရ ကျဉ်းကျပ်လိုက်တာလို့ ကျွန်တော်ခံစားရတယ်”လို့ သူပြောတယ်။ “အခု ကျွန်တော်တို့ အိမ်ပြန်လို့ရပြီလား”။
“မရသေးဘူး” ရှင်ဘုရင်က ပြန်ဖြေတယ်။ “လူတွေက မင်းကိုမြင်ချင်နေကြတယ်”။
Edwardက ရဲတိုက်ရှေ့ဘက်ဆီလျှောက်သွားလိုက်ပြီး လူအုပ်ဆီငုံ့ကြည့်လိုက်တယ်။ သူတုန်လှုပ်သွားတယ်၊ သူ့မျက်နှာ နီရဲလာခဲ့တယ်။
“ပြုံးလိုက်စမ်း Edward.. မင်း ပျော်ရွှင်နေရမှာ”လို့ ဘုရင်က ပြောတယ်။
နာရီအနည်းငယ်အကြာမှာ မိသားစုတစ်စုလုံး ဝင်ဆာရဲတိုက်ဆီ ကားစီးပြန်ခဲ့ကြတယ်။
“ဘယ်လောက်ပျော်စရာကောင်းလိုက်တဲ့ နေ့တစ်နေ့လဲနော်” မိဖုရား Mary က ပြောတယ်။
Edward က ဖိနပ်ကိုချွတ်ချပြီး ပြတင်းပေါက်အပြင်ဖက်ဆီ ကြည့်လိုက်တယ်။
“ငါ ဒီလိုအဖြစ်မခံတော့ဘူး” သူ တွေးလိုက်တယ်။ “ဘယ်တော့မှ အဖြစ်မခံတော့ဘူး”။
(၃) တော်ဝင်မင်းသား
အော့စဖို့ဒ်တက္ကသိုလ်မှာ တစ်နှစ်ကြာ ပညာသင်ကြားပြီးတဲ့နောက် Edwardဟာ ပထမကမ္ဘာစစ်ထဲ ပါဝင်ခဲ့တယ်။ သူ ဒီလိုရေးသားခဲ့ပါတယ်။
“ကျွန်တော်နဲ့ အခြားစစ်သား ၂၅ဦးတို့ဟာ အိမ်တစ်အိမ်မှာ အတူနေခဲ့ကြတယ်။ ညအချိန်မှာ ကျွန်တော်တို့ဟာ ကိုယ့်ဘဝအကြောင်းနဲ့မိသားစုအကြောင်း
ပြောဆိုခဲ့ကြတယ်။ အရမ်းစိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။
ကျွန်တော်ဟာ ဌေးတဲ့လူနဲ့ပဲဖြစ်ဖြစ်၊ ဆင်းရဲတဲ့လူနဲ့ပဲဖြစ်ဖြစ်၊ လူကြီး လူငယ် လူတန်းစားမရွေး လူတကာနဲ့ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခဲ့ပါတယ်။ အဲဒီအပြင် စစ်ပွဲရဲ့ သွေးသံရဲရဲနဲ့ ဗွက်လောရိုက်သံတွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။
၁၉၁၆ခုနှစ်က နေ့တစ်နေ့မှာ ကျွန်တော့်ယာဉ်မောင်းသူက ကျွန်တော့်ကို ဘယ်ဂျီယံက Loosမြို့ဆီ မောင်းပို့ခဲ့ပါတယ်။ ကားပေါ်ကနေ ကျွန်တော်ဆင်းပြီး တောင်ထိပ်ဆီ လမ်းလျှောက်တက်သွားခဲ့ပါတယ်။ တောင်အောက်မှာ ပြင်းထန်တဲ့တိုက်ပွဲဖြစ်နေပါတယ်။ ကျွန်တော် ကြေကြေကွဲကွဲ ခံစားခဲ့ရပါတယ်။
တစ်နာရီအကြာမှာ ကားဆီကျွန်တော်ပြန်ရောက်ခဲ့ပါတယ်။ ကျွန်တော်တွေ့မြင်ခဲ့ရတဲ့မြင်ကွင်းကို ကျွန်တော်တစ်သက်တာ မေ့ပျောက်လို့ မရနိုင်ခဲ့ပါဘူး။ ကျွန်တော့်ယာဉ်မောင်း သေဆုံးသွားခဲ့ပါတယ်။ ကားကနေ ကျွန်တော်ဆင်းသွားချိန် တစ်ယောက်ယောက်က သူ့လည်တိုင်ကိုပစ်ခဲ့ပါတယ်"။
၁၉၁၈ခုနှစ် စစ်ပြီးဆုံးသွားတဲ့နောက် Edward ဟာ Bucking နန်းတော်ဆီပြန်ခဲ့ပါတယ်။ တစ်ခုသောညမှာ သူဟာ ထမင်းစားခန်းမှာ သူ့ဖခင်နဲ့အတူ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
“နိုင်ငံအချင်းချင်း ဘာကြောင့်စစ်ဖြစ်ရတာလဲ ကျွန်တော်မျိုးနားမလည်ဘူး” မင်းသားEdward က ပြောပါတယ်။ “စစ်ကြီးပြီးဆုံးသွားလည်း အရာအားလုံးက အရင်အတိုင်းပဲ။ လူအများက ဆင်းရဲငတ်မွတ်နေကြတုန်းပဲ။ ဒါ မတရားဘူး။ တစ်ယောက်ယောက်က တစ်ခုခုလုပ်မှဖြစ်မယ်”။
“ကောင်းပြီ” ဘုရင်ကြီး George က ဖြေတယ်။
“မီးလင်းဖိုဘေးမှာ ထိုင်နေရုံနဲ့ လောကကြီးကို မင်းပြောင်းလဲလို့ရမှာ မဟုတ်ဘူး။ မင်း ခရီးထွက်ရမယ်။ လူတွေနဲ့ တွေ့ဆုံဆွေးနွေး ပြောဆိုရမယ်။ သူတို့ ဘာပြောသလဲ နားထောင်ရမယ်။ ဒီလိုမှ မင်း ဘုရင်ဖြစ်တဲ့အခါ ဒီလောကကြီးကို ပိုလှပကောင်းမွန်အောင် လုပ်နိုင်မယ်”။
အဲဒီလိုနဲ့ ၁၉၂ဝခုနှစ်မှာ Edward ဟာ အင်္ဂလန်နိုင်ငံကနေ ထွက်ခွာသွားခဲ့ပြန်တယ်။ အဲဒီနောက် ၅နှစ်တာအချိန်ကာလအတွင်းမှာ သူသွားခဲ့တဲ့ ခရီးစဉ်အကွာအဝေး ၂သိန်း၎သောင်းကီလိုမီတာရှိခဲ့ပြီး နိုင်ငံပေါင်း ၄၅နိုင်ငံဆီ သွားရောက်လည်ပတ်မေးမြန်းခဲ့ပါတယ်။
သူဟာ အိန္ဒိယ၊ အာဂျင်တီးနား၊ နိုင်ဂျီးလီးယား၊ မက်ဆီကို၊ နယူးဇီလန်၊ ဂျာမဏီ၊ ပြင်သစ်နဲ့ ဂျပန်နိုင်ငံတွေ သွားရောက်ခဲ့ပါတယ်။ ကနေဒါနိုင်ငံ တိုရာတိုမြို့ကို သူရောက်ခဲ့စဉ်က လူပေါင်း ၅သိန်းက သူ့ကိုကြိုဆိုခဲ့ကြပါတယ်။ တစ်နေရာရောက်တိုင်း လူထောင်ပေါင်းများစွာရဲ့ စောင့်မျှော်ကြည့်ရှုတာကို သူခံခဲ့ရပါတယ်။ Cape မြို့မှာ လူပေါင်း ၁သိန်း၉သောင်း၊ ပဲရစ်မြို့မှာ လူပေါင်း ၃သိန်း၊ နယူးယောက်မှာ လူပေါင်း ၅သိန်း၊ Melbourne မှာ လူပေါင်း ၇သိန်း၅သောင်း ကြိုဆိုတာကို ခံခဲ့ရပါတယ်။
“Edward က ပထမဦးဆုံးသော တော်ဝင်မင်းသားတစ်ပါးပါ” လို့ သတင်းစာတစ်စောင်က အခုလိုရေးခဲ့တယ်။
“သူဟာ အခုလက်ရှိမှာ ကမ္ဘာ့နာမည်အကျော်ကြားဆုံးလူပါ။ အရင့် အိမ်ရှေ့မင်းသားတွေက ဖော်ရွေမှုကင်းတယ်၊ စိတ်ပျက်စိတ်ကုန်စရာ
ကောင်းတယ်။ ဒါပေမယ့် Edward က အဲဒီလိုမဟုတ်ဘူး။ ကားပေါ်ကနေ သူဆင်းပြီး လမ်းမပေါ်သူလမ်းလျှောက်တယ်။ နှစ်မိနစ် သုံးမိနစ်တစ်ခါ ရပ်ပြီး လမ်းသွားလမ်းလာတွေနဲ့ စကားပြောတယ်။ တစ်ခါခါ သူရယ်မောတယ်၊ တစ်ခါခါ သူပြုံးတယ်။ လူထောင်ပေါင်းများစွာနဲ့ သူလက်ဆွဲနှုတ်ဆက်တယ်။ သူကဖော်ရွေတယ်.. ရွှေရောင်အသည်းနှလုံးပိုင်ရှင်ဖြစ်တယ်”။
××××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a (ဘာသာပြန်မှားယွင်းတာ၊ အသုံးအနှုန်းမှားယွင်းသုံးစွဲမိတာရှိခဲ့ရင် ကျေးဇူးပြုပြီးပြောပြပေးပါလို့.. ကျွန်မက ကျွန်မပိုကျွမ်းကျင်တဲ့ တရုတ်ဘာသာကနေ မြန်မာဘာသာအဖြစ် ဘာသာပြန်ဆိုပါတယ်)
နိုင်းနိုင်းစနေ (Sept. 13. 2014)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။