ရိုးရာ ယဉ်ကျေးမှုသည် အမျိုးသားဆက်လက် ရပ်တည်ရှင်သန်ရေး၊ အမျိုးသားဂုဏ်အင် လက္ခဏာ မပပျောက် အောင် ထိန်းသိမ်းရေး အတွက် မရှိမဖြစ်လိုအပ်သည်။
ယနေ့ ချင်းလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများစွာအနက် အမျိုးသားရေးမှတ်ကျောက်တင်သည့်ယဉ်ကျေးမှုများ ရှိသလို နဂို ရှိရင်းစွဲ ယဉ်ကျေးမှုကိုတိုင်းတပါး၊ လူမျိုးခြားယဉ်ကျေးမှုများဖြင့် ရောနှောပြီးအရောင်တင်ချဲ့ကား သော ဖက်စပ် ယဉ်ကျေး မှုများ လည်းရှိနေသည်၊ ဥပမာ ယနေ့ချင်းရိုးရာ ၀တ်စားဆင်ယင်မှု တချို့သည် ရှေးရိုးရာနဂိုရှိရင်းစွဲ ၀တ်စားဆင်ယင်မှုကို စတိုင်အမျိုးမျိုး၊ အဆင်အကွက် အမျိုးမျိုးဖြင့်ဖန်တီးထာသည်ကို တွေ့ရမည်ဖြစ်သည်၊ ၄င်းကို ရိုးရာအဝတ်အစားဟု သတ်မှတ်ရန်အလွန်ခက်ခဲသလို ခေတ်သစ် ချင်းရိုးရာ ၀တ်စားဆင်ယင်မှုဟု လည်း မဆိုအပ်ရာ။
ထို့ အတူ ရိုးရာအကများတွင်လည်း လူမျိုးခြားများ၏ ယဉ်ကျေးမှုများထဲကကောင်းသည်ဟု ထင်ရသော ကကွက် များကို ခိုးယူပြီး ကိုယ့်ရိုးရာ အကများတွင်ခေတ်ဆန်သည့် အတီးအမှုတ်များဖြင့် အမွှမ်းတင်ကာ ရောနှောထားသည့် ထွင်လုံးရိုးရာ အကများလည်း တပုံတပင်ရှိနေပြီ။
သို့သော် ချင်းလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုအကများစွာအနက် ချို (ချင်း) ရိုးရာ ဓါးသိုင်း အကသည် မည်သည့် လူမျိုးခြား များ ထံမှတိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝှိုက်သော်လည်းကောင်းရောနှောတီထွင် ထားခြင်းမရှိသည့်အပြင် အစဉ် အလာကြီးသည့် ရေ မရောအနှစ်ပြည့်သည့် ရိုးရာယဉ်ကျေးးမှုအကတမျိုးဖြစ် သည်။ ချို (ချင်း) တို့သည်ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်၊မတူပီမြို့နယ်များတွင်အများ အားဖြင့် နေထိုင်ကြသည်။
ဤ အကသည် ရိုးရာ ပွဲလမ်းသတင်၊ ကျင်းပသည့် ပွဲ အနေအထားကို လိုက်ပြီး ကနည်းကဟန် တမျိုးစီရှိကြ သည်။ အခြေအနေအရ ဝမ်းနည်းကြေကွဲခြင်းများ၊မကျေနပ်ခံပြင်းခြင်းများ၊ အောင်ပွဲများကို ဖော်ထုတ်ရာတွင် စည်းချက်ညီညီအော်ဟစ်ကြိမ်း(ကြုံးဝါး) ဝါးပြီး ကရသည်။ ကနည်း ကဟန်ကွဲပြားသော်လည်းအသုံးပြုသည့် တူရိယာများသည် တထပ်တည်း သာ ဖြစ်သည်။ ချိုး(ချင်း) တို့၏ပွဲလမ်းသဘင်တိုင်းတွင် ရိုးရာခေါင်ရည်သည် မပါမဖြစ်ပေ။
အသုဘပွဲ နှင့် ဓါးသိုင်းအက
ချို (ချင်း) တို့သည် အသုဘပွဲရှိလျှင် အလောင်းဘေးတွင်ဓါးဖြင့်ကလေ့ရှိကြသည်၊ ဆိုလိုရင်းမှာ ယောင်္ကျား သားတို့၏ ဝမ်းနည်းခြင်းကို ပြသသည့် သဘောကိုဆောင်သည်။
ထိုသို့ ကရာတွင် တီးလုံးမြိုင်ဆိုင်လာသည်နှင့်အမျှ ဓါးပုလိုင်း(နှီးယက်)ထဲမှ ဓါးကို ထုတ်ပြီး ဝှေ့ ယမ်းကာ အိမ်ထရံ၊ နံရံများကို ထိုးကြသည်၊အိမ်နံရံကို အကြိမ်ပေါင်းမြောက်များစွာ ထိုးပြီး ကသူကိုပိုမိုဝမ်းနည်းကြေကွဲ သူဟု မှတ် ယူရသည်။
ဥပမာ ချို အမျိုးသမီးတဦး သေဆုံးလျှင် မသာပွဲတက်သူများသည်သေဆုံးသူအမျိုးသမီး၏ မောင် အကကို ပိုပြီး အာရုံစိုက်လေ့ရှိကြသည်၊အကြောင်းမှာ မောင် ဖြစ်သူက မိမိအစ်မ အသက်ရှင်စဉ် ရှာဖွေစုဆောင်းသည့် ပစ္စည်းဥစ္စာ ဟူသမျှကို အလုံးစုံဖျက်ဆီးပစ်နိုင်ခွင့်ရှိသော ကြောင့်ဖြစ်သည်၊ အစ်မဖြစ်သူ အသက်ရှင်စဉ် ယောက်ဖဖြစ်သူက ကောင်း မွန်စွာ ပြုစုယုယမှု မရှိခြင်း၊ ချစ်ချစ်ခင်ခင် မပေါင်း သင်းခြင်းများကိုမောင်ဖြစ်သူ ၏အကဖြင့်သိသာနိုင်သည်၊ မောင်ဖြစ်သူ က ပစ္စည်းဥစ္စာ စတင်ဖျက်ဆီးပြီဆိုလျှင်ယောက် ဖဖြစ်သူသည် မျက်နှာပျက်ရပြီ၊ ပွဲတက်သူများကလည်း ယောက်ဖကို မဝံ့မရဲကြည့်ကြသည်၊ ယောက်ဖခင်ဗျာလူ့ရှေ့သူ့ရှေ့တွင် ခေါင်းမဖော်ရဲတော့ဘဲအရှက်ကွဲလေ
တော့သည်။
တော့သည်။
ချို ဒေသတွင် ဓါးချက်ရာ များစွာဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသောအိမ်ထရံများ တွေ့ပါက ဤအိမ်တွင် မကြာသေးမီက အသုဘရှိသည်ဟု သိနိုင်သည်၊အိမ်ထရံကို မည်သူမဆို ဓါးဖြင့် ကယင်း ထိုးပိုင်ခွင့်ရှိသည်၊ အိမ်ကိုအသုဘအပြီး တလ ခန့် အကြာတွင် ပြန်လည်ပြုပြင်ဖါထေးနိုင်ပြီဖြစ်သည်၊ထိုသို့ဖာထေးပြင်ဆင်ရာ တွင် ၀ါးကာ အိမ်သည် ပြုပြင်ရ လွယ်သော်လည်း ပျဉ်ကာ အိမ်သည်ပြုပြင်ရန် အလွန်ခက်ခဲပြီးအကျည်းတန် ရုပ်ပျက်လှသည်။
မိမိဆွေမျိုးတစ်ဦးဦး အသတ်ခံရသည့်အသုဘပွဲမျိုးတွင် ” ငါယောင်္ကျားသား မင်း(သေဆုံးသူ၏အမည်)ကို သတ်တဲ့လူကို ငါကိုယ်တိုင် ပြန်သတ်မယ်၊ မင်းအချည်းနှီး နဲ့ မသေစေရဘူး။ ငါတို့အမျိုးတွေ ဘယ်တော့မှ အချည်းနှီးမသေဖူးဘူး” ဆို ပြီး ကလဲ့စားပြန်ချေရန် ကြုံးဝါးပြီး အံကြိတ်ကာ က ကြသည်။
နွားနောက်သတ်ပွဲ နှင့် ဓါးသိုင်းအက
ဂုဏ်ပကာသနစည်းစိမ်ပြသသည့် ပွဲဖြစ်သည်၊ ခေါင်ပွဲဟုလည်းခေါ်နိုင်သည်၊ပွဲကျင်းပနိုင်ရေးအတွက် နှစ်ပေါင်းများစွာ နွားနောက်၊ ဝက်၊ ကြက်၊ ဆန်၊ဆပ်ဝါ၊ မြေအိုး၊ ခေါင်အိုး အစရှိသည်များကိုနှစ်ပေါင်းများ စွာကြိုတင်ပြီး စုဆောင်းပြင် ဆင်မှုများပြု လုပ်ရ သည်။ ပွဲလုပ်မည့်ပုဂ္ဂိုလ်သည်ယခင်နှစ်များက ပြုလုပ်သော နွားနောက် သတ်ပွဲ တခုခုတွင် ပွဲကျင်းပမည့်အကြောင်း ကြိုတင်ပြီး အသိပေးကြော်ငြာရသည်။ သို့မှသာ လူထုက ဘယ်သူကနွားနောက် ဘယ်နှစ်ကောင် အားဖြင့် ဘယ် အချိန်မှာပွဲ လုပ်မည်ကိုသိရမည်ဖြစ်သည်။
တချိန်တည်းတွင် နွားနောက် ၁ဝ ကောင်ဖြင့် လုပ်လျှင် Sek be ဟုခေါ်သည်၊ဆိုလိုရင်းမှာ တင်းပြည့်ပွဲ ဟူ၍ဖြစ်သည်၊ ပွဲစပြီဆိုလျှင် တင်းပြည့်ပွဲဖြစ်ပါက အမှတ်ရ ကျောက်ပုံ တခုလုပ်ရသည်၊ ကျောက်ပြားအကြီးကြီး တစ်ခုကို
ကျောက်တိုင် လေးတိုင်ဖြင့် ထောက်မပြီး ထမင်းစားစားပွဲ ပုံစံဖြင့်တောင်ကုန်းတစ်နေရာတွင်လည်းကောင်း၊ ရွာအဝင်ဝ တွင် လည်း ကောင်းမြင်သာထင်သာရှိသည့် နေရာတွင် စိုက်ထူလေ့ရှိကြသည်။
ကျောက်တိုင် လေးတိုင်ဖြင့် ထောက်မပြီး ထမင်းစားစားပွဲ ပုံစံဖြင့်တောင်ကုန်းတစ်နေရာတွင်လည်းကောင်း၊ ရွာအဝင်ဝ တွင် လည်း ကောင်းမြင်သာထင်သာရှိသည့် နေရာတွင် စိုက်ထူလေ့ရှိကြသည်။
ပထမ၊ ဒုတိယနေ့အပြီး တတိယမြောက်နေ့တွင် နွားနောက်များကိုမြှားဖြင့်ပစ်သတ်ရသည်၊ ထို့နောက် နွားနောက်ဦး ခေါင်းကို ဖြတ်ပြီးနွားနောက်ချည်သည့် တိုင်ပေါ်တွင် စနစ်တကျ ချိတ်ရသည်၊ ထိုပွဲမျိုးတွင် လူတိုင်း က ချင်တိုင်း က ၍မရပဲ ပွဲရှင်က ကမည့် သူကို ရွေးရသည်၊ ဗုံ၊မောင်း၊ ကြေးပြားများဖြင့် စည်းချက်ညီညီ စတင်တီးခတ်ရသည်။မိနစ်ပိုင်းကြာလျှင် အကသမား သည် ဓါးကို ပုလိုင်းမှထုတ်၊ ဝှေ့ယမ်းကာမိမိကိုယ်ကိုယ်မိမိ စတင်ကြွားလုံးထုတ် အမွှမ်းတင်ပြီး ကြုံးဝါး ကရတော့သည်၊ကနေစဉ် ဓါးဖြင့် တစုံတရာကို မခုတ်မထစ်ရပါ။ သံဝါတကြော်ကြော်ဖြင့် “ယောင်္ကျားသားငါကွဲ့၊ နွားနောက်တင်းပြည့်ပွဲ ဘယ်နှခါလုပ်ခဲ့သည်။
သူများပွဲမှာ ငါ ဆိုတဲ့ငါဟာ အလကားနှင့် ဘယ်တော့မှ မစားဘူး၊ ငါ့အဖိုးအဖေကဘယ်နှခါ ပွဲလုပ်ခဲ့သည်၊ ဘယ်တောင်၊ ဘယ်နေရာမှာ သွားကြည့်ကြစမ်း၊ငါ့ကျောက်ပုံတွေ၊ ငါ့အိမ် ထရံမှာ နွားနောက်ခေါင်းတွေ ပြည့်နေတယ်၊ ငါ ဟဲ့ငါကွ” ဟု ကြိမ်းဝါးပြီး ကရသည်၊ က ပြသူများအတွက် ပွဲရှင်က ကြိုတင်ပြီးခေါင်အိုး သီး သန့် ပြင်ဆင်ပေးရသည်၊ နွားနောက်ချိုဖြင့် အသင့် ထည့်ထားသောခေါင်ရည်ကို ကပြပြီးသည်နှင့် တပြိုင်နက် တိုက်ရ သည်၊ ထို့နောက်မိမိကဲ့သို့ နွားနောက်ပွဲအကြီး အကျယ် ကျင်းပဖူးသူများကို အိမ်ရှင်မှတလှည့်စီ ဖိတ်ခေါ်ပြီး ကခိုင်းသည်။
စတုထ္တမြောက်နောက်ဆုံးနေ့တွင်မူ ဓါးသိုင်းဖြင့် အပျော်က ကရသည်၊ ဤအကသည်ဓါးအက ကျွမ်းကျင်သူနှင့် ဒိုင်းသ မားတို့ တဦးချင်းစီ တိုက်ခိုက်ရသည့်ကကွက်ဖြစ်သည်၊ အလွန် အန္တရာယ်များပြီးသွေးထွက်သံယိုမှု များသည်၊ ဒိုင်းသ မားက ဓါးကို ကာ၊ ဓါးသမားကို တွန်း၊ ဓါးသမားကလည်း ဒိုင်းသမားကို ဓါးဖြင့်ထိုး၊ ဒိုင်းသမားတွန်းတာကို ရှောင် စသဖြင့် ကကြရသည်၊ ပရိသတ်များ ၏အားပေး သံများ၊ တီးခတ်သံများဖြင့် စီညံပြီး အင်မတန်စိတ်လှုပ်ရှားစရာကောင်း သည့် ကကွက် ဖြစ်သည်။
တောရိုင်းသားကောင်သတ်ပွဲ နှင့် ဓါးသိုင်းအက
ချို ဒေသသည် တောနက်အလွန်ထူထပ်သည့် ဒေသဖြစ်သဖြင့် ကျား၊ တောဝက်၊ ဝက်ဝံစသည့်တောရိုင်း တိရိစ္ဆာန်များ သမင်၊ ဒရယ်၊ စိုင်၊ ပြောင် စသည့်သားကောင်ကြီးများ အလွန်ပေါများသည်၊ လူအုပ်ဖြင် တောချောက်၍ သော်လည်းကောင်း၊ တကိုယ်တော်ဖြင့်သော်လည်းကောင်း တောထွက်လေ့ရှိကြသည်။ တောကောင်အကြီးကြီးရလျှင် ရွာမဝင်ခင် တောင်ကုန်းတနေရာမှ ရွာဖက်သို့သေနတ်ပြောင်းလှည့်ကာ အချက်ပေါင်းများစွာ သေနတ် ပစ်ဖောက်ပြီး တောကောင် အကြီးကြီး ရကြောင်းအချက်ပေးကြသည်။
ထိုအခါ ရွာသားများသည် သေနတ်သံလာရာဖက်ဆီသို့ ကသုတ်ကယက်ပြေးပြီး သွားရောက်ကြိုဆိုကြသည်၊ အမဲကောင် ရသူ အိမ်သို့ အသားအားလုံးသယ်ပေးရပြီး လူကြီးများက အသားများကို အိမ်တိုင်းညီတူညီမျှေ ဝငှပေးရသည်၊ ထို့နောက် အိမ်ရှင် မှ အမဲကောင် အကောင်ကြီးလျှင် ကြီး သလိုအိမ်မွေး နွားနောက်၊ ဝက် ကို သတ်ပြီး ဂုဏ်ပြုပွဲလုပ်ရသည်၊ သက်ဆိုင်ရာဆွေမျိုးများက ခေါင်အိုး တလုံး၊ နှစ်လုံးဖြင့် လာရောက်ဂုဏ်ပြုပေး ကြသည်၊ထိုပွဲမျိုး အတွက် ဓါးသိုင်း ကရာတွင် သားကောင်ကြီးရဖူးသူများက မိမိတို့၏အစွမ်းအစ၊ ” ငါသည် ကျားဘယ်နှစ်ကောင်၊ ဝက်ဝံ ဘယ်နှစ်ကောင်၊ စိုင်၊ ပြောင်ဘယ်နှစ်ကောင် ရဖူးသည်” စသည်ဖြင့် ကြုံးဝါးပြီး ကကြသည်၊တကယ့်ယောင်္ကျားကောင်း တို့၏ ကပွဲ ဟုလည်း ဆိုနိုင်သည်၊ ထိုပွဲမျိုးတွင်မုဆိုးအလုပ်မကျွမ်းကျင်သူများကခွင့်မရှိပေ။
မျိုးနွယ်စု ပေါင်းစုံသော ချင်းလူမျိုးများ၏ မတူညီသောရိုးရာပွဲလမ်းသဘင်တိုင်းတွင် ချို (ချင်း)တို့၏ ရိုးရာ ဓါးသိုင်း အက သည်မရှိမဖြစ် မရိုးနိုင်သော ရိုးရာဓါးသိုင်းအကပင်ဖြစ်သည်။ အင်မတန်စိတ်ဝင်စားစရာ၊ ရင်ထိတ်ဘွယ်ရာ ကောင်းသည့် အချယ်အသမပါသောရိုးရာယဉ်ကျေးမှုအကဟု ဆိုရမည်။
အထူးသဖြင့် ယနေ့ ပြည်တွင်းပြည်ပရှိ ချင်းတိုင်းရင်းသားများက နှစ်စဉ်ဖေဖေါ်ဝါရီလ ၂၀ ရက်တွင် ကျင်းပမြဲဖြစ်သည့် ချင်းအမျိုးသားနေ့တိုင်းတွင် ချို ရိုးရာ ဓါးသိုင်းအကသည် ပွဲကြည့် ပရိသတ်၏ စိတ်အ၀င်စားဆုံးရိုးရာယဉ်ကျေးမှု အက အဖြစ် နေရာယူစမြဲပင်ဖြစ်သည်။
ခြုံပါက ဤ ရိုးရာအကသည် ယောင်္ကျားကောင်းတို့၏ စွမ်းရည်၊ယောင်္ကျားကောင်းတို့၏ စိတ်ဓါတ်များကို ဖော်ထုတ် သည့်အနိုင်မခံအရှူံးမပေးသည့် သဘောကို ဆောင်သော ထိန်းသိမ်း မြတ်နိုးအပ်သည့် ချို (ချင်း) တို့၏ ရိုးရာ အကပင်ဖြစ် ပေ တော့သည်။
တိုင်းရင်းသား ညီအစ်ကို မောင်နှမ များ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးနိုင်ကြပါစေရှင်
ချို ( ချင်း) တို့၏ ရိုးရာ အက စာအုပ်မှ ကိုးကားရေးသားထားပါသည်.....
ESTHER KYING
ချို ( ချင်း) တို့၏ ရိုးရာ အက စာအုပ်မှ ကိုးကားရေးသားထားပါသည်.....
ESTHER KYING
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။