ဘ၀ရှင်သန်မှု လျှို့ဝှက်ချက်များ ဖွင့်ဟခြင်း (အင်တာဗျူး)
ဂျင်းနီဟာ အသက်ငါးဆယ်ကျော် အရွယ်ရှိပြီး အစဉ်အမြဲ ပြုံးနေတတ်တာကြောင့် တကယ့်ကို နှစ်လိုဖွယ် ကောင်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ လက်ရှိအသက်အရွယ်ထက် ပိုပြီးငယ်ရွယ်နုပျိုနေတယ်လို့ ထင်ရပါတယ်။ ဂျင်းနီဟာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင်တဲ့မြန်မာလူမျိုးတစ်ဦး ဖြစ်ပါတယ်။ လူတစ်ဦးတည်းကနေ လုံးဝကွဲပြားခြားနားပြီး ဆက်စပ်မှုမရှိတဲ့ အလုပ်နှစ်မျိုးကို တွဲဖက်လုပ်ကိုင်နေတယ်ဆိုတာကတော့ ယုံကြည်ဖို့ ခဲယဉ်းပါတယ်။ သူဟာ တနလာင်္နေ့ကနေသောကြာနေ့အထိ အိမ်အကူအလုပ်ကို လုပ်ကိုင်ပြီး စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ ပန်းချီရေးဆွဲခြင်းနဲ့ပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပါတယ်။
နောက်ကြောင်းရာဇ၀င်က ဘယ်လိုလဲ
ကျွန်မက မြန်မာ၊ အင်္ဂလိပ်၊ ပေါ်တူဂီနဲ့ အိန္ဒိယလူမျိုး ကပြားတစ်ဦးဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မရဲ့ပုံပန်း သဏ္ဍာန်က ပုံမှန် မြန်မာအမျိုးသမီး တစ်ယောက်နဲ့ မတူပါဘူး။ ကျွန်မအနေနဲ့ အင်္ဂလိပ်စာကို ကျွန်မ အိမ်မှာ မိသားစုနဲ့ ပြောရင်း ၊ ဆိုရင်းကဘဲ သင်ယူခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ အင်္ဂလိပ်စာကို မဖတ်တတ်ပါဘူး။ နာမကျန်းဖြစ်နေတဲ့ မိခင်ကို ပြုစုစောင့်ရှောက်ခဲ့ရတာကြောင့်ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ခဲ့ရပါဘူး။
အမြဲတမ်း ပန်းချီရေးဆွဲခဲ့ပါသလား ဘယ်အချိန်ကစပြီး ပန်းချီရေးဆွဲခဲ့ပါသလဲ
ကျွန်မက ပန်းချီဆွဲတာ အရမ်းတော်ပေမယ့် အနုပညာကျောင်းတွေမှာ အထူးသင်တန်းတွေ တက်ဖူးတာမျိုးလုံးဝမရှိပါဘူး။ ကျွန်မမိသားစုကလည်း လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေ၊ ကိရိယာတွေကို ၀ယ်မပေး နိုင်ပါဘူး။ မူလတန်းကျောင်းတုန်းကတော့ မြန်မာပြည်မြေပုံ ဆွဲရပါတယ်။ ကျွန်မဆွဲလိုက်တဲ့ အရမ်းကောင်း လွန်းတော့ တစ်ခြားကလေးတွေ ကတောင် သူတို့အတွက် ဆွဲပေးဖို့ ကျွန်မကို အကူအညီ တောင်းကြ ပါတယ်။ ကျွန်မက ပုံဆွဲခအနေနဲ့ သူတို့ဆီကနေ ဆင့် အနည်းငယ် ရပါတယ်(ရယ်လျက်)။ လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကစပြီး စားဝတ်နေရေး အတွက် အတော်လေး အဆင်ပြေလာခဲ့တဲ့အတွက် ပန်းချီစဆွဲခဲ့ပါတယ်။ ကျွန်မရဲ့ဝါသနာအတွက် အချိန်ရော ငွေကြေးအရပါ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။
လက်ရှိအချိန်အထိ သင့်ရဲ့ဘ၀မှာ ဘယ်လိုမျိုး အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါသလဲ
ကျွန်မရဲ့ ခင်ပွန်းသည်နဲ့ မကွာရှင်းခင် အချိန် 1990 ပြည့်နှစ်လွန် ကာလအထိ ကျွန်မဟာ အိမ်ထောင်ရှင်မတစ်ဦး ဖြစ်ခဲ့ပါ တယ်။ ဒါကြောင့်လည်း ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် ကိုယ်တိုင် ရုန်းကန်ရှာဖွေခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့က စားသောက်ဆိုင်တွေ၊ ချောင်းသာကမ်းခြေနဲ့ပုဂံမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ အိမ်အကူအနေနဲ့ရော ကြီးကြပ်သူအနေနဲ့ပါ အလုပ်လုပ်ခဲ့ပါတယ်။ သီးစုံကော့တေးနဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုလည်း ကိုယ်တိုင် ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါ့အပြင် ဒတ်ခ်ျဆေးကုမ္ပဏီတစ်ခုမှာလည်း အလုပ်လုပ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက ကုန်သည်ကြီးများ ဟိုတယ် (ယခု ရှန်ဂရီလာဟိုတယ်)မှာ လေးနှစ်နီးပါးလောက် နေထိုင်လာခဲ့တဲ့ မိသားစု တစ်စုဆီမှာ မထင်မှတ်ဘဲ အလုပ်လုပ်ဖြစ်ခဲ့ပါတယ်။ သူတို့တွေ အိန္ဒိယနဲ့ ယူအေအီးကို ပြောင်းရွှေ့သွား တာတောင် အဲဒီနေရာတွေအထိလိုက်ပါပြီး ခေတ္တခဏ အလုပ်လုပ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာချိန်မှာတော့ သြစတြေးလျ၊ အမေရိကန်၊ ဗီယက်နမ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ အစရှိတဲ့ နိုင်ငံခြားသား မိသားစုတွေဆီမှာ အိမ်အကူလုပ်ခဲ့ပါတယ်။
ကျွန်မကတော့ အချိန်ပိုင်း အလုပ်လုပ်ရတာကိုပဲ ပိုသဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလပ် ချိန်တွေမှာ ကျွန်မ၀ါသနာပါတဲ့ ပန်းချီရေးဆွဲခြင်းနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်။
( စကားချပ် ။ ။ တကယ်တော့ ယုဇနဥယျာဉ်မြို့တော်မှာရှိတဲ့ ဂျင်းနီရဲ့ တိုက်ခန်းဟာ ပန်းချီပညာရှင် တစ်ယောက်ရဲ့ အလုပ်ရုံတစ်ခုနဲ့ဆင်တူနေပါတယ်။ ပန်းချီကားတွေကို နံရံတွေပေါ်မှာ ချိတ်ဆွဲထားရုံ သာမကဘဲ ကြမ်းပြင်ပေါ်မှာလည်း ထောင်လျက်သား ခင်းကျင်းထားတာကြောင့် နေရာအနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ )
ပန်းချီရေးဆွဲရာမှာ စိတ်ကူးသစ်တွေကို ဘယ်ကနေ ရရှိပါသလဲ
လမ်းပေါ်မှာ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုခုကို တွေ့လိုက်ပြီဆိုရင် အဲဒီအကြောင်းကို ပန်းချီကားတစ် ချပ်အနေနဲ့ ပုံဖော်ပါတယ်။ မိသားစု ဒါမှမဟုတ် အမေနဲ့ ကလေးငယ်တွေရဲ့ ပုံတွေကိုရေးဆွဲရတာ သဘောကျ ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကျွန်မသဘောကျတဲ့ ဓာတ်ပုံတစ်ပုံကိုယူပြီးအဲဒီဓာတ်ပုံကို ပန်းချီရေး ဆွဲပါ တယ်။ ပန်းချီဆွဲတဲ့ အလုပ်အပေါ် ဈာန်ဝင်နေတဲ့ အချိန်မျိုးမှာ အချိန်ကုန်မှန်းမသိ ကုန်သွားတတ်ပါတယ်။ အလုပ်အားလပ်ရက်တွေမှာ ပန်းချီဆွဲပြီဆိုရင် ထမင်းမေ့ဟင်းမေ့ ဖြစ်နေတတ်ပါတယ်။
ရှင့်ရဲ့ ပန်းချီကားတွေကို ဘယ်လိုမျိုး ခင်းကျင်းပြသပါသလဲ။
ပုံမှန်အားဖြင့်တော့ စရိတ်စက များပြားလွန်းတဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲတွေကို မလုပ်ဖြစ်ပါဘူး။ ကျွန်မရဲ့မိတ်ဆွေတွေကို နေ့လယ်စာဖိတ်ကျွေးပြီး ပန်းချီကားတွေကို ကြည့်ရှုခံစားစေကာ သူတို့နှစ်သက်ရာပန်းချီကားကို ရွေးချယ်စေပါတယ်။ ဒါပေမယ့်လည်း သီးခြားပန်းချီပြခန်းတွေမှာ တစ်ကိုယ်တော် ပန်းချီပြပွဲတွေကျင်းပဖူးပါတယ်။ 2013ခုနှစ်တုန်းက ပန်းချီပြခန်း 65 မှာ ကျင်းပခဲ့တဲ့ ပြပွဲကတော့ ပထမဆုံးအကြိမ်ဖြစ်ပြီးကျွန်မရဲ့ အလုပ်ရှင်တစ်ယောက်က ကမကထပြုပြီး ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယမြောက် ပြပွဲကိုတော့န၀ဒေး ပန်းချီပြခန်းမှာ ကျင်းပခဲ့ပါတယ်။ ကျွန်မရဲ့ပန်းချီကားတွေဟာ တော်တော်လေး ဈေးနှုန်းချိုသာပါတယ်။ ပန်းချီကားရောင်းချရာကနေ ၀င်ငွေသိပ်မရခဲ့ပါဘူး။ ကျွန်မရဲ့ စားဝတ်နေရေးအတွက် အိမ်အကူအလုပ်ကို လုပ်ကိုင်ရပါတယ်။ ပန်းချီကားရောင်းရငွေရဲ့ တစ်ဆယ်ရာခိုင်နှုန်းကို HIV ရောဂါဝေဒနာရှင်တွေရှိတဲ့ ရန်ကုန် မြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်လှူဒါန်းပါတယ်။
သင့်ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်က ဘာလဲ
ကျွန်မရဲ့ ရည်ရွယ်ချက်က နာမည်ကြီး ပန်းချီဆရာတစ်ယောက် ဖြစ်လာပြီး ပန်းချီကားတွေ အများကြီး ရောင်းချ နိုင်ဖို့ပါပဲ။ ပြီးတော့ HIV ရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေကိုလည်း ပိုက်ဆံတွေအများကြီးလှူဒါန်း ချင်ပါ တယ်။ ဘုန်းတော်ကြီးကျောင်းကိုသွားပြီး အဲဒီဝေဒနာရှင်တွေကို တွေ့မိတိုင်း အိမ်ပြန် ရောက်သွားသလို ခံစား မိပါတယ်။ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင်တော့ သူတို့နဲ့ စကားလက်ဆုံကျပြီးသူတို့ရဲ့ ကလေးတွေကို ထိန်းပေးရ တာ အရမ်းကို ပျော်ပါတယ်။ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို စွန့်လွှတ်ပြီး ပန်းချီရေး ဆွဲတဲ့ အလုပ် တစ်ခုပဲ လုပ်ရရင်တော့ ဒီထက်ပိုပြီး ပျော်စရာကောင်းမှာပါ။ အိမ်အကူ ဖြစ်နေတာကြောင့်လည်း အမြဲလိုလို အလုပ်ရှုပ်နေတတ်ပါတယ်။ ဒါပေမယ့်လည်း ပန်းချီကားရောင်းချတဲ့ နေရာကနေ ၀င်ငွေများများ စားစား မရတာကြောင့် ကျွန်မဘ၀ ရပ်တည်ဖို့အတွက် ဒီအလုပ်ကိုလည်း ပစ်ပယ်ထားလို့ မရသေးပါဘူး။ တစ်ဘ၀လုံးကို ပန်းချီရေးဆွဲတဲ့ အလုပ်အပေါ်မှာပဲ မြှုပ်နှံထားတဲ့ ထိပ်တန်း နာမည်ကြီး ပန်းချီဆရာ အများအပြား ရှိနေပါတယ်။ ကျွန်မကတော့သူတို့နဲ့ နှိုင်းယှဉ်ကြည့်ရင် ပညာသင်အဆင့်မှာပဲ ရှိပါသေးတယ်။
အနာဂတ်မှာရော ပန်းချီပြပွဲတွေ ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါသလား
တကယ်တော့ ပန်းဆိုးတန်း Scene Gallery မှာ စက်တင်ဘာ (15) ရက်ကနေ (19) ရက်အထိ ကျင်းပသွားမယ့် Parasol Project မှာ ပါဝင်သွားမှာပါ။ အဲဒီပရောဂျက်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို မြှင့်တင်ပေးမယ့် Better Burmese Health Care' (BBHC)အဖွဲ့အစည်းအတွက် ရန်ပုံငွေရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ ပန်းချီပညာရှင်ပေါင်းများစွာဟာ မြန်မာ့ရိုးရာ ထီးပုံနှစ်ပုံကိုရေးဆွဲခြယ်မှုန်းခဲ့ပြီး အဲဒီပန်းချီကားတွေကို လေလံတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပန်းချီကားတစ်ချပ် ရောင်းရ ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကိုတော့ BBHC အဖွဲ့အစည်းကို လှူဒါန်းရမှာ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်များ အနေနဲ့ Jim Nee လို့ နာမည်ထိုးထားတဲ့ ထီးပုံပန်းချီကားတွေကို တွေ့မြင်နိုင်မှာပါ။ ကံမကောင်းချင်တော့ ပွဲစီစဉ်သူတွေက ကျွန်မနာမည်ကို မှားယွင်းဖော်ပြခဲ့ပါတယ်။
Yangon Life ရဲ့ အမှာ
ကျွန်မတို့နဲ့ ဆုံတွေ့တဲ့သူတိုင်းဟာ လူနေမှုဘ၀ လျှို့ဝှက်ချက်တွေ၊ စကြ၀ဠာကြီးရဲ့ မထင်မရှား ဖြစ်စဉ်တွေတွေက ကျွန်မတို့အတွက် မှတ်သားစရာတစ်ခုခုကို ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ စာအုပ်တစ်အုပ်ရဲ့မျက်နှာဖုံးကိုကြည့်ပြီး အဲဒီစာအုပ်ရဲ့ တန်ဖိုးကို မဆုံးဖြတ်ပါနဲ့ ဆိုတဲ့ သမားရိုးကျ လက်သုံးစကားဟာကျွန်မတို့ကို သတိပေးနေတဲ့ နှိုးဆော်မှုတစ်ခု ဖြစ်သလို ဒီဇာတ်လမ်းရဲ့ သင်ခန်းစာတစ်ခုလည်း ဖြစ်ပါတယ်။ဂျင်းနီရဲ့ ဘ၀ဖြစ်စဉ်ကနေ ထင်သာမြင်သာရှိတဲ့ အကြောင်းအရာတွေကို ကျော်လွန်သုံးသပ်ပြီး နေ့စဉ်ဘ၀မှာ
ကြုံတွေ့နေရတဲ့ လူပေါင်းများစွာအပေါ် ကူညီထောက်ပံ့ပြီး စိတ်ထားမွန်မြတ်သူတွေကို အမှန်တကယ်တန်ဖိုး ထားတတ်ဖို့နဲ့ ပိုမိုလေးနက်တဲ့ တွေးခေါ်ဆင်ခြင်မှုတွေကို ပြုလုပ်သွားဖို့ သင်ခန်းစာရရှိခဲ့ပါတယ်။ဂျင်းနီနဲ့ တွေ့ဆုံပြီး သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို လေ့လာချင်တယ်ဆိုရင် ဒါမှမဟုတ် သူသွားရောက်နေကျ
ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်ချင်တယ်ဆိုရင်တော့ Yangon Life ထံ စာရေးသားဆက်သွယ်နိုင်ပါတယ်။ ကျွန်မတို့ဘက်ကလည်း သူနဲ့မိတ်ဆက်ပေးရတဲ့အတွက် ၀မ်းသာပျော်ရွှင်ရပါတယ်။
ဂျင်းနီကလည်း မိတ်ဆွေအသစ်တွေကို ၀မ်းပန်းတသာနဲ့ အစဉ်အမြဲ လက်ကမ်းကြိုဆိုသွားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။