ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် တောင်တက်အဖွဲ့ဝင် ကိုကျော်ထွန်းနိုင် (ဓာတ်ပုံ − မျိုးညွန့်သန်း)
မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင်ပါ အမြင့်ဆုံး တောင်ဖြစ်သော ခါကာဘိုရာဇီ ရေခဲတောင်ထိပ်သို့ သြဂုတ် ၃၁ ရက်က မြန်မာနိုင်ငံသားနှစ်ဦး တက်ရောက်အောင်မြင်ခဲ့သည်။ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)မှ အဖွဲ့ဝင်ရှစ်ဦး ပါဝင်သော အဖွဲ့မှ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့ နှစ်ဦး တက်ရောက်ကာ မြန်မာနိုင်ငံအလံလွှင့်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုနှစ်ဦးမှာ တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သတင်းပို့အပြီးမှာပင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ၎င်းတို့နှစ်ဦးကို ရှာဖွေနေသည်မှာ ယနေ့အထိ မတွေ့ရှိသေးပေ။
-အရင်ဆုံး ကိုကျော်ထွန်းနိုင်တို့ ရှစ်ဦး ခါကာဘိုရာဇီတောင်တက်ဖို့ ပြင်ဆင်ခဲ့ပုံကို ပြောပြပေးပါဦးရှင့်။ ဘယ်နှခုနှစ်ကတည်းက ဘယ်လိုပြင်ဆင်ခဲ့သလဲ။
၂၀၁၁ခုနှစ်ကတည်းက စပြီးတော့ ကျွန်တော်တို့ အစ်ကိုတွေ (ကို အောင်မြင့်မြတ်၊ ကိုဝေယံမင်းသူ အပါအဝင် တောင်တက်သမား စီနီယာများ) က ဒီခါကာဘိုရာဇီ တောင်တက်မယ်ဆိုပြီးတော့ ကြို တင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ရန်ကုန်မှာဆိုလို့ရှိရင် ထရိန်နင် တွေ ဆင်းတယ်။ ပြီးတော့ ၂၀၁၂နှစ်ကုန်ပိုင်းမှာ ခါကာဘိုရာဇီတောင်ခြေဖြစ်တဲ့ ပေ ၁၃,၂၀၀မြင့်တဲ့ base camp (အခြေစိုက် စခန်း) ကိုသွားပြီးတော့ မြေပြင် လေ့လာရေးအနေနဲ့ သွားပြီးတော့ လေ့လာခဲ့တယ်။ အဲဒီ့မှာသွားပြီး လမ်းကြောင်း အခြေအနေတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေကို လေ့လာခဲ့ပြီးတော့မှ ရန်ကုန်ကို ပြန်ရောက်တဲ့အခါမှာ ဒီ တောင်ထိပ်ကိုတက်ဖို့အတွက်ဆိုပြီးတော့ ကျောက်တောင်တက် လေ့ကျင့်ရေးလုပ်တယ်။ ရေခဲတောင်တက် လေ့ကျင့်ရေးလုပ်တယ်။ အဲဒီ့ကျောက်တောင်တက် လေ့ကျင့်ရေးတွေကို မန္တလေးတို့၊ဘားအံတို့တွေမှာသွားပြီးတော့လုပ်တယ်။ ဒီရေခဲတောင်တက် လေ့ကျင့်ရေးကို ကျွန်တော်တို့ ဖန်ဂရန်တောင်တက်တယ်။ ပြီးသွားတော့ တရုတ်နိုင်ငံက ဟာဗားရေခဲတောင်။ အဲဒီဟာကို ၂၀၁၄
ဧပြီမှာ သွားပြီးတော့ တက်ခဲ့ တယ်။
- မိုးလေဝသဘက်ကို ကြည့်လိုက်တဲ့အခါမှာ ကိုကျော်ထွန်းနိုင်တို့ ခါကာဘိုရာဇီသွားတက်တဲ့ အချိန်မှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ရာသီဥတု ဆိုးရွားနေတယ်ဆိုတာ တွေ့ရတယ်။ အဲဒီတော့ ရာသီဥတုဆိုးတဲ့အချိန်၊နောက်ပြီး အခုကလည်း မိုးရာသီဖြစ်နေတယ်။ အဲဒီလိုအချိန် မှာ ရေခဲတောင်ဖြစ်တဲ့ ခါကာဘိုရာဇီကိုတက်ဖို့ ဘာဖြစ်လို့ ဆုံး ဖြတ်လိုက်ရတာလဲရှင့်။
အဲဒီဟာကတော့ နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့ ဒီရေခဲတောင်ကိုတက်ဖို့ ဘာကြောင့်ရွေးချယ်ရတာလဲဆိုတာကို ပြောရလို့ ရှိရင် အခုအချိန်မှာဆိုလို့ရှိရင် base camp ကိုသွားဖို့အတွက် ဒီလိုအချိန်ရာသီဥတုက ခက်ခဲတယ်၊ မှန်တယ်။ ဒါပေမဲ့ basecamp ကနေ တောင်ထိပ်တက်တဲ့ အခါ အခုအချိန်က ရေခဲအနည်းဆုံး ဖြစ်မယ်။ ပြီးတော့ အန္တရာယ် အကင်းဆုံးအချိန် ဖြစ်တဲ့အတွက် ကျွန်တော်တို့က ရွေးချယ်ရခြင်း ဖြစ်တယ်။ ပြီးတော့ မုန်တိုင်းသတိပေးတာတို့ ဘာတို့ဆိုတာ က အဲဒီ့အချိန်က ကျွန်တော်တို့ ဒီခါကာဘိုရာဇီ တောင်တက်ဖို့ သွားတဲ့အချိန်က ဇူလိုင် ၂၉ရက်နေ့ ရန်ကုန်က စထွက်သွားတယ်။အဲဒီ့အချိန် ဒီမုန်တိုင်းတို့၊ ဘာတို့ ဆိုတာလည်း ဘာမှမရှိဘူး။ ရာသီဥ တုကလည်း ကောင်းတယ်။ အဲဒါမျိုးဖြစ်တဲ့အတွက် မုန်တိုင်းတို့၊ ဘာတို့ ဝင်တယ်ဆိုတာကလည်း ခရီးစဉ်သွားနေတဲ့အချိန်မှာဖြစ်တဲ့အတွက် အဲဒီ့ဟာတွေကတော့ ကြိုတင်မသိထားဘူးပေါ့။
၁၉၉၆ခုနှစ် အိုဇာကီ(လွန်ခဲ့သော ၁၈ နှစ်က ခါကာဘိုရာဇီတောင်တက်နိုင်ခဲ့သော ဂျပန်လူမျိုး) တို့ တက်ခဲ့တုန်းကလည်း မိုးရာသီ ဒီလိုအချိန်ပဲ တက်ခဲ့တာ။ ပြီးတော့ လောလောလတ်လတ် မနှစ်ကတုန်းကမှ မြန်မာပြည်မှာ ဒုတိယအမြင့်ဆုံးတောင်လို့သတ်မှတ်ထားတဲ့ ဂန်လမ်ရာဇီကိုလည်း ဒီအချိန်မှာပဲ တက်ခဲ့တာ။ ဒီအချိန်က အသင့်တော်ဆုံးအချိန်ဖြစ်တဲ့အတွက် ရွေးချယ်ဖြစ်တာလို့ ပြောချင်တယ်ခင်ဗျ။
-ရန်ကုန်ကနေ base camp ရောက်တဲ့အထိ ခရီးစဉ် ဘယ်လိုသွား သလဲဆိုတာ ပြောပြပေးပါဦး။
ဇူလိုင်၂၉ရက်မှာ ရန်ကုန်ကထွက်တယ်။ ပူတာအိုမှာ ၃၀ရက်နေ့ တစ်ရက်နားတယ်။ ပြီး တော့ ၃၁ ရက်နေ့မှာ ပူတာအိုက စထွက်တယ်။ အားလုံးပေါင်း ၁၁ရက်၊ ၁၂ရက်လောက် အချိန် ပေးပြီးမှ တဟွန်ဒမ်းဆိုတဲ့ မြန်မာပြည်မြောက်ဖျားပိုင်းရဲ့ နောက် ဆုံးရွာကိုရောက်တယ်။ အဲဒီ့ကိုရောက်တဲ့အခါမှာ ဆက်တက်ဖို့ အတွက် ကျွန်တော်တို့ကို လိုက် ကူညီမယ့် ဒေသခံတွေကို ရှာရတာရှိတယ်။ အဲဒီတော့ အဲဒီမှာသုံးရက် နားတယ်။ ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်တာတို့၊ လမ်းမှာ ကျွန်တော်တို့လိုတဲ့ရိက္ခာ ကို ပြန်လည်ပြင်ဆင်တာတို့ လုပ်တယ်။ ပြီးသွားတော့ အဲဒီက နေပြီး ခါကာဘိုရာဇီတောင်ခြေကို သွားတာပေါ့လေ။ ခါကာဘိုရာ ဇီတောင်ခြေကို သွားတဲ့အခါမှာ လေးညအိပ်ပြီး ငါးရက်သွားခဲ့ရတယ်။ အဲ့ဒီကျတော့မှ ကျွန်တော်တို့ ခါကာဘိုရာဇီရဲ့ တောင်ခြေကို ရောက်တယ်။
- တောင်ခြေစခန်းမှာ ခြောက်ယောက်ကနေခဲ့မယ်။ နှစ်ယောက် က တက်သွားမယ်ဆိုတာက နဂိုကတည်းက စီစဉ်ထားတာလား။
နဂိုကတည်းက ကျန်းမာရေးအခြေအနေ အရကြည့်မယ်၊ လေ့ကျင့်မှု လုပ်ထားတာတွေအရ ကြည့်မယ်၊ ပြီးသွားတော့ ကိုယ်ပိုင်ကျွမ်းကျင်မှုတွေကို ကြည့်ပြီးတော့ ရွေးချယ်မှုရှိတယ်။ ပြီးတော့ လျာထားတဲ့လူတွေ ဥပမာ ဒီနှစ်ယောက်ထဲက ကျန်းမာရေးအရသော်လည်းကောင်း၊ အကြောင်းတစ်ခုခုကြောင့် မတက်နိုင်လို့ရှိရင် လူစားလဲတက်ဖို့ဆိုပြီးတော့ လျာထားတာတွေရှိတယ်။
-ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တောင်ထိပ်ကိုဆက်မတက် ခင် တောင်ခြေစခန်းမှာ လေ့ကျင့်မှုနှစ်ရက် လုပ်ခဲ့တယ်လို့ သိရတယ်ရှင့်။ ဘာတွေ လေ့ကျင့်ဖြစ်ခဲ့လဲ။
လမ်းမှာတက်တဲ့အခါ မှာသုံးမယ့် ကြိုးတို့၊ ကျောက်တွေမှာ ညှပ်တဲ့ပစ္စည်း။ အဲဒါမျိုးတွေကို ပြန်ပြီးစစ်ဆေးတာမျိုး အဓိက လုပ် တယ်။
ကိုကျော်ထွန်းနိုင်တို့က တောင်ခြေစခန်းမှာ စောင့်နေရတဲ့သူတွေဆိုတော့ အဲဒီပတ်ဝန်းကျင်အနေ အထားနဲ့ ရာသီဥတုကိုလည်း ပြောပြပေးပါဦး။
ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ ပထမဆုံးတက်တဲ့ လမ်းကြောင်းမှာ glacier (ရေခဲမြစ်) ကြီးတစ်ခုရှိတယ်။ အဲဒီဟာကြီးရဲ့အောက်မှာ နည်းနည်းလေးပြန့်နေတဲ့ လွင်ပြင်လေး၊ ကမ့်ချ လို့ရနိုင်တဲ့ နေရာလေးတစ်ခုရှိ တယ်၊ အဲဒီလိုနေရာလေးမှာ ကျွန်တော်တို့စခန်းချတယ်။ ကျွန်တော် တို့ရဲ့အရှေ့ဘက်မှာ အောက်ကို ပေ တစ်ထောင်လောက်ဆင်းရတဲ့ လမ်းပေါ့။ ကျန်တဲ့ မြောက်ဘက် တို့၊ အနောက်ဘက်တို့၊ တောင် ဘက်တို့ ဘေးပတ်ပတ်လည်က တောင်တွေချည်းပဲ။
base campမှာတော့ ရေခဲ မရှိဘူး။ ဒါပေမဲ့ ၁၅မိနစ်လောက်သွားလိုက်တာနဲ့ ရေခဲပုံကြီး ရှိတယ်။ အဲဒီအထက်မှာတော့ ကျောက်ရှိတဲ့နေရာရှိတယ်။ ရေခဲ ရှိတဲ့နေရာရှိတယ်။ ရေခဲတစ်ထပ်၊ ကျောက်တစ်ထပ်ပေါ့။
တက္ကသိုလ်ခြေလျင်နှင့်တောင် တက်အသင်းက ထုတ်ပြန်ထား ချက်အရ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူက ခါကာဘိုရာဇီ တောင်ပေါ်ကို ပိုပြီးမတ်စောက်တဲ့ မြောက်ဘက်အခြမ်းကနေ တက် သွားတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့အဲဒီဘက် လမ်းကြောင်းကိုရွေးရတာလဲရှင့်။ နောက်ပြီး တော့သူ့ရဲ့အနေအထားက ဘယ်လောက်အန္တရာယ်ရှိသလဲ၊ ဘယ် လောက် မတ်စောက်သလဲရှင့်။
ဘာကြောင့် ဒီလမ်းကြောင်းကို ရွေးရလဲဆိုတော့ ကျွန်တော်တို့ မှာရှိတဲ့ gear ပစ္စည်းတွေ၊ ပြီး တော့ကျွန်တော်တို့ အစ်ကိုတွေ လေ့ကျင့်မှုတွေလုပ်ခဲ့တဲ့အနေအထားတွေနဲ့ နှိုင်းယှဉ်ပြီးတော့ မြောက်ဘက်ကနေ တက်မယ်ဆို ပြီးတော့ ရွေးချယ်ဖြစ်တာပေါ့။ အခက်အခဲဆိုလို့ရှိရင် ဘယ်လောက်အထိ မတ်စောက်တာ တွေ ကျော်ဖြတ်ရမလဲဆိုရင် တချို့နေရာတွေမှာ ၇၅ဒီဂရီ၊ ၈၀ ဒီဂရီလောက် မတ်စောက်တဲ့ဟာမျိုးတွေ ရှိမယ်လို့ ကျွန်တော်တို့ကတော့ မှန်းဆရတယ်။ ကျွန်တော်တို့ ဒီ base campကနေ လှမ်း ကြည့်ပြီးတော့ မြင်ရတဲ့နေရာက အပေါ်ကိုဆိုလို့ရှိရင် ဘယ် လောက်မတ်တယ်ဆိုတာက အတိအကျ ပြောဖို့တော့ ခဲယဉ်းပါတယ်။
သူတို့နှစ်ယောက်တက်သွားတဲ့ အချိန်မှာ သူတို့မှာ ဘယ်လိုဆက် သွယ်ရေးကိရိယာတွေ ပါသွား လဲ။ နောက်ပြီး ရိက္ခာကကော။
ကျွန်တော်တို့ တောင်ခြေကနေစထွက်တဲ့အခါမှာ ဆက်သွယ်ရေးကိရိယာအနေနဲ့ စကားပြောစက် နှစ်လုံး ပါသွားတယ်။ ပြီးတော့ သူတို့ရောက်နေတဲ့နေရာကို satellite ကနေ လှမ်းပြီးတော့ပို့ မယ့် sport messenger ဆိုတဲ့ဟာ ရှိတယ်။ အဲဒီမက်ဆင်ဂျာတစ်ခု ပါသွားတယ်။ အဲဒီမက်ဆင်ဂျာက ခလုတ်နှိပ်လိုက်လို့ရှိရင် သူတို့ဘယ်ကိုရောက်နေတယ် ဆိုတဲ့ဟာကို ကျွန်တော်တို့အဖွဲ့ထဲကပေးထားတဲ့ gmail ၊ (ဒါမှမဟုတ်)facebookကို အဲဒီမက်ဆင်ဂျာက satellite ကနေ တစ်ဆင့်လှမ်းပို့ပေးတယ်။ အဲဒါမျိုးပစ္စည်းတွေ တော့ ပါသွားတယ်။
ရိက္ခာကတော့ base campကနေ စထွက်သွားတော့ ပိုပိုလိုလိုဆိုပြီးတော့ ၁၃ရက်စာ ထည့်သွားတာပေါ့။ ကျွန်တော်တို့က ဒီ တောင်ခြေကိုအတက်အဆင်း လျာထားချက်က ၈ရက်၊ ၉ရက်လို့လျာထားတယ်။ အတက်အဆင်း ကို ၈ရက်။
နောက်ဆုံး အဆက်အသွယ် ရတဲ့အချိန်က တောင်ထိပ်ကိုရောက်တဲ့အချိန်လား။
တောင်ထိပ်ကိုရောက်နေ ပြီ။ ကျွန်တော်တို့နောက်ဆုံး အ ဆက်အသွယ်ရတဲ့အချိန်က နိုင်ငံတော်သီချင်းနဲ့ အသင်းသီချင်းဆိုတဲ့အချိန်ဖြစ်နေတယ်။ ဆိုပြီးတဲ့အချိန်မှာ စကားပြောစက်ကနေ အဆက်အသွယ် ပြတ်သွား တာ။ အဲဒီမပြတ်ခင်မှာလည်း ဘက်ထရီကုန်တော့မယ်လို့ ပြော ပြီးတော့မှ ပြတ်သွားတာပေါ့။
တောင်တက်သမားတွေအနေနဲ့ မစ်ရှင်အောင်မြင်သွားတဲ့ အချိန်မှာ ဂုဏ်ယူပြီးတော့ နိုင်ငံတော် သီချင်းဆိုတာမျိုးလုပ်လေ့ရှိကောင်းရှိမှာပေါ့နော်။ ဒါပေမဲ့ အခုပြောသွားတာအရ ဘက်ထရီကုန်တော့မယ်ဆိုတဲ့ အခြေအနေဆိုတော့ အဲဒီလိုအခြေအနေမှာ ဆက်သွယ်ရေးအတွက် အရေးကြီးဆုံးလိုအပ်တဲ့ ဘက်ထရီကိုကုန်စေမယ့် နိုင်ငံတော်သီချင်းဆိုတာမျိုးလုပ်ဖို့လိုအပ်လို့လား၊ လုပ်သင့်ရဲ့လားဆိုတာမျိုး မေးခွန်းတွေလည်းရှိတယ်ရှင့်။ အဲဒီ အပေါ် ဘယ်လို တုံ့ပြန်ချင်သလဲ။
မဟုတ်ဘူးခင်ဗျ။ ကမ္ဘာမကျေဆိုနေရင်းနဲ့ ပြတ်သွားတယ် ဆိုတာက နဂိုကတည်းကိုက ဘက်ထရီကမရှိတော့တာ။ မရှိဘူးဆို တဲ့ အချိန်မျိုးမှာ ကမ္ဘာမကျေဆို မယ်ဆိုပြီးတော့ပြောတယ်။ အဲဒီ မှာဘက်ထရီကပြတ်သွားတာ။
ဘက်ထရီက နဂိုကတည်းက နည်းနေပြီ။အဲဒီအချိန်မှာ save လုပ်ထားဖို့လိုမယ်။ အဲဒီအချိန်မှာဒီသီချင်းကို မဆိုဘဲနေလိုက်လို့ရှိရင်။
အဲဒါကျတော့ ပြောရမယ်ဆိုရင် တောင်ထိပ်ကိုရောက် နေတဲ့သူတွေရဲ့ သူတို့မှာရှိတဲ့ ပစ္စည်းတွေရဲ့ အခြေအနေနဲ့ နှိုင်း ယှဉ်ပြီးတော့ ဒါက သုံးသင့်တယ်၊ မသုံးသင့်ဘူး နှိုင်းယှဉ်ပြီးတော့ စဉ်းစားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ base campမှာ ကျန်ခဲ့တဲ့သူတွေကျတော့ ဒီကိစ္စကို ပြောဖို့ ကတော့ ခက်ပါတယ်။
အဲဒီတော့ တောင်ထိပ်ရောက်ပြီး ကတည်းက အဆက်အသွယ်ပြတ်သွားတာကို ဘက်ထရီပြတ်သွားလို့ပဲလို့ ခန့်မှန်းခဲ့တာလား။
သူတို့ဘက်ထရီအားကုန်တဲ့အတွက် ကျွန်တော်တို့ကို အဆက်အသွယ်မလာဘူးလို့ပဲ နားလည်ထားတာပေါ့။
ရန်ကုန်က တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်းနဲ့ ကိုကျော်ထွန်းနိုင်တို့အဖွဲ့ ဘယ်လိုဆက်သွယ်ကြသလဲ။ ဆက်သွယ်ပုံ အဆင့်ဆင့်ကို ပြောပြပါဦး။
Sport messenger ကနေပြီးတော့ ကျွန်တော်တို့ဘယ်ကိုရောက်နေတယ်ဆိုတဲ့ဟာမျိုး ရန်ကုန်မှာရှိတဲ့အသင်းကို ရောက်သွားတာပေါ့။ အဲဒီဟာနဲ့ပဲ ကျွန်တော်တို့ ဆက်သွယ်ရတာပေါ့။
ကိုအောင်မြင့်မြတ်၊ ကိုဝေယံမင်းသူတို့နဲ့ အဆက်အသွယ် မရတော့ဘဲ ရက်အတော်ကြာတဲ့ အခါမှာ သူတို့ပျောက်နေပြီဆိုတဲ့ သတင်းထွက်လာခဲ့တယ်။ ဒါပေမဲ့အဲဒါကို အသင်းပြန်ကြားရေးက ငြင်းပြီးတော့ ပျောက်နေတာမဟုတ်ဘူး၊ အပြန်လမ်းမှာ ဘက်ထရီကုန်လို့ အဆက်အသွယ်မရတာသာ ဖြစ်မယ်ဆိုပြီးတော့ ပြောခဲ့တယ်။နောက်ဆယ်ရက်လောက် ကြာသွားတဲ့အခါမှ ရှာဖွေရေးလုပ်တဲ့အပေါ် စောစောစီးစီး အမှန်အတိုင်းပြောပြီး ရှာဖွေသင့်တယ်လို့ ဝေဖန်တာတွေရှိကြတယ်ရှင့်။ အဲဒီအပေါ်ကော ဒီမှာတကယ်ပါဝင်နေခဲ့တဲ့ တောင်တက်သမားအနေနဲ့ ဘယ်လိုပြောချင်သလဲရှင့်။
ကျွန်တော်တို့ကလည်း ပျောက်နေတဲ့ဟာကို မပျောက် ဘူးလို့ ပြောနေတာမဟုတ်ဘူး။ အမှန်တကယ်က ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့သွားတဲ့နေရာ ဒေသကကို ဆက်သွယ်ရေး တကယ်ခက်ခဲပါတယ်။ အသွား တုန်းကဆိုရင် လေးညအိပ်၊ ငါး ရက်သွားရတဲ့နေရာကို ကျွန်တော်တို့ သတင်းပို့ဖို့ ၈ရက်နေ့ ပြန် ဆင်းတဲ့အချိန်မှာ တစ်ညအိပ် နှစ်ရက်ခရီးတည်းနဲ့ရောက်အောင် ကြိုးစားလုပ်ခဲ့ရတာမျိုးရှိတယ်။
အသင်းဘက်အနေနဲ့လည်း ကျွန်တော်တို့ပြောတာကို စောင့် ပြီးတော့မှ စဉ်းစားလို့ရမယ်လို့ ယူဆပါတယ်ခင်ဗျ။
ကျွန်တော်တို့နဲ့ တောင် ထိပ်ကိုရောက်တဲ့ နှစ်ယောက်နဲ့ ပြန်ဆုံဖို့ချိန်းထားတာက စက်တင်ဘာ (၅)ရက်နေ့။ ကျွန်တော်တို့က တောင်ခြေမှာပဲ သူတို့ဆင်း လာတာကို စောင့်နေတယ်။ အဲဒီ၅ ရက်နေ့မှာ ဆင်းမလာတဲ့ အတွက် ကျွန်တော်တို့ကို လိုက်ပို့ ပေးတဲ့ လမ်းပြကနေပြီးတော့ ပထမဆုံးသူတို့ကမ့်ချသွားတဲ့ အမြင့်ပေ ၁၅,၈၀၀ ကမ့်အထိကို ၅ ရက်နေ့မှာ တက်ကြည့်တယ်။ စောင့်နေပြီး သူတို့ပြန်ဆင်းလာတဲ့ အခြေအနေ မတွေ့ရတဲ့အတွက် ၆ရက် နေ့အထိ ဆက်စောင့်တယ်။ ၇ရက်နေ့မှာ တစ်ကြိမ် ကမ့်နံပါတ်(၃)ဖြစ်တဲ့ ၁၆,၂၀၀ပေ အမြင့်ထိ ကို လမ်းပြက တက်ပြီးတော့ ရှာခဲ့တယ်။ အဲဒီအချိန်မှာမှ ဆင်းလာတဲ့ဟာမျိုးတွေ မတွေ့တဲ့အတွက် base campမှာ ကျန်တဲ့ ခြောက် ယောက်က တိုင်ပင်ပြီးတော့ လက်ရှိအဆက်အသွယ်ပြတ်နေ တဲ့ဟာကို ရန်ကုန်ကို သတင်းပို့ဖို့၈ ရက်နေ့မှာ ပြန်ဆင်းလာ တယ်။
ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူပျောက်သွားပြီလို့ ဘယ်အချိန် မှာ စနားလည်လိုက်တယ်လို့ ပြောရမလဲ။
၉ ရက်နေ့မှာ တဟွန်ဒမ်းရွာကိုရောက်တယ်။ တဟွန်ဒမ်းရွာက ၁၉၉၆တုန်းက ဂျပန်အိုဇာကီနဲ့အတူတူတက်သွားတဲ့ ဦးနမား ဂျွန်ဆင်ဆီမှာ ဖုန်းရှိတယ်။ သူ့ဆီကနေ ဖုန်းငှားပြီးတော့ ၉ရက်နေ့ ညမှာ အကြောင်းကြားတယ်။ ကျွန်တော်တို့နဲ့ အဆက်အသွယ် ပြတ်နေတယ်။ ရန်ကုန်ကို sportmessenger ကနေ လှမ်းပို့ပြီး တော့ ရန်ကုန်ရဲ့ ညွှန်ကြားချက်ကို တဟွန်ဒမ်းရွာမှာပဲ ထိုင်စောင့် နေတယ်။
ရန်ကုန်ကို ပြန်အကြောင်းကြား တဲ့အခါမှာကော ပျောက်သွားပြီ လို့ အကြောင်းကြားတာလား၊ ဘယ်လိုအကြောင်းကြားတာလဲ။
ကျွန်တော်တို့နဲ့ အဆက် အသွယ်ပြတ်နေတယ်ဆိုပြီးတော့ပဲပေါ့။
အဲဒီ့တော့ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းက ဘယ်လို တုံ့ပြန်လဲ။
ကျွန်တော်တို့ ပြောပြောချင်းပဲ ရန်ကုန်မှာအသင်းက ဘာတွေ ဆက်လုပ်မလဲဆိုတာကို အစည်း အဝေးထိုင်တယ်လို့တော့ ကျွန် တော်တို့ အကြမ်းဖျင်းသိထား တာပေါ့လေ။
သြဂုတ်လ ၃၁ ရက်၊ ညနေ ၅နာရီ ၁မိနစ်လောက်ကတည်းက အဆက်အသွယ်ပြတ်သွားတယ်လို့ ကျွန်မတို့သိရတယ်။ ဟုတ်ပါသလားရှင့်။
ဟုတ်ပါတယ်။
အဲဒီ့တော့ သူတို့ကိုကိုယ့်ရဲ့အဖွဲ့သားချင်း၊ မိတ်ဆွေဆိုတဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ ကိုကျော်ထွန်းနိုင်က တောင်တက်သမားတစ်ယောက်အနေနဲ့ ဓမ္မဓိဋ္ဌာန် ကျကျပြောရမယ်ဆိုလို့ရှိရင် သူတို့နှစ်ယောက်ရဲ့ ဖြစ်နိုင်ခြေအခြေအနေက ဘယ်လိုရှိမလဲရှင့်။
လက်ရှိအခြေအနေကို ပြော ရမယ်ဆိုရင်၊ တောင်တက်သမား တစ်ယောက်အနေနဲ့ ပြောရမယ် ဆိုရင် သူတို့ ရိက္ခာချွေစားပြီးတော့ သူတို့လုံခြုံတဲ့နေရာတစ်ခုမှာ နေနိုင်တယ်ဆိုရင်တော့ သူတို့ကိုကယ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
အဲဒီတောင်ဆိုတဲ့ဟာက ကျွန်တော်တို့ မမြင်နိုင်တဲ့ နေရာ တွေရှိတာကိုး။ အဲဒီ့တော့ တချို့ကိစ္စတွေကျတော့ မှန်းပြီးတော့ ပြောဖို့ဆိုတာ ခက်ပါတယ်။ ရှာဖွေ ရေးအားလုံးလုပ်ပြီးတော့မှပဲ ဘာ ကြောင့် ဖြစ်နိုင်မယ်ဆိုတာကို ကောက်ချက်ချလို့ ရပါမယ်ခင်ဗျ။
ကိုအောင်မြင့်မြတ်နဲ့ကိုဝေယံမင်းသူ တောင်ထိပ်ကို မတက်ခင်မှာ ကိုကျော်ထွန်းနိုင်တို့နဲ့ ဘာတွေများနောက်ဆုံးပြောဖြစ်ခဲ့သေးသ လဲရှင့်။
ဒီ base camp မရောက်ခင် နေရာမှာပဲ ကျွန်တော်တို့ကို မေးဖူးတာရှိတယ်။ အခုခါကာဘိုရာဇီတက်ပြီးရင် ကမ္ဘာ့အမြင့်ဆုံး ဆိုတဲ့ ဧဝရက်တောင်တက်မယ်၊ အဲဒီ့အခါမှာကော support လိုက်လုပ်ပေးနိုင်မလားတဲ့။ ဧဝရက်မှမဟုတ်ဘူး၊ ဘယ်တောင်တက် တက် support လိုက်လုပ်ပေးနိုင်တယ်ဆိုပြီးတော့ ကျွန်တော်တို့ ပြောခဲ့တယ်။ ပြီးတော့တချို့တောင်တွေဆိုရင် ကျွမ်းကျင်မှုလည်းရှိမယ်၊ လေ့ကျင့်မှုလည်း ရှိမယ်ဆိုရင် ဆက်ပြီးတော့ တက် နေဦးမှာပဲ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။