ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)
________________
(၅) Wallis
လေဒီFurnessက Mrs Simpsonရဲ့အစောဦးပိုင်းဘဝအကြောင်းကို အခုလို ပြောပြသွားခဲ့ပါတယ်။
Wallisကို Baltimore မှာ မွေးဖွားခဲ့တယ်။ သူဟာ သူ့ဖခင်ဘယ်သူဆိုတာ လုံးဝမသိခဲ့ပါဘူး။ သူ ၅လသားအရွယ်မှာ သူ့ဖခင်ကွယ်လွန်သွားခဲ့ပါတယ်။ သူ့မိခင်က သန်မာထက်မြက်ပြီး မေတ္တာပြည့်ဝတဲ့အမျိုးသမီးဖြစ်တယ်။ Wallisရဲ့ ကလေးဘဝက ပျော်ရွှင်ချမ်းမြေ့ခဲ့ပါတယ်။
အဲဒီနေ့ညမှာ Wallisကို သူနားရင်းတစ်ချက်ရိုက်လိုက်တယ်။ Wallis အော်တော့ သူနောက်တစ်ချက် ထပ်ရိုက်လိုက်ပါတယ်။ Wallisရဲ့မျက်နှာပေါ်မှာ သွေးတွေနဲ့
သစ်ရွက်တစ်ရွက်လို သူတဆတ်ဆတ်တုန်နေခဲ့ပါတယ်။
“တောင်းပန်ပါတယ်.. Winfield …. မရိုက်ပါနဲ့တော့” သူပြောတယ်။
ဒါပေမယ့် Winfield က Wallisရဲ့လက်မောင်းတစ်ဘက်ကိုကိုင်မြှောက်ပြီး အပေါ်ထပ်ဆီဆွဲခေါ်သွားခဲ့တယ်။
“မင်းဟာ ငါ့ရဲ့အကျဉ်းသား.. ထွက်သွားဖို့ မစဉ်းစားနဲ့”လို့ သူအော်တယ်။ အဲဒီနောက် Wallisကို ရေချိုးခန်းထဲတွန်းဝင်ပြီး တံခါးကိုသော့ခတ်ခဲ့ပါတယ်။
နောက်တစ်နေ့မနက်မှာ မိဘအိမ်ဆီ Wallisပြန်ခဲ့တယ်။
“သူနဲ့ ကျွန်မအတူမနေနိုင်တော့ဘူး.. ကျွန်မ ကွာရှင်းမယ်”လို့ သူပြောတယ်။
“သနားစရာကောင်းလိုက်တဲ့ Wallis… နောက်တော့ ဘာဖြစ်သွားလဲ .. လေဒီ Furness ” လို့ Edward မေးတယ်။
“နောက်တော့…. လအနည်းငယ်အကြာမှာ Ernest Simpsonဆိုတဲ့ သဘောကောင်းတဲ့လူတစ်ယောက်နဲ့ သူဆုံခဲ့တယ်။ Ernest Simpson က စကားနည်းတယ်.. ဒါပေမယ့် ပျော်ပျော်နေတတ်တယ်။ သူတို့မင်္ဂလာဆောင်ခဲ့ကြတယ်။ အခု လန်ဒန်မြို့လယ်က လှပတဲ့တိုက်ခန်းတစ်ခုမှာ သူတို့နေကြတယ်။”
“သူတို့ ပျော်ရွှင်ကြရဲ့လား” Edward က မေးတယ်။
လေဒီ Furness က မင်းသားကိုကြည့်ပြီး ပြုံးလိုက်တယ်။
“ကျွန်မ မသိပါဘူး.. အရှင်.. ကျွန်မ မသိပါဘူး”
အဲဒီနောက်ပိုင်း အချိန်၂နှစ်ကာလအတွင်းမှာ Wallis ကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် မင်းသားတွေ့ခဲ့ရတယ်။ သူတို့ရဲ့မိတ်ဆွေချင်းချင်းကနေ မကြာခဏ တွေ့ဆုံပွဲတွေလုပ်ခဲ့ကြလို့ဖြစ်တယ်။
“Mrs Simpson က ဘဝအကြောင်း တော်တော်သိတယ်။ သူ စာဖတ်တာနှစ်သက်တယ်၊ အစားအစာကြိုက်တယ်၊ လူတွေကို ချစ်ခင်နှစ်သက်တယ်၊ ပြီးတော့ ခရီးသွားရတာလည်း နှစ်သက်တယ်။ သူ အရမ်းလှတယ်။ သူ့မျက်လုံးထဲမှာ စိတ်အားထက်သန်မှုကို အမြဲတွေ့ရတယ်။ လူတွေအပေါ်ချစ်ခင်နှစ်သက်ပြီး သူနဲ့စကားပြောရတာ ပေါ့ပါးလွတ်လပ်တယ်။ သူနဲ့စကားပြောနေရင်း သိပ်မကြာဘူး .. ကျွန်တော့်စိတ်တွေ ပွင့်သွားခဲ့တယ်။ ကျွန်တော်တို့ကြားမှာ လျှိုထားတာတွေ မရှိဘူး။ သူနဲ့ ဘာမဆို ကျွန်တော်ပြောတယ်။ ဒီလိုနဲ့ပဲ ဇာတ်လမ်းစခဲ့တာပဲ.. ”လို့ တစ်ခါက Edward အဲဒီလိုပြောခဲ့တယ်။
“သူ့မျက်လုံးက အမြဲကြေကွဲနေသလိုပဲ” Wallisက Edwardကို ဒီလိုသရုပ်ဖော်ခဲ့တယ်။ “တစ်ခါတလေမှာ သူ့ကိုကြည့်ရတာ ကလေးတစ်ယောက်လိုပဲ … နုပျိုလိုက်တာ၊ တိတ်ဆိတ်ငြိမ်သက်လိုက်တာ၊ ပျော့ညံ့အားနည်းလိုက်တာ။ သူ့မှာ သူငယ်ချင်းအစစ်ဆိုတာမရှိဘူး။ လူတွေက သူ့ကို နည်းနည်းကြောက်လို့လည်း ဖြစ်မယ်။ ဒါပေမယ့် သူဟာ နွေးထွေးကြင်နာတဲ့လူတစ်ယောက်ပါ။ ကျွန်မကို သူစကားပြောတဲ့အခါ ကျွန်မရင်ခုန်နေတာကို ကျွန်မခံစားမိတယ်။ သူနဲ့နှစ်ယောက်တည်း ကျွန်မနေချင်တယ်။ ဒါပေမယ့် ဒါဟာမဖြစ်နိုင်ဘူးဆိုတာ ကျွန်မသိတယ်။ ကျွန်မတို့တွေ့စအချိန်မှာ မင်းသား ကျွန်မကိုချစ်ခဲ့သလား၊ ဟင့်အင်း.. မချစ်ခဲ့ဘူးလို့ ကျွန်မထင်တယ်။ ဒါပေမယ့် ကျွန်မတို့တွေ့ဆုံတိုင်း ကျွန်မတို့ နီးသထက်နီးကပ်လာပြီလို့ ခံစားခဲ့မိတယ်။”
၁၉၃၃ခုနှစ် ဇွန်လမှာ Wallis အတွက် မွေးနေ့ပွဲတစ်ခုကို Edward ကျင်းပပေးခဲ့တယ်။ အဲဒီနောက်ပိုင်း လအတော်များများမှာ Edward ဟာ လန်ဒန်မှာရှိတဲ့ Wallis ရဲ့တိုက်ခန်းဆီ နေ့တိုင်းနီးပါးအလည်ရောက်ခဲ့တယ်။
တစ်ညနေမှာ Wallisနဲ့ Ernest ကို မင်းသားက သြစတြီးယားမှာ နှင်းလျှောစီးဖို့ ဖိတ်ခေါ်ခဲ့တယ်။
“ဆောရီးပါ အရှင်.. ကျွန်တော် အမေရိကန်ကိုအလုပ်နဲ့သွားဖို့ရှိတယ်။ ဒါပေမယ့် Wallis နဲ့ သူ့အန်တီက အရှင်နဲ့လိုက်နိုင်ပါလိမ့်မယ်” လို့ Mr Simpson စကားပြန်တယ်။
“Kitzbuhel ကို သွားတုန်းက ကျွန်မတို့ဟာ သူငယ်ချင်းအဖြစ်နဲ့ပါ။ ဒါပေမယ့် အဲဒီကပြန်လာတော့ ကျွန်မတို့ ချစ်သွားမိကြပြီ။ လအနည်းငယ်အကြာမှာ မင်းသားက ကျွန်မကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ ဒါဟာ အိပ်မက်တစ်ခုလိုပါပဲ…” လို့ နောက်ပိုင်းမှာ Wallis က ရေးသားခဲ့ပါတယ်။
××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a (ဘာသာပြန်မှားယွင်းတာ၊ အသုံးအနှုန်းမှားယွင်းသုံးစွဲမိတာရှိခဲ့ရင် ကျေးဇူးပြုပြီးပြောပြပေးပါလို့.. ကျွန်မက ကျွန်မပိုကျွမ်းကျင်တဲ့ တရုတ်ဘာသာကနေ မြန်မာဘာသာအဖြစ် ဘာသာပြန်ဆိုပါတယ်)
နိုင်းနိုင်းစနေ (Sept. 17. 2014)
.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။