အင်္ဂလိပ်လို ပြုံးတယ်
Written by - မောင်တင်ဦး (မြောင်းမြ)
ဂျာမနီရောက် အင်္ဂလန်သူ
အင်္ဂလန်နိုင်ငံသူ ဂျင်းနီတစ်ယောက် ကျောင်းနေရမယ့်အရွယ် ရောက်လာပြီ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်ထဲမှာပဲ အဖေက ဂျာမနီနိုင်ငံကို သံရုံးအမှုထမ်းအနေနဲ့ ပြောင်းရွှေ့ဖို့ အမိန့်ကျလာတယ်။ ဝန်ထမ်းဆိုတာ ကမ်းနားသစ်ပင် ဖြစ်လေတော့ ပြောင်းဆို ပြောင်းရုံပေါ့။ ရာထူးလည်း တိုးလာတာကိုး။ ဒီလိုနဲ့ ဂျင်းနီတစ်ယောက် သူ့မိသားစုနဲ့အတူ ဂျာမနီနိုင်ငံကို ရောက်လာတယ်။ ရောက်လို့မှ တစ်လမပြည့်သေးဘူး၊ ဂျာမနီနိုင်ငံမှ မူကြိုကျောင်းတစ်ကျောင်းကို ကျောင်းစတက်ရတယ်။ သူတို့နိုင်ငံမှာ မူကြိုကျောင်း ဆိုတာကNursery ဆိုတဲ့အတိုင်း ပြုစုရုံ၊ ပျိုးထောင်ရုံ၊ စောင့်ရှောက်ရုံဖြစ်ပြီး စာကိုအတင်းအဓမ္မ (မတတ်ရကောင်းလားဆိုတဲ့ စိတ်လောဘနဲ့) သင်မပေးသေးပါဘူး။ မူကြိုကျောင်းမှာ သီချင်းဆိုမယ်၊ ကမယ်၊ ကစားမယ်၊ စကားပြောမယ်၊ အိပ်မယ်၊ စားမယ်၊ ပြေးလွှားခုန်ပေါက် လွတ်လွတ်လပ်လပ်နေမယ်၊ သဘာဝကို ကလေးနဲ့ လက်ပွန်းတတီး ထိတွေ့စေရမယ်။
ဆရာက တိုက်ရိုက်စာသင် မပေးသေးဘူး။ ကလေးဘာသာ သဘာဝအရ သူခံစားသလို၊ မြင်သလို သင်ယူစေတယ်။ ဒီလိုနဲ့ ဂျင်းနီတစ်ယောက်လည်း ဆော့လိုက်၊ ကလိုက်နဲ့ မူကြိုကျောင်းကို ပျော်ပျော်ရွှင်ရွှင် တက်နေပါတယ်။
ဒါပေမဲ့ သူ့စိတ်ထဲမှာ မကျေနပ်တာ တစ်ခုပေါ်လာတယ်။ သူ့ဘေးနားက သူ့ရွယ်တူ ကောင်လေး၊ ကောင်မလေးတွေက သူ့ကိုဟက်ဟက်ပက်ပက် စကားမပြောကြဘူး။ သူကလှမ်းပြောလည်း ကောင်လေး၊ ကောင်မလေးတွေက သူ့ကိုမျက်လုံးလေး ကလယ်ကလယ်နဲ့ ရပ်နားထောင်ပြီး လှည့်ထွက်သွားတယ်။ ဒါနဲ့ အိမ်ပြန်ရောက်တော့ သူ့အမေကို ပြန်ပြောပြတယ်။ သူ့မှာ စကားပြောဖော် သူငယ်ချင်းတွေ မရှိဘူး။ သူစကားပြောရင်လည်း သူတို့က ပြန်မပြောဘူး။ စိတ်တိုတယ်လို့ ပြန်ပြောပြတယ်။ သည်တော့ အမေက မင်းသူငယ်ချင်းတွေက ဂျာမန်လူမျိုးတွေ၊ မင်းက အင်္ဂလိပ်လူမျိုး လူမျိုးမတူရင် ဘာသာစကားလည်း မတူဘူး။ ဒါကြောင့် သူတို့ပြောတာ သမီးနားမလည်သလို သမီးပြောတာလည်း သူတို့နားမလည် တာကြောင့်ပေါ့။ တစ်နေ့နေ့ သမီးနဲ့ ဘာသာတူတဲ့လူတွေ့ရင် သမီးစကားပြောလို့ ရမှာပေါ့လို့ ရှင်းပြတယ်။ သည်တော့မှ ဂျင်းနီတစ်ယောက် နည်းနည်းသဘော ပေါက်သွားတယ်။ ဘာသာစကားမတူရင် စကားပြောလို့မရဘူးတဲ့။ ဒါဆိုကမ္ဘာပေါ်မှာ ဘာသာမတူသူတွေ စကားပြောလို့ မရကြတော့ဘူးလာ။ ဘာသာစကားတွေက ဘယ်လောက်များများ ပြားနေသလဲ။ ဒါဆို လူချင်းအတူတူ စကားပြောလို့ မရမယ့်သူတွေ ဘယ်လောက်ရှိနေမလဲ။ ဂျင်းနီတစ်ယောက် အတော်လေး ခေါင်းရှုပ်သွားပါတယ်။
ဂျင်းနီ နားမလည်နိုင်တော့ပါဘူး။ သူနဲ့ ကျောင်းထဲက ကောင်လေး၊ ကောင်မလေးတွေ အတူတူပဲ မဟုတ်လား။ သူနဲ့ သူတို့နဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံ မတူတာ မရှိပါဘူး။ သေသေချာချာ လေ့လာကြည့်မိလေ ဂျင်းနီနဲ့ သူတို့ဟာ ပိုတူလေလေပါပဲ။ သူတို့စားသလို ဂျင်းနီစားတယ်။ သူတို့ ကစားသလို ဂျင်းနီကစားတယ်။ သူတို့နဲ့ ဂျင်းနီကြားမှာ မတူတာဆိုလို့ သူတို့ပြောတာ ဂျင်းနီနားမလည်တာ တစ်ခုပဲရှိတယ်။
ဒီလိုနဲ့ မူကြိုကျောင်းမှာ နှစ်လကြာလာတဲ့ နေ့လယ်ခင်းတစ်ခုမှာ ဂျင်းနီတစ်ယောက်တည်း ကစားစရာအချို့နဲ့ ကစားနေပါတယ်။ ဒီလိုကစားနေတုန်း ဂျင်းနီလက်ထဲမှာ ပုလင်းအဖုံးက လက်ကချော်ထွက်ပြီး လွင့်သွားပါတယ်။ ဘယ်ဘက်ကို လွင့်စဉ်သွားမှန်းမသိလို့ မတ်တတ်ရပ်ပြီး ဟိုကြည့် ဒီကြည့် လိုက်ကြည့်မိပါတယ်။ ဒီအချိန်မှာ ဒီမနက်မှ ကျောင်းကိုရောက်လာတဲ့ နယ်သာလန်နိုင်ငံသူလေးက ဂျင်းနီအဖုံးကို ကိုင်လာပြီး ပေးပါတယ်။ ဂျင်းနီက သူ့ကိုကျေးဇူးတင်တဲ့ အနေနဲ့ အားရပါးရ ပြုံးပြလိုက်ပါတယ်။ နယ်သာလန်သူလေးကလည်း အားရပါးရ ပြန်ပြုံးပြပါတယ်။
ဂျင်းနီလေး အိမ်ပြန်ရောက်တော့ သူ့အမေကို နေ့ခင်းကအကြောင်း ပြန်ပြောတယ်။
“အမေရေ.. အမေ.. သမီး သူငယ်ချင်း တစ်ယောက်ရပြီ”
“ဟုတ်လား”
“သူက နယ်သာလန်သူ အမေရဲ့”
“အင်း ဆိုပါဦး”
“သူက သမီးနဲ့ စကားပြောတာချင်း မတူပေမယ့် ပြုံးပြတာကျတော့ သမီးတို့ အင်္ဂလန်သူတွေလိုပဲ ပြုံးပြတယ်”
“ကောင်းတာပေါ့ သမီးရယ်”
တစ်ကမ္ဘာလုံး ပြုံးတတ်တယ်
ဂျင်းနီဆိုတဲ့ ကလေးမတစ်ယောက်က အပြုံးကို အင်္ဂလန်သူတွေပဲ ပိုင်ဆိုင်တယ်လို့ ထင်ထားပုံရပါတယ်။ နယ်သာလန်သူရဲ့ အပြုံးဟာ သူတို့အင်္ဂလန်သူတွေသာ ပိုင်ဆိုင်တဲ့အပြုံးကို ယူပြုံးတယ်လို့ အတ္တကြီးကြီး၊ အမြင်ကျဉ်းကျဉ်းနဲ့ ကလေးလို မှတ်ယူလိုက်ပါတယ်။
စင်စစ် ရင်ထဲက ခံစားချက်တွေဟာ လူမျိုးကိုလိုက်ပြီး၊ ဘာသာကိုစွဲပြီး၊ နိုင်ငံကို မှီပြီး၊ ဒေသကိုအခြေခံပြီး ပြောင်းလဲဖြစ် ပေါ်နေတာမဟုတ်ပါဘူး။ ရင်ထဲ၊ နှလုံးသား ထဲက စီးယိုစိမ့်ထွက်လာတဲ့ဖြစ်စဉ်ကို ရုပ်ခန္ဓာအနေနဲ့ သရုပ်ဖော်ပေးတာသာ ဖြစ်ပါတယ်။ နှလုံးသားက ပျော်နေရင် ရုပ်သင်္ကေတက ပြုံးနေ၊ ရယ်နေ၊ မျက်နှာက ရွှင်ပြနေမှာပါ။ အင်္ဂလိပ်လည်း ပြုံးတတ်တာပဲ။ ဂျာမနီလည်း ရယ်တတ်တာပဲ။ မြန်မာတွေလည်း ရွှင်ပြုံးနေတတ်တာပဲ။
အတ္တတွေနဲ့ ရုပ်ခန္ဓာကို မာအောင်၊ တင်းအောင်၊ ထက်အောင်၊ စမတ်ကျအောင်၊ သူများထက်သာအောင်၊ ဘယ်လိုတည်ဆောက် ထားထား၊ နှလုံးသားက ခံစားချက်ကို ရုပ်ခန္ဓာက တာရှည်တောင့်ခံ ဖုံးဖိမထားနိုင်ပါဘူး။ အင်္ဂလိပ်တွေက စမတ်ကျတယ်။ ကိုရီးယားတွေက ချစ်ဖို့ကောင်းတယ်။ မြန်မာတွေက ဖော်ရွေတယ်လို့ ယေဘုယျကောက်ချက် ဆွဲကြပေမယ့် နှလုံးသားထဲ ဝင်ကြည့်တဲ့အခါ နှလုံးသားရပ်ဝန်းမှာရှိတဲ့ ဖြူစင်မှု၊ ညစ်ပတ်မှု၊ သဘောထားကြီးမှု၊ သဘောထားမကြီးမှုတွေက ရာခိုင်နှုန်းချင်း၊ အတိုင်းအဆ ပမာဏချင်း၊ ပိန်မသာ လိန်မသာ ရှိနေကြတာပါ။ သူ့လူမျိုးက နိမ့်တယ်။ ကိုယ့်လူမျိုးက သာတယ်လို့ အတ္တရှိကြတဲ့ ပုထုဇဉ်လူသားများပီပီ ထင်တစ်လုံးနဲ့ ထင်နေကြပေမယ့် အပြုံးတွေက အတူတူပါပဲ။
မျက်ရည်ကျ ငိုယိုနေတဲ့ လူတစ်ယောက်ကို ပျော်နေတယ်လို့ ယေဘုယျယူဆလို့ မရပါဘူး။ ဒါဟာကမ္ဘာပေါ်ရှိတဲ့ လူသားတိုင်းရဲ့ ယေဘုယျကျတဲ့ သရုပ်သကန်ပဲဖြစ်ပါတယ်။ ထို့အတူ တုတ်ဆွဲ၊ ဓားဆွဲ ရမ်းကားနေတဲ့ လူတစ်ယောက်ဟာ မေတ္တာတရားတွေ ပြည့်ဝနေတယ်။ နူးညံ့ပျော့ပျောင်းနေတဲ့ နှလုံးသားပြည့်လျှမ်း နေတယ်လို့ ယူဆလို့ မရပါဘူး။ ကြမ်းတမ်းနေတယ်။ ရိုင်းစိုင်းနေတယ်ဆိုတာ ထင်ရှားနေတဲ့ မြင်ကွင်းပါ။
ဆိုတော့ ပြုံးတယ်၊ ရယ်တယ်၊ ငိုတယ်၊ စိတ်ဆိုးတယ်၊ စိတ်ရွှင်လန်းတယ်၊ ချစ်တယ်၊ မုန်းတယ်စတဲ့ ဟန်ဆောင်လို့ မလွယ်ကူတဲ့ လူသားရဲ့ ပကတိဖြစ်ရပ်တွေဟာ လူသားမှန်သမျှမှာ ထင်ဟပ်ပေါ်လွင်နေမှာပါ။ ဘာသာစကား ကြွယ်ကြွယ်ဝဝ ဖော်ပြနေပေမယ့် နှလုံးသာရဲ့ ပကတိခံစားချက်က ဘာသာစကား မလိုပါဘူး။ ဝေါဟာရကြွယ်ကြွယ် မလိုပါဘူး။ ချစ်နေလျက်နဲ့ မုန်းတယ်ဆိုတဲ့ စကားပြောနေတာဟာ စကားလုံးခေါ်တဲ့ ဝေါဟာရဖွံ့ဖြိုး လာမှုကြောင့် ဖြစ်ပါတယ်။ ဝေါဟာရကြွယ်လေလေ၊ နှလုံးသားရဲ့ ပကတိခံစားမှုနဲ့ ပိုနီးသလိုလိုနဲ့ ပိုဝေးလာလေလေ ဖြစ်ပါတယ်။ ချစ်ရဲ့နဲ့ မုန်းစကားပြောသူတွေ မုန်းရဲ့နဲ့ ချစ်စကား ပြောနေသူတွေ လောကမှာ အများကြီး ဖြစ်လာနေပါပြီ။
ပြုံးတယ်ဆိုတာ တစ်ကမ္ဘာလုံး၊ လူသားအားလုံး ပိုင်ဆိုင်တဲ့ နှလုံးသားပစ္စည်းပါ။ ဘာသာစကား တူစရာမလိုပါဘူး။ သာသာရေး၊ လူမျိုးရေး၊ ဆင်းရဲချမ်းသာ အဆင့်အတန်း ခွဲခြားမထားပါ။ နှလုံးသားက ကျေနပ်ရင် ပြုံးမယ်။ နှလုံးသားမုန်းရင် မဲ့မယ်။ စိတ်ထဲမှာ ကြေကွဲဝမ်းနည်းနေရင် ငိုမယ်၊ ဘာသာစကားတွေ၊ လူမျိုးတွေ၊ အဆင့်အတန်းတွေ၊ အသားအရောင်တွေ၊ ကိုးကွယ်မှု ဘာသာတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘယ်လိုပဲ ခွဲခြားခွဲခြား လူသားဟာ လူသားပါပဲ။
လူနဲ့ လူချင်း ဘာလို့ တစ်မူးပိုရှူချင်သလဲ
ယနေ့လူတွေ ဘာဖြစ်လို့ ပြဿနာတွေ ဗရပွ ရှုပ်ထွေးနေကြရသလဲ။ လူတွေမှာ ပြဿနာတွေ ကပ်ငြိပါနေလို့ အချို့အိမ်တွေမှာ “လူသာလာပါ။ ပြဿနာခေါ်မလာပါနဲ့” လို့ စာတန်းတွေ ချိတ်ဆွဲထားတာ မြင်ဖူးကြမှာပါ။ ဒါက လူတွေဟာ ပြဿနာသတ္တဝါတွေဆိုတာ လက်ခံထားကြတဲ့ သဘောဖြစ်ပါတယ်။ စင်စစ် ပြဿနာရှိတာဟာ ပြဿနာမဟုတ်ပါဘူး။ ပြဿနာကို မရှင်းချင်တာသာ ပြဿနာပါ။ ဘာဖြစ်လို့ မရှင်းနိုင်သလဲဆိုရင် လူတို့ရဲ့ ရင်ထဲမှာ အပြုံးတွေအစား အမုန်းတွေ ဖုံးနေခဲ့လို့ပါ။ အတ္တကြီးသူနှစ်ယောက်က မျက်နှာချင်းဆိုင် တွေ့နေပါလျက် ဘယ်သူက စပြုံးပြမလဲလို့ တစ်ဦးကိုတစ်ဦး အကဲခတ်ရင်း တင်းနေတဲ့ မျက်နှာထားတွေနဲ့ ကျောခိုင်းလိုက်ကြတာပါ။ ပင်ကိုနှလုံးသားက ပြုံးချင်တာကို ဖုံးဖိပြီး မျက်နှာတင်းတင်း ထားရတာဟာ မူလရုပ်ထက် ပိုဆိုးစေပါတယ်။ ရှူးသိုးသိုး၊ ပုံဆိုးဆိုး လုပ်ထားရလောက်အောင် လူလူချင်းကိုယ်က ဘာတွေပိုထူးနေလို့ တစ်မူးပိုရှူချင်ရတာလဲ။
ဆိုတော့ လူသားအချင်းချင်း ရင်ထဲက ခံစားချက်အမှန်ကို ထုတ်ဖော်ပြတဲ့အနေနဲ့ ပြုံးပြရတာ ဘာမှဝန်လေးစရာ မရှိပါဘူး။ အထင်သေးစရာ မရှိပါဘူး။ ရင်အေးစရာသာ ဖြစ်လာစေမှာပါ။ ဒါကြောင့် အင်္ဂလန်လိုပြုံးပြုံး၊ နယ်သာလန်လိုပြုံးပြုံး၊ ဂျာမန်လိုပြုံးပြုံး၊ မြန်မာလိုပြုံးပြုံး၊ ဘာသာစကားမလို မာနတရားမလို သဘာဝတရားရဲ့အောက်မှာ နှလုံးသားထဲက အပြုံးများကို အားရပါးရ ပြုံးလိုက်ကြရအောင်။
ဂျင်းနီတစ်ယောက် တစ်ကမ္ဘာလုံးနဲ့ အဆင်ပြေသွားမှာပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။