Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 22, 2014

ခံစားနေရတာ ကြာပြီဖြစ်တဲ့ အကြောင်းတစ်ခု ပြောပြချင်ပါတယ်။


Kyi Cin Thant

“ကျေးဇူးပြု၍ သည်းခံကြပါ”
ခံစားနေရတာ ကြာပြီဖြစ်တဲ့ အကြောင်းတစ်ခု ပြောပြချင်ပါတယ်။ စရရင်တော့ အိမ်အကူတွေနဲ့ ကျွန်မအကြောင်းက ဆိုပါတော့။ ဘန်ကောက်မြို့ကြီးမှာ ကျွန်မ အိမ်အကူထားနိုင်ကြောင်း ကြွားချင်တာ မဟုတ်ရပါနော်။ ကျွန်မ ပြောလိုတဲ့အကြောင်းက သူတို့ ပါမှ ဖြစ်မှာမို့လို့ပါ။
အိမ်ရှင်မ လုပ်သက် ၄နှစ်နီးပါးအထိ ကျွန်မမှာ အိမ်အကူမရှိခဲ့ပါ။ ကျွန်မပဲ ခေါင်းသူကြီး ကျွန်မပဲ အိမ်အကူဖြစ်တဲ့အတွက် စိတ်သွားတိုင်းကိုယ်ပါခဲ့ပါတယ်။ ငယ်ငယ်ကတည်းက အမဲသား ဝက်သားမစား ပင်လယ်ငါးမစား မြစ်ငါးချောင်းငါးပဲ စားသူ ကျွန်မ ခင်ပွန်းသည်အတွက် မြစ်ငါးချောင်းငါး ရှားပါးတဲ့ ဘန်ကောက်မြို့ကြီးပေါ်မှာ သူ့အတွက် ဟင်းချက်စရာ စဉ်းစားရတာ အတော်ခေါင်းခြောက်တဲ့ ကိစ္စပါ။
သူစားဖူးတဲ့ သူကြိုက်တဲ့ ဟင်းအရသာအတိုင်း တထပ်တည်းမဟုတ်ရင် အားမနာတမ်းဝေဖန်တတ်တဲ့ သူ့ကို မခံချင်စိတ်နဲ့ (စေတနာလည်းနည်းနည်းတော့ ပါပါတယ်လေ) လက်စွမ်းပြ ချက်ပြရင်း ကျွန်မ အမေနဲ့ နေစဉ်ကထက် ဟင်းချက်တဲ့ အရည်အချင်းတွေ တိုးတက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကျွန်မလည်းသူ့ဆီက အစားအသောက်ချေးထူတာနဲ့ အကောင်းကြိုက်တဲ့ အကျင့် ကူးစက်မှန်းမသိ ကူးစက်ခဲ့ပါတယ်။ သပ်ရပ်သန့်ရှင်းမှု ကြိုက်တဲ့ ကျွန်မစိတ်ကို ကျေနပ်စေဖို့အတွက်လည်း တအိမ်လုံးကို ကျွန်မ ကိုယ်တိုင်သန့်ရှင်းရေးလုပ်ခဲ့ပါတယ်။ သူတစ်ယောက်တည်းရဲ့ ဝင်ငွေအပေါ် မှီနေရတဲ့ အချိန်မှာ အပိုမသုံးမိစေဖို့အတွက် ဘယ်အိမ်အကူမှ မခေါ်ဘဲ၊ အိမ်မှုကိစ္စတွေကို ဘာသာရပ်တစ်ခုလို စိတ်ပါဝင်စားစွာ သင်ယူဆောင်ရွက်ရင်း အိမ်ရှင်မ လုပ်ရတာ အလွန်ပျော်ခဲ့ပါတယ်။
ကျွန်မ ဂျပန်ကျောင်းသွားတက်ခါနီးမှာ အိမ်အကူ စခေါ်ဖြစ်ပါတယ်။ ပထမဦးဆုံးတစ်ယောက်နဲ့ အိုကေပါတယ်။ သူက ထိုင်းအိမ်တွေမှာ အတွေ့အကြုံ ရှိထားဖူးသူဖြစ်တဲ့အတွက် ကျွန်မ မသိသေးတာတွေတောင် သူ့ဆီက သင်ယူခဲ့ရပါသေးတယ်။ ကျွန်မ ဂျပန်ရောက်ပြီးသိပ်မကြာခင်မှာ ထိုအမျိုးသမီး အိမ်ထောင်ပြုတဲ့အတွက် အလုပ်က ရပ်နားလိုက်ပါတယ်။ နွေရာသီကျောင်း ၃ လ ပိတ်လို့ပြန်လာတဲ့အခါ အိမ်အကူအသစ်တစ်ယောက် နဲ့ ကလေးထိန်းတစ်ယောက် အိမ်မှာ ရှိနေခဲ့ပါတယ်။ ကျွန်မ စိတ်တိုင်းမကျပါ။ ဒါနဲ့ပဲ မြန်မာပြည်က ကျွန်မ အဒေါ်ဝမ်းကွဲတစ်ယောက်ကို သွားခေါ်လာပြီး သမီလေးကို ကြည့်စေခဲ့ပါတယ်။ ဂျပန်က အပြီးပြန်လာချိန်မှာ ကျွန်မ အဒေါ်နဲ့အတူ ထမင်းချက်တဲ့ အမျိုးသမီးငယ်တစ်ဦးပါရှိနေခဲ့ပါတယ်။ အမေအရင်း ပြန်လာပြီဖြစ်တဲ့အတွက် သူ မလိုတော့ဘူးလို့ပြောပြီး ကျွန်မ အဒေါ်ပြန်သွားခဲ့ပါတယ်။ တစ်ပတ်အကြာမှာ ကျွန်မ အိမ်ထောင်ပြုတော့မယ်ဆိုကာ ထမင်းချက်တဲ့ အမျိုးသမီးငယ်လည်း အလုပ်ကနေ ထွက်သွားပါတယ်။ ကျွန်မတို့ သားအမိသားအဖတတွေပဲ ကျန်ခဲ့ပါတယ်။
အတော်ပျော်စရာကောင်းပါတယ်။ ချက်လိုက်ပြုတ်လိုက် စားလိုက်သောက်လိုက်နဲ့ ငယ်သားမရှိတဲ့အိမ်မှာ ကျွန်မ ဘုရင်မကြီးပေါ့။ သမီးလေးကို စာတွေဖတ်ပြလိုက်၊ စကားတွေ သင်ပေးလိုက်နဲ့ လွတ်လပ်ပေါ့ပါးလိုက်တာ။ ဒီလိုနဲ့ ကျွန်မ အလုပ်အင်တာဗျူးအပြီးမှာ နောက်တစ်လနေရင် အလုပ်စဝင်ရမယ်လို့ သိရပါတယ်။ ကျွန်မ ဂျပန်မှာ နေခဲ့တဲ့ ၂ နှစ်လုံးလုံး ၁ လတောင် ပြည့်အောင်မနေနိုင်ခဲ့တဲ့ ကျွန်မ အမေ နဲ့ ယောက္ခမတို့ကို ခေါ်လည်း လာမှာမဟုတ်တဲ့အတွက် ၃ နှစ်မပြည့်သေးတဲ့ သမီးလေးကို ကျောင်းပို့ဖို့ စီမံရပြန်ပါတယ်။ သူ့ကျောင်းချိန်နဲ့ ကျွန်မတို့ အလုပ်ပြန်ချိန် ကွာဟနေတဲ့အတွက် အိမ်မှာ အကူတစ်ယောက်လိုလာ ပြန်ပါတယ်။ ဒီလိုနဲ့ ကျွန်မထက် အသက်အနည်းငယ်ကြီးတဲ့ အမျိုးသမီးတစ်ယောက် အိမ်အကူအဖြစ်ရောက်လာခဲ့ပါတယ်။
သူက ၅ တန်းအထိကျောင်းနေခဲ့ဖူးပြီး မွန်ပြည်နယ်က ရွာတစ်ရွာမှာ ကုန်စုံဆိုင်ဖွင့်နေရာမှ ဘန်ကောက်ရောက်လာတယ်ဆိုပါတယ်။ ကျွန်မအိမ်က သူ့အတွက် ပထမဦးဆုံးအိမ်ပါ။ သူရော ကျွန်မပါ ကံမကောင်းခဲ့ကြပါ။ သူနေဖို့ အခန်းကို စီစဉ်ပေးပြီး ကျွန်မက do’s and don’ts တွေကို ရှင်းပြပါတယ်။ သူ့မျက်နှာက ဘာခံစားချက်မှ မရှိသလိုပါပဲ။ ခေါင်းငြိမ့်ပြရုံကလွဲလို့ ဘာမှ မပြောပါ။ အိမ်လွမ်းရောဂါ ဆိုတာ ကျွန်မ နားလည်ပါတယ်။ မီးဖိုထဲမှာ ပန်းကန်ဆေးတာ သင်ပေးပြီးနောက် ကျွန်မအိမ်ရှိ လျှပ်စစ်ထမင်းအိုးအား အသုံးပြုပုံကို ကျွန်မ သင်ပြပါတယ်။ တခြားပစ္စည်းတွေသုံးတာကို နောက်မှ တဖြည်းဖြည်းသင်တော့မယ်လို့ ကျွန်မ ဆုံးဖြတ်ပြီး သူထမင်းချက်တတ်ဖို့ကို အရင် လုံးပမ်းရပါတယ်။ “ဒီမှာကြည့် ဆန် ဒီဗူးလေးနဲ့တစ်ဗူးကို ရေ တစ်ဆစ်ခွဲထည့်ရတယ်” ထမင်းအိုး အတွင်းနံရံပေါ်က လိုင်းလေးတွေကို ညွှန်ပြရင်း ကျွန်မ ရှင်းပြပါတယ်။ “ဆန် ၂ ဗူးဆိုရင် ရေ ၃ ဆစ်ထည့်ရမယ် ဒီတော့ ဆန် ၃ ဗူးဆိုရင် ရေ ဘယ်နှစ်ဆစ်ထည့်ရမလဲ”။ သူ ကျွန်မကို ကြောင်ကြည့်နေပါတယ်။ ခေါင်းခါပြပါတယ်။ ကျွန်မ မေးတာက ဆိုပြီး ကျွန်မ မေးခွန်းကို အစက ပြန်ရွတ်ပြပါတယ်။ သူက “မသိဘူး” လို့ ဖြေပါတယ်။ ကျွန်မ အတော် အံ့သြသွားပါတယ်။ ၁ ခွဲ ကို ၃ နဲ့ မြှောက်ရင် ဘာရသလဲလို့ ကျွန်မ ထပ်မေးတဲ့အခါ သူမျက်နှာမှာ အရိပ်တစ်မျိုး ဖြတ်သန်းသွားပြီး မသိဘူးလို့ သူ ဖြေပြန်ပါတယ်။ “အစ်မ ၅ တန်းအထိ ကျောင်းနေဖူးတယ်ဆို” ဟူသည့် စကားကို ကျွန်မ မြိုချလိုက်ပြီး “မနက်ဆိုရင် ဆန် ၃ ဗူးချက်မယ်၊ ရေ ၄ ဆစ်ခွဲထည့်မယ် မှတ်ထားနော်” လို့ အတိုချုပ်ပြောလိုက်ပါတယ်။ အဲဒီနောက် သူ့ကို ပေးခဲ့တဲ့အလုပ်က မီးဖိုထဲမှာ ကျွန်မ လုပ်သမျှ ကြည့်ဖို့ပါ။
နောက်နေ့တွေမှာ ကျွန်မအိမ်က (သာမန်အိမ်တိုင်းမှာရှိတဲ့) အဝတ်လျှော်စက်၊ မီးပူ၊ ရေနွေးအိုးတွေ အသုံးပြုပုံကို သင်ပေးတဲ့အခါ သူက “ကျွန်မ မလုပ်တတ်ဘူး ပျက်သွားမှာစိုးတယ်” လို့ ဆိုပြီး လုံးဝမထိပါ။ သူ့ကို လုပ်ပြရင်း ကျွန်မဖာသာ လုပ်ရတာ ၄ ၅ ရက်ခန့်အကြာမှာ သူ ထမင်းအိုးတည်တာနဲ့ ချဉ်ပေါင်ရွက်ကြော် ကြော်ပေးတာ အိုကေလာပါတယ်။ ကျွန်မ နည်းနည်းအားတက်လာပါတယ်။ တနေ့ ကျွန်မ အပြင်ကပြန်အလာမှာ သူ ဘာလုပ်နေသလဲလို့ မီးဖိုထဲဝင်ကြည့်တဲ့အခါ သူ့ကိုမတွေ့ရဘဲ မီးဖိုနဲ့ ဆက်နေတဲ့ ရေချိုးခန်းအိမ်သာ တွဲထားတဲ့အခန်းထဲမှာ ငုတ်တုတ်ထိုင်ပြီး အိုးတစ်လုံးကို တိုက်နေတာ တွေ့ရပါတယ်။ “ပန်းကန်ဆေးတဲ့ စင်မှာ မဆေးဘဲ ဘာလို့ အဲ့ဒီမှာ ဆေးနေရတာလဲ အစ်မ” လို့ ကျွန်မ စိတ်ပျက်လက်ပျက်နဲ့မေးလိုက်တဲ့အခါ ဒီလိုဆေးမှ အားရတယ်လို့ သူ ပြန်ပြောပါတယ်။ ပန်းကန်စင်က အဖတ်ကို လက်ညှိုးထိုးပြပြီး နောက်ဆက်တွဲပြောလိုက်တဲ့ သူ့ စကားကြောင့် ကျွန်မ ရူးသွားမလားတောင် ထင်မိပါတယ်။ “အဲဒီအဖတ်က အိုးတိုက်လို့ သိပ်မကောင်းလို့ ဒီကအဖတ်နဲ့ ဆေးမှ ပြောင်သွားတယ်” ဆိုပြီး အိမ်သာ ရေဆွဲအိုးပေါ်က အိမ်သာထိုင်ခုံတိုက်တဲ့ အဖတ်နဲ့ အိုးကို ဆက်တိုက်နေပါတယ်။ မြတ်စွာဘုရား …. ကယ်တော်မူပါ။ လူတစ်ဖက်သားကို အော်ငေါက်ဆဲဆိုဖို့ ဘယ်တုန်းကမှ သတ္တိမရှိခဲ့သူ ကျွန်မ၊ ရင့်ရင့်သီးသီးစကားတွေ ပါးစပ်က ထွက်ချင်လောက်အောင်ကို သူ့ ကို ဒေါသအချောင်းချောင်း ထွက်သွားခဲ့ပါတယ်။ အိမ်သာအိုးပေါ်မှာ တင်ထားတဲ့ အဖတ်က ပန်းကန်းဆေးဖို့ ဖြစ်နိုင်ပါ့မလား၊ သူ့ ဦးနှောက် က ဒီလောက်တောင် မစဉ်းစားတတ်ဘူးလား။ ကျွန်မတို့ အိမ်ထောင်ဦးမှာ ဝယ်ထားခဲ့တဲ့ လျှပ်စစ်ဟင်းအိုးလေး ….။ “အစ်မရယ် ဘယ်လိုလုပ်လိုက်တာလဲ အဲဒါ အိမ်သာဆေးတဲ့အဖတ်လေ၊ အိုးတိုက်ဖို့မဟုတ်ဘူး သွားပါပြီ” လို့ ကျွန်မ ဒေါသတဝက် အသံကြီးနဲ့ပြောတာကို မျက်လုံးအပြူးသားနဲ့ ကြည့်နေတဲ့ သူ့မျက်နှာမှာ အပြစ်ကင်းစင်မှုတွေကို အထင်းသားမြင်နေရပါတယ်။
လူတစ်ယောက်ကို စိတ်တိုင်းမကျရင် ရန်တွေ့ဖို့ ဝန်လေးတတ်ပြီး စိတ်မပြေမချင်း နှုတ်ဆိတ်နေတတ်တာ ကျွန်မရဲ့အကျင့်ဆိုးတွေထဲက တစ်ခုပါ။ သူ့ ကို စကားပြောဖို့ ကျွန်မ ၂ ရက်လောက်အားယူခဲ့ရပါတယ်။ မှတ်မှတ်ရရ သူ ကျွန်မအိမ်ရောက်တာ ၁၀ ရက်မြောက်တဲ့နေ့မှာ သူ့ အမျိုးတွေနဲ့ ခဏသွားတွေ့ပါရစေလို့ ကျွန်မကို ခွင့်တောင်းလာပါတယ်၊ လမ်းစရိတ် ဘတ် ၅၀၀ ပေးပါလို့ တောင်းပါတယ်။ ကျွန်မ သိပါတယ်။ သူ ကျွန်မ ဆီကနေ ထွက်ပြေးတော့မှာပါ။ “အစ်မ ထုတ်ထားတဲ့ အဝတ်တွေကများလှချည်လား” လို့ မသိချင်ယောင်ဆောင်ပြီး မေးတဲ့အခါ မဝတ်တော့တဲ့အဝတ်တွေ သွားထားမလို့ပါလို့ သူ ဖြေပါတယ်။ သူ့ကို သွားခွင့်ပေးလိုက်တာ ကောင်းမယ်လေလို့ တွေးပြီး ကျွန်မ မတားခဲ့ပါ။ ကျွန်မ ပေးတဲ့ ဘတ် ၅၀၀ ယူပြီး သူ့ကို လာခေါ်သူနောက်ကို လိုက်သွားပါတယ်။ စိတ်ပျက်စရာကောင်းလောက်အောင်ကို ညစ်ပတ်သွားခဲ့တဲ့ သူနေခဲ့တဲ့အခန်းနဲ့ သူသုံးခဲ့တဲ့ အောက်ထပ်ရေချိုးခန်းအိမ်သာကို ဆေး၊ စောင်တွေ အိပ်ရာခင်းတွေ လျှော်လှန်းရင်း ကျွန်မ ဘယ်သူ့ ကို စိတ်ဆိုးရမှန်းမသိလောက်အောင်ကို စိတ်တိုခဲ့မောခဲ့ပါတယ်။ သူ့ကို သင်ပေးရင်း အစစအရာရာ ကျွန်မပဲ လုပ်ခဲ့ရတာမို့ အိမ်သာဆိုတာ ဆေးစရာလိုမှန်းမသိခဲ့တဲ့ သူ့ရဲ့ အညစ်အကြေးတွေကို ဆေးကြောခဲ့ရတဲ့အတွက်၊ ကျွန်မကသာ သူ့ဆီက ပိုက်ဆံပြန်တောင်းခဲ့ရရင် အကောင်းသားလို့ ဂွကျကျတွေးမိခဲ့ပါတယ်။
ဇာတ်လမ်းကို အစအဆုံးသိနေတဲ့၊ စီမံခန့်ခွဲမှု ဘာသာရပ်တွေကို သင်နေတဲ့ ကျွန်မခင်ပွန်း “ဦးတတ်ပ” ကတော့ “ချစ်လေး လူတွေကို စီမံခန့်ခွဲတတ်ဖို့ အများကြီးသင်ယူရအုံးမယ်၊ ချစ်လေး ဂျပန်မှာ နေတုန်းက မောင်တို့ အားလုံးအဆင်ပြေကြတယ်၊ ချစ်လေးရောက်လာမှ စိတ်ညစ်လို့ အလုပ်ထွက်သွားတာ ဒါနဲ့ဆို ၃ ယောက်ရှိပြီ” လို့ ရက်ရက်စက်စက် ထောက်ပြဝေဖန်ခဲ့ပါတယ်။ ပြောရက်လိုက်တာ ………. မီးဖိုထဲမှာ၊ ရေချိုးခန်း အိမ်သာနဲ့ သူတို့ အိပ်တဲ့နေရာတွေမှာ သူတို့ ဘာတွေလုပ်ပြီး ဘယ်လိုတွေနေခဲ့သလဲ ဆိုတာကို ယောက်ျားသားဖြစ်တဲ့ သူက သိခဲ့လိုလား။ ဘယ်သူ့ကိုမှ အော်ဖို့ သတ္တိမရှိတဲ့ ကျွန်မ “မောင်ဘာသိလို့လဲ” လို့ အစချီပြီး သူ့ကို ပြန်အော်ခဲ့ပါတယ်။ “ချစ်လေးကို ကောင်းစေချင်လို့ပြောတာ၊ လက်မခံလည်းနေ” ဆိုပြီး သူ အနိုင်နဲ့ ပိုင်းသွားပါတယ်။
ဂျပန်က ပြန်လာခါစက ရှိနေခဲ့တဲ့ ထမင်းချက်အမျိုးသမီးလေး (ဘန်ကောက်မြို့ အစွန်လောက်မှာနေသူ) ကျွန်မတို့ဆီ ပြန်ရောက်လာပါတယ်။ “ယောက်ျားလုပ်စာ တစ်ခုတည်းနဲ့ မစုမိဘူး၊ ဒီမှာ အလုပ်ပြန်လုပ်မယ်၊ စနေ တနင်္ဂနွေ အိမ်ပြန်မယ်နော်” တဲ့။ ကျွန်မ အိုကေ သွားပါတယ်။ ၆ လ ပဲ ကြာပါတယ်၊ ကိုယ်ဝန်ရှိလာလို့ ကျွန်မ အလုပ်ထွက်တော့မယ် ဆိုပြီး ခွင့်တောင်းလာပါတယ်။ လာနေဖူးခဲ့တဲ့ အဒေါ်ကို ပြန်ခေါ်ရပြန်ပါတယ်။ အခုအချိန်အထိ ကျွန်မတို့နဲ့ အတူရှိနေတဲ့ အဒေါ်ပါ။
အိုးတိုက်တဲ့ဇာတ်လမ်းအပြီးမှာ ကျွန်မရဲ့ စီမံခန့်ခွဲမှု ကိစ္စတွေ တိုးတက်ပြောင်းလဲသွားပြီလို့ အထင်မကြီးလိုက်ပါနဲ့ဦး။ သူ့ နောက် ၂ ယောက်နဲ့ ရှိခဲ့စဉ် အတောအတွင်းမှာလည်း သူနဲ့တုန်းကလောက် ဆိုးရွားတဲ့ကိစ္စတွေမဖြစ်ခဲ့ပေမယ်၊ ကျွန်မရဲ့ စိတ်တိုင်းမကျမှုတွေက ရှိနေဆဲပါပဲ။ စိတ်တိုင်းမကျရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်မအတွက် အလွန်လွယ်ကူ ရိုးရှင်းတဲ့ ကိစ္စတွေကို အခက်အခဲတွေ့ နေတဲ့သူတို့ကို ကျွန်မက နားမလည်နိုင်ခဲ့လို့ပါ။ ကျွန်မ သင်ပေးထားတဲ့ကိစ္စတစ်ခုကို ဘာမှမဖြစ်ရင် အဆင်ပြေအောင်လုပ်နိုင်ပေမယ့် အနည်းငယ် အပြောင်းအလဲလုပ်ဖို့ လိုအပ်လာတဲ့အခါတိုင်း သူတို့ ဆီက ဘာ အကြံကောင်းဥာဏ်ကောင်းမှ ထွက်မလာခဲ့ဘဲ ကျွန်မဆီပြေးလာပြီး ဒါဘယ်လိုလုပ်ရမလဲလို့ အဖြေတောင်းပါတယ်၊ သူတို့ခေါင်းကို အလုပ်မလုပ်ခိုင်းဘဲ ကျွန်မခေါင်းကို အလုပ်ရှုပ်စေတဲ့အတွက် ကျွန်မ တော်တော်လေးကို မောရပါတယ်။
ကျွန်မ စိတ်အလိုမကျတိုင်း ရင်ဖွင့်မိတာကတော့ ကျွန်မအပေါ် ညာတာမှုကင်းမဲ့စွာ ဝေဖန်တတ်တဲ့ ကျွန်မ ခင်ပွန်းကိုပါ (သူ့ မပြောလို့ ဘယ်သူ့ပြောရမလဲလေ)။ သူပြောလေ့ရှိတဲ့ အကြံပေးစကားတစ်ချို့ကို စကားအဖြစ်နဲ့သာ နားထောင်ခဲ့ပြီး တန်ဖိုးထားကျင့်သုံးဖို့ စိတ်မဝင်စားခဲ့ပါ။ “လူတိုင်းဟာ တစ်ယောက်တစ်မျိုးစီပါ၊ ကိုယ်အသက်အရွယ်မှာ ကိုယ်နားလည်သိရှိထားတာတွေကို ကိုယ်နဲ့ ရွယ်တူတွေ သိလိမ့်မယ် သိရမယ် လို့ မျှော်လင့်နေပြီး မသိရကောင်းလားလို့ စိတ်တိုနေခြင်းဟာ ကိုယ့်ကိုရော သူ့ကိုပါ အနေရခက်စေတယ်၊ သေသေချာချာ လေ့ကျင့်ပျိုးထောင်ပေးခြင်းမရှိဘဲ အချိန်တိုအတွင်းမှာ အလုပ်ဖြစ်ဖို့ တောင်းတနေတာဟာလည်း စီမံခန့်ခွဲသူတွေမှာ မရှိသင့်တဲ့ စိတ်မျိုးပဲ” တဲ့။ သူပြောတာတွေအားလုံး ကျွန်မ လက်မခံနိုင်ပါ၊ အိမ်မှုကိစ္စတွေ လုပ်တတ်ဖို့ တက္ကသိုလ်မှာသွားပြီး သင်ယူစရာမလိုပါ။ စိတ်တကယ်ဝင်စားရင် လုပ်ရင်းကိုင်ရင်း လေ့လာကြံစည်ရင်း တနေ့တခြား တိုးတက်လာတာ ကျွန်မ ကိုယ်တွေ့ဖြစ်တဲ့အတွက် ပြောင်းလဲတိုးတက်မှု နှေးကွေးလွန်းတဲ့ သူတို့ကို ကျွန်မ ဘယ်တော့များမှ စိတ်တိုင်းကျမှာပါလိမ့်။
ဦးတတ်ပရဲ့ အကြံပေးစကားတွေကို သေသေချာချာနားမလည်ခဲ့တဲ့ ကျွန်မဆီကို နားလည်အောင်လုပ်ပေးမယ့် ကိစ္စတွေ တစ်ခုပြီးတစ်ခု ရောက်လာခဲ့ပါတယ်။ ကျွန်မ တသက်လုံး စိတ်ကူးယဉ်ခဲ့တာက တက္ကသိုလ် တစ်ခုခုမှာ ဆရာမ လုပ်ရင်း သုတေသန စာတမ်းတွေ ရေးနိုင်တဲ့၊ ကိုယ်တတ်တဲ့ ပညာနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့သူ တစ်ယောက်အဖြစ် ဘဝကို ပျော်ရွှင်စွာဖြတ်သန်းလေသတည်း ပေါ့။ လက်တွေ့ဘဝက ကျွန်မ ထင်ခဲ့သလောက်မလွယ်ကူပါ။ အလုပ်၊ မိသားစု၊ ကျန်းမာရေး၊ ဝါသနာ၊ စိတ်ပျော်ရွှင်မှု၊ လူမှုရေး ဘယ်အရာက နံပတ်တစ်လို့ ပြောရမှန်းမသိအောင်ကို အားလုံးက အရေးပါနေခဲ့ပါတယ်။ တစ်ခုတည်းကို ဇောက်ချလုပ်ရတာ ဝါသနာပါခဲ၊့ အလေ့ရှိခဲ့တဲ့ ကျွန်မအတွက် အလုပ်ဝင်ခါစ ၁နှစ် ၂နှစ်လောက်ဟာ ဘဝမှာ အပင်ပန်းဆုံး အချိန်တွေလို့ ဆိုရလောက်အောင် တော်တော်ပင်ပန်းခဲ့ပါတယ်။
တနေ့မှာ ဌာနမှူးဆီက သုတေသနစာတမ်းရေးဖို့ email ရောက်လာပါတယ်။ ရေးချင်ရက်သားနဲ့ ဘယ်လိုမှ အခြေအနေ မပေးခဲ့လို့ စိတ်ဓာတ်ကျနေရာကနေ နည်းနည်းပျော်သွားပါတယ်။ ကျွန်မအတွက် ကြီးကြပ်သူ တစ်ဦးကိုပါ နေရာချထားပေးပါတယ်။ ကျွန်မ စာတမ်းကို ကြီးကြပ်မည့်သူက ဌာနမှ ကျွန်မထက်ရာထူးကြီးသူ (ကျွန်မအောက် အသက် ၅ နှစ်ငယ်သူ) ဆရာမတစ်ယောက်ပါ။ သူနဲ့ စာတမ်းအကြောင်းဆွေးနွေးမယ့် နေ့မှာ ကျွန်မ စိတ်ထဲမှာ တေးထားခဲ့တဲ့ ရေးချင်နေတဲ့ အကြောင်းအရာလေးတွေကို အတိုချုပ်ချရေးပြီး သူ့ဆီကို ယူသွားခဲ့ပါတယ်။ အစအဆုံးဖတ်ပြီးသွားတဲ့ အချိန်မှာ သူက Data ရပြီလားလို့ မေးပါတယ်။ ရှာရဦးမယ်လို့ ကျွန်မ ပြန်ဖြေတဲ့အခါ “အင်း Data ရရင် ၃ပတ်လောက်နဲ့ ပြီးပါတယ်” လို့ ဆိုပါတယ်။ ဘုရားဘုရား ……… ဂျပန်မှာ သုတေသနကျမ်းစာရေးခဲ့တုန်းက တစ်ခုတည်း အားစိုက်လုပ်ခဲ့တာတောင် ၂ လ ကျော် ၃ လ ကြာခဲ့တာ အခုလိုအခြေအနေမျိုးမှာ ၃ ပတ်ဆိုတော့ ကယ်ကြပါဦး …………… ။ ကျွန်မ သူကို ကြည့်ပြီး “၃ ပတ်နဲ့” လို့ နားကြားများမှားသလားလို့ သေချာအောင်ပြန်မေးလိုက်တဲ့အခါ “ငါဆိုရင် ၂ ပတ်နဲ့ ပြီးတယ်” လို့ ကျွန်မကို နားမလည်နိုင်တဲ့မျက်နှာမျိုးနဲ့ ပြန်ဖြေပါတယ်။ ကျွန်မမျက်နှာ ဘယ်လိုဖြစ်သွားသလဲဆိုတာ ပြန်မြင်ခွင့်မရခဲ့ပေမယ့် အမှည့်လွန်ပြီး နွမ်းနေတဲ့ သံပုရာသီးတစ်လုံးကို တစ်လုံးလုံး ဝါးစားရသလို ခံစားလိုက်ရပါတယ်။ ရက်စက်လိုက်တာ …………. ။
သူနဲ့ ကျွန်မ အရည်အချင်းက မိုးနဲ့ မြေလို ကွာခြားတယ်ဆိုတာ သူ တကယ်ပဲ မသိလေရော့ သလား။ သူက ထိုင်းနိုင်ငံရဲ့ နံပတ်တစ်တက္ကသိုလ်က Bachelor ဘွဲ့ရ၊ အမေရိကားရဲ့top 10 တက္ကသိုလ်တစ်ခုက မဟာဘွဲ့ရ၊ နောက်ဆုံး ပါရဂူဘွဲ့ကို ကမ္ဘာ့ top 5 တက္ကသိုလ်တစ်ခုက ရခဲ့တာလေ။ သူ့လိုမျိုး ကျွန်မလည်း အရည်အသွေးမြင့်စာတမ်းတစ်စောင်ကို ၂ ပတ်နဲ့ ရေးတတ်ချင်တာပေါ့။ ရေးတတ်ဖို့ ကတော့ အနည်းဆုံး နောက် ၅ နှစ်လောက် ကျားကုပ်ကျားခဲ ကြိုးစားမယ် (အသက်လည်းထွက်မသွားဘူး) ဆိုရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်။ ယိမ်းယိုင်နေတဲ့ ခြေလှမ်းတွေနဲ့ ကျွန်မ အိမ်ပြန်လာခဲ့ပါတယ်။
ထုံးစံအတိုင်း ကျွန်မရဲ့ ဦးတတ်ပ ကတော့ ကျွန်မ ဘက်က မဟုတ်ပါဘူး။ “ချစ်လေး သူတို့နဲ့ အတူတွဲလုပ်ခွင့်ရတာ ကံကောင်းတယ်မှတ်ပါ၊ ကြိုးစားပါ၊ သူတို့နဲ့ အဆင်ပြေအောင်နေပါ၊ သူတို့နဲ့ အဆင်မပြေရင် ချစ်လေး ညံ့လို့ပဲ” တဲ့ ………… ။ ကျွန်မ အုပ်ချုပ်ရတဲ့ သူတွေနဲ့ အဆင်မပြေရင် ကျွန်မ ညံ့တယ်တဲ့၊ ကျွန်မကို အုပ်ချုပ်တဲ့သူတွေနဲ့ မပြေလည်တာလည်း ကျွန်မ ညံ့တာပဲတဲ့။ “ချစ်လေး မမှားဘူး မညံ့ဘူးလို့ တစ်ခါလောက်ဖြစ်ဖြစ် ဘာလို့ ညာပြီး မပြောနိုင်ရတာလဲ” …. ငိုသံပါကြီးနဲ့ ကျွန်မ သူ့ ကို ရန်တွေ့ခဲ့ပါတယ်။ ဒီ့ထက်နားထောင်ရတာ ခါးတဲ့ စကားမျိုး တခြားဘယ်သူ့ဆီက ကြားနိုင်ဦးမှာလဲ။
တစ်ပတ်လောက် ချောက်ထဲထိုးကျနေခဲ့လို့ သမီးလေးဆိုတဲ့ စာလေးကို ရေးဖြစ်ပြီး FB ပေါ်တင်ခဲ့ပါတယ်။ ခါးသီးပေမယ့် သူတို့က ကျေးဇူးရှင်တွေပါ၊ စာရေးဖြစ်သွားလို့လေ။ စိတ်ဆိုးပြေသွားအပြီးမှာ ကြီးကြပ်သူဆီ ကျွန်မ email တစ်စောင်ရေးခဲ့ပါတယ်။ ဌာနမှူးကိုပါ လိပ်မူခဲ့ပါတယ်။ ကျွန်မ စာတမ်းအတွက် အချိန်တိုးပေးဖို့ တောင်းဆိုထားတဲ့ email ဆိုကြပါတော့။ သူနဲ့ ဌာနမှူး “မူး” သွားကြပုံပေါ်ပါတယ်။ “အိုကေ အိုကေ ကြည်စင်” ဆိုပြီး email ပြန်လာပါတယ်။ သူတို့ “မူး” သွားမှပဲ ကျွန်မ ခဏ အသက်ရှုချောင်သွားပါတယ်။
စာသင်နှစ်အသစ်ပြန်စတဲ့အခါ ဌာနက ဆရာတွေရဲ့ စာတမ်းတချို့ပြီးသလောက်ရှိတဲ့အချိန်မှာ ဌာနတွင်း စာတမ်းဖတ်ပွဲတွေကို တစ်ပတ်တစ်ခါ ကျင်းပခဲ့ပါတယ်။ ကျွန်မရဲ့ ကြီးကြပ်သူဟာ ကျွန်မ ထင်ထားခဲ့တာထက် ပို ထက်မြက်တယ်ဆိုတာ၊ နဲ့ သူပြောခဲ့တဲ့ ငါဆိုရင် ၂ ပတ်နဲ့ ပြီးတယ် ဆိုတဲ့စကားဟာ ကြွားဝါပြီးပြောခဲ့တာ မဟုတ်ဘူးဆိုတာကို ကျွန်မ မျက်ဝါးထင်ထင် သိရှိနားလည်ခဲ့ရပါတယ်။ စာတမ်းဖတ်သူ က PowerPoint Slide တစ်ခုကို ရှင်းပြတိုင်း နားလည်ဖို့ ကျွန်မ ၃ မိနစ်လောက် အချိန်ယူနေတဲ့ အချိန်မှာ ၁ မိနစ်မပြည့်ခင် သူက မေးခွန်းထမေးပါတယ်။ သူမေးတဲ့ မေးခွန်းကို စာတမ်းဖတ်သူဟာ အတော်စဉ်းစားပြီးဖြေရပါတယ်။ ထို့နောက် အခြားသူများမေးခွန်းမေးနေတဲ့အချိန်မှာ သူက သူ့ ဖုန်းကို လက်နဲ့ ပွတ်ပြီး ဘာလုပ်နေတယ်မသိပါ၊ သူ့လက်တွေ လှုပ်ရှားမှုကတော့ အတော်လေးမြန်ဆန်ပါတယ်။ စာတမ်းဖတ်နေသူ ပြောနေတာတွေကို သူ လွတ်သွားပြီလို့ ကျွန်မ အထင်စောမိစဉ်မှာပဲ မေးခွန်တစ်ခုကို သူ ထမေးပြန်ပါတယ်။ သူ့မေးခွန်းက အခြားသူတွေ ဆွေးနွေးနေတဲ့ အရာတွေနဲ့ အလွန်တရာ ချိတ်ဆက်မှု ရှိတဲ့ မေးခွန်းပါ။ ကိုင်း မှတ်ပြီလား ဒေါ်ကြည်စင် ……. ။
သူ့ရဲ့အရည်အချင်းတွေကို မှင်သက်မိတဲ့အခါတိုင်း ကိုယ်ရဲ့ နှေးကွေးလှတဲ့ တိုးတက်မှုတွေကို အားမရဖြစ်ပြီး စိတ်ထွေထွေနဲ့ အိမ်ကို ပြန်လာတဲ့နေ့တွေမှာ အိမ်မှာ ကျွန်မကို အကူအညီ အထောက်အပံ့ပေးနေသူတွေရဲ့ လုပ်ပုံကိုင်ပုံ လွဲချော်မှုတွေနဲ့ တိုက်ဆိုင်တတ်ပါသေးတယ်။ ဦးတတ်ပ ရဲ့ စကားအရဆိုရင် သူတို့နဲ့ အဆင်မပြေတာ ကျွန်မ ညံ့လို့ လေ။ အပေါ်နဲ့လည်းအဆင်မပြေ အောက်နဲ့လည်း မအိုကေတဲ့ အညံ့ကြီးညံ့တဲ့ ကျွန်မပေါ့။ တခါတလေ ကျွန်မ ဘာကိုမှ ဆက်မလုပ်ချင်တော့ပဲ အလုပ်ထွက်၊ အိမ်မှာ ဘယ်အကူမှ မလိုဘဲ တစ်အိမ်လုံး ကျွန်မလက် ကျွန်မခြေ၊ သမီးလေးကို အချိန်များများပေးနိုင်တဲ့ perfect ဖြစ်တဲ့ မိခင်တစ်ယောက် ဖြစ်ဖို့ စိတ်ကူးယဉ်ကြည့်ပါတယ်။
ဦးတတ်ပ သိသွားတဲ့အခါ ကျွန်မ ကို ဟားပါတယ်။ “အခုနေ ချစ်လေးစိတ်တိုင်းကျ အိမ်တစ်လုံး၊ ဝင်ငွေကောင်းကောင်းတစ်ခု နဲ့ အပြည့်အစုံ ထားမယ်ဆိုရင်တောင် ချစ်လေးနေမှာမဟုတ်ဘူး၊ အလုပ်မလုပ်ရလို့ ဆိုပြီး မောင့်ကို ဂျီကျမှာ မြင်ယောင်သေး” လို့ ကျွန်မစိတ်ကို ကျွန်မထက်နားလည်တဲ့ သူ က အလွယ်လေးပဲ သုံးသပ်ပြပါတယ်။ ကျွန်မ ပြန်စဉ်းစားကြည့်တော့ ဟုတ်ပါ့၊ အတော်ဂွကျတဲ့ ကျွန်မပါ။
“စိန် ဘယ်လိုဖြစ်လာသလဲ သိလား” …….. အစမရှိ အဆုံးမရှိ စကားပြောလေ့ရှိတဲ့ သူ့စကားကြောင့် ကျွန်မ အတွေးတွေ ခဏရပ်တန့် သွားပါတယ်။ သူ ဘာပြောချင်တာပါလိမ့်။ ပြောပါဦး ဆိုတဲ့ မျက်နှာပေးနဲ့ ကျွန်မ သူ့ကို ကြည့်လိုက်တဲ့အခါ “အထက်အောက် ဖိအားတွေ များလွန်းတဲ့ အခြေအနေကို နှစ်ပေါင်းများစွာ ခံခဲ့ရလို့လေ၊ အထက်အောက်ဖိအားတွေကို ကျော်လွန်နိုင်တဲ့ တစ်နေ့မှာ ချစ်လေး စိန်လို တန်ဖိုးရှိလာမယ်၊ ဘယ်လိုလူမျိုးနဲ့တွေ့တွေ့ ဘာအလုပ်ကိုပဲလုပ်လုပ် အခုလို ခက်ခဲမောပန်းနေမှာ မဟုတ်တော့ဘူး၊ အခုအချိန်ဟာ လေ့ကျင့်ဖို့ အကောင်းဆုံးအချိန်ပဲ၊ ဒီလို အခြေအနေမျိုးကို ရတာကိုက ကံကောင်းလှပြီ၊ အခုအနေအထားကို ကောင်းကောင်းအသုံးချပြီး စီမံခန့်ခွဲမှု ကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာအောင် ကြိုးစားပါ” တဲ့။ ….. အဟင့် …… စိန်ဖြစ်မဖြစ်တော့မသိဘူး၊ အခုလောလောဆယ်တော့ အထက်မီးအောက်မီး ၂ မီးကြားထဲမှာ မီးသွေးခဲဖြစ်နေတာတော့ သေချာတယ်၊ စိန်ဖြစ်ဖို့ နှစ်ပေါင်း သန်းချီကြာတာဆိုတော့ ကျွန်မကရော ……. ဟူး ……………………. ။
ကျွန်မ FB ပေါ်မှာ စာ ၃ ၄ ပုဒ်ရေးပြီး သွားတဲ့အခါ အဖွဲ့အစည်းအချို့ လူတချို့က ကျွန်မဆီကို စာရေးဆက်သွယ်ပြီး ဘယ်လိုစာအမျိုးအစားကို ရေးပါ၊ သူတို့ ထုတ်ဝေနေတဲ့ စာစောင်တွေမှာ ရေးသားပေးပါ အစရှိသဖြင့် အကြံပေး တိုက်တွန်းကြပါတယ်။ ကျွန်မ အနည်းငယ်တုန်လှုပ်မိပါတယ်။ ကျွန်မကိုယ်ကျွန်မ စာရေးဆရာမ ဖြစ်ပြီလို့ အခုထိ မထင်သေးပါ။ ကျွန်မ ဖတ်ဖူးခဲ့တဲ့ အားကျခဲ့တဲ့ စာရေးဆရာ စာရေးဆရာမတွေလို ပြောင်မြောက်တဲ့စာတွေကို ရေးတတ်ဖို့ (မိသားစု တာဝန် အလုပ်တာဝန်တွေတဖက်နဲ့) ကျွန်မ ဘယ်လောက်ထိ အချိန်ယူကြိုးစားရဦးမှာလဲ မသိပါ။
နေ့တိုင်းကို သင်ယူစရာတွေ တပုံတပင်နဲ့ ဖြတ်သန်းနေရချိန်မှာ တခြားသူများထက် သာလွန်ထူးခြားနေပြီး အပူအပင်ကင်းတဲ့ သူတွေကို တွေ့ရတဲ့အခါတိုင်း နေ့စဉ် learning လုပ်နေရတဲ့ ကိုယ်ကိုယ်ကို အားပျက်မိပါတယ်။ ဒါပေမယ့် ဒီလို learning လုပ်စရာမလိုတော့တဲ့နေ့ (ကျွန်မအတွက် မဖြစ်နိုင်တဲ့နေ့) သို့မဟုတ် learning လုပ်လို့မရတော့တဲ့နေ့ (ကျွန်မ မရောက်ချင်တဲ့နေ့) ကို ရောက်သွားခဲ့ရင်ရောလို့ တွေးလိုက်မိတဲ့အခါမှာတော့ သြော် … ဆက်မတွေးတာ ကောင်းမယ်လေလို့ သဘောပေါက်ခဲ့ပါတယ်။
ကျွန်မ ဖတ်ခဲ့တဲ့ စာတွေထဲမှာ အခုလို ကျွန်မ ကြုံတွေ့ရတဲ့ကိစ္စမျိုး နဲ့အတူ အကြံဥာဏ်ပေးမှုတွေ၊ အဆိုအမိန့်တွေကို မကြာခဏ တွေ့ဖူးခဲ့ပါတယ်။ ဖတ်ဖူးပေ့မယ် လက်တွေအသုံးချနိုင်ဖို့က အတော်မလွယ်တဲ့ ကိစ္စပါ။ တကယ်တော့ ကျွန်မ အုပ်ချုပ်မှုကို ခံရသူတွေနဲ့ ကျွန်မနဲ့ ကြားထဲမှာ ကွာဟမှုတွေ များပြားလို့သာ သူတို့ ကျွန်မ အုပ်ချုပ်မှုအောက်မှာ နေကြရတာပါ။ သို့မဟုတ်ရင်လည်း အခြေအနေက ပြောင်းပြန်ဖြစ်မှာပေါ့။ အလားတူပဲ ကျွန်မကို အုပ်ချုပ်သူတွေနဲ့ ကျွန်မနဲ့ ကြားမှာလည်း အလွန်ကွာဟနေလို့သာ ကျွန်မ သူ့တို့လက်အောက်မှာ နေရတာပေါ့။ ကိုယ့်အထက်ကလူက ကိုယ့်ကို နားလည်မပေးနိုင်တာကို ရိုးမယ်ဖွဲ့ ကြေကွဲနေပြီး၊ ကိုယ့်အောက်က လူက ကိုယ်ပြောသမျှ နားမလည်ရကောင်းလားဆိုပြီး စိတ်တိုနေခြင်းဟာ ကိုယ်ကိုယ်ကို နှိပ်စက်မှု အစစ်အမှန် မဟုတ်ပါလား။ ၁ ခွဲကို ၃ နဲ့ မြှောက်ရင် ဘာရသလဲ ဆိုတဲ့မေးခွန်းကို မေးခဲ့ဖူးတဲ့ ကျွန်မ၊ သူ့ ကို အမှည့်လွန်ပြီး နွမ်းနေတဲ့ သံပုရာသီး ကျွေးခဲ့မိသလိုဖြစ်တာ ကျွန်မကိုယ်တိုင် စားဖူးမှပဲ ကိုယ်ချင်းစာတတ်ခဲ့ရပါတယ်။
သံသရာခရီးကို သွားနေကြတဲ့အချိန်မှာ ကျွန်မ သယ်ဆောင်လာခဲ့တဲ့ ဥာဏ်၊ ကုသိုလ်ကံ တို့ ဟာ တစ်ခြားသူတစ်ယောက် သယ်ဆောင်လာခဲ့တဲ့ ဥာဏ်၊ ကုသိုလ်ကံတို့ နှင့် တစ်ထပ်တည်းတူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေမှာ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စိတ်စွမ်းအား နဲ့ အခွင့်အလမ်း တို့လည်း ကွာခြားနေဦးမှာ ဖြစ်တဲ့အတွက် ဆက်သွားနေတဲ့ ခရီးရောက်ပေါက်မှုဟာလည်း ကွာခြားကြမယ်ဆိုတာကို သိနားလည်ထားရင် ဒီကိစ္စကို စိတ်ညစ်စရာတစ်ခုလို ခံစားမနေသင့်တော့ဘူး လို့ ကိုယ့်ကိုယ်ကို ပြန်ဆုံးမ မိပါတယ်။
ဖိအားတွေ ကြားထဲမှာ နေနိုင်တဲ့ စွမ်းရည်တွေပြည့်ဝအောင် ကျွန်မ ကြိုးစားနေပါတယ်။ ကျွန်မထက် အစစ အရာရာ သာလွန်ထူးချွန်ပြီး ကျွန်မကို စိတ်တိုင်းမကျနိုင်တဲ့ သူတွေ ဒီစာကို ဖတ်မိပြီး ကျွန်မကို သည်းခံနိုင်ကြပါစေ။ ကျွန်မ ငြိုငြင်မှုကို ခံစားရတဲ့ ကျွန်မလောက် အားမပြည့်သေးတဲ့ သူတွေလည်း ကျွန်မကို ခွင့်လွှတ်နိုင်ကြပါစေ။ ကျွန်မလို လူတွေကို စာဖတ်သူတွေရဲ့ ပတ်ဝန်းကျင်မှာတွေ့ခဲ့ရင်လည်း ကျေးဇူးပြု၍ သည်းခံခွင့်လွှတ်နိုင်ကြပါစေလို့ ………………

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။