TechSpace Journal added 8 new photos.
မြေရှားသတ္တု(Rare Earth) နှင့် တရုတ်နိုင်ငံ
===============================
===============================
မြေရှားသတ္တုဆိုသည်မှာ…
-----------------------------
-----------------------------
မြေရှားသတ္တုများသည် ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော သဘာဝအရင်းအမြစ်ဖြစ်သောကြောင့် အရေးပါပြီး ၄င်းတို့အား စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိကြပါသည်။
မြေရှားသတ္တုများတွင် ဒြပ်စင် ၁၇ မျိုးပါဝင်ပြီး ၄င်းတို့မှာ-
Lanthanum(La),Cerium(Ce),Praseodymium(Pr),Neodymium(Nd),Promethium(Pm),Samarium(Sm),Europium(Eu),Gadolinium(Gd),Terbuium(Tb),Dysprosium(Dy),Holminum(Ho),Ebium(Er),Thulium(Tm),Ytterbium(Yb) နှင့် Lutecium(Lu)တို့ဖြစ်ပါသည်။ အောက်ပါဇယားတွင် Rare Earth ဒြပ်စစ် ၁၇ မျိုး၏ အသုံးပြုနိုင်သော နယ်ပယ်များကို ပုံတွင်ဖော်ပြထားပါသည်။
မြေရှားသတ္တုတို့၏အက်တမ်အလေးချိန် နှင့်ရူပ၊ဓာတုဆိုင်ရာဂုဏ်သတ္တိများကြောင့် အပေါ့စား၊ အလယ်အလတ်နှင့် အလေးစားသတ္တုဟူ၍ သုံးမျိုးခွဲခြားနိုင်ပါသည်။ ဖော်ပြပြီးခဲ့သော ဒြပ်စင်များအနက် ပထမ ငါးမျိုးမှာ အပေါ့စားဖြစ်ပြီး ကျန်ဒြပ်စင်များမှာ အလယ်အလတ်၊သို့မဟုတ် အလေးစားများ ဖြစ်ပါသည်။
၎င်းတို့၏ ထူးခြားသော ရူပ၊ဓာတုဂုဏ်သတ္တိများကြောင့် မြေရှားသတ္တုများသည် ခေတ်မှီစက်မှုလုပ်ငန်းတွင် မရှိမဖြစ် အသုံးဝင်လာခဲ့ပြီး စွမ်းအင်အသစ်များ ရှာဖွေရေး၊ ပစ္စည်းအသစ်များထုတ်လုပ်ရေး၊ စွမ်းအင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ကာကွယ်ရေး၊ လေကြောင်း၊ အာကာသနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များဆိုင်ရာ လုပ်ငန်းများတွင် ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ပါသည်။
မြေရှားသတ္တုကိုအောက်ပါအတိုင်းအကျဉ်းချုံးခေါ်ဆိုနိုင်ပြီး ၄င်းတို့မှာ -

RE=rare earth
REM=rare-earth metals
REE=rare-earth elements
REO=rare-earth oxides
REY=rare-earth elements and yttrium
LREE=light rare elements(Sc,La,Ce,Pr,Nd,Pm,Sm,Eu and Gd; also known as cerium group)
HREE=heavy rare earth elements(Y,Tb,Dy,Ho,Er,Tm,Yb and Lu; also known as the yttrium group)

တို့ဖြစ်ပါသည်
တရုတ်နိုင်ငံသည် မြေရှားသတ္တုအရင်းအမြစ်များ ပေါ်များသောနိုင်ငံတစ်ခုဖြစ်ပါသည်။ ၁၉၅၀ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ မြေရှားသတ္တုထုတ်လုပ်ရေးစက်မှုလုပ်ငန်းသည် ထူးခြားတိုးတက်မှု များရှိလာခဲ့ကြောင်း တွေ့ရှိရ ပါသည်။ နှစ်အတန်ကြာကြိုးပမ်း အားထုတ်ခဲ့ရပြီးနောက် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုထုတ် လုပ်သူ၊ သုံးစွဲသူ၊ တင်ပို့သူဖြစ်လာခဲ့ပါသည်။
မြေရှားသတ္တုထုတ်ယူသုံးစွဲခြင်းကြောင့် လူသားများအား အကျိုးရှိစေသကဲ့သို့ သဘာဝပတ်ဝန်းကျင် အပေါ် ရိုက်ခက်သည့်ပြဿနာများလဲ ကြုံတွေ့လာရပါသည်။ မြေရှားသတ္တုများ ထုတ်ယူသုံးစွဲရာတွင် ချင့်ချိန်သုံးစွဲ နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်အား ထိရောက်စွာ ကာကွယ်ပေးရေးသည် ကမ္ဘာကြီးအတွက် ယေဘုယျစိန်ခေါ်မှု တစ်ရပ်ဖြစ်လာရပါသည်။
တရုတ်နိုင်ငံ၏မြေရှားသတ္တုထုတ်လုပ်ခြင်းအခြေအနေ
----------------------------------------------------------
----------------------------------------------------------
တရုတ်နိုင်ငံသည် မြေရှားသတ္တုအရင်းအမြစ်များ ပေါများသောနိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံး၏ ၂၃ ရာခိုင်နှုန်း ခန့်ရှိပါသည်။ တရုတ်နိုင်ငံ၏ မြေရှားသတ္တုများအား အောက်ပါအချက် အလက်များအရ သိရှိနိုင်ပါသည်။ မြေရှားသတ္တုအရင်းအမြစ်အမျိုးအစားများမှာ ကွဲပြားခြားနားမှုများ ရှိပါသည်။ တရုတ်နိုင်ငံတွင် Bastnaesit/Manozite/Fergusbaite အပါအ၀င် အမျိုးမျိုးသော မြေရှားသတ္တုများ ရှိပါသည်။ ၄င်းတို့ထဲတွင် အိုင်ယွန်းအသွင်ရှိသော Iron-absorption အလယ်အလတ်နှင့် အလေးစားမြေရှား သတ္တုသိုက်များသည် ကမ္ဘာပေါ်တွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေ ပါသည်။
ပေါ့ပါးသော မြေရှားသတ္တုများ၏ ရေဒီယိုသတ္တိကြွမှုကြောင့် သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပေါ်လာရပါသည်။ ပေါ့ပါးသောမြေရှားသတ္တုသိုက် အများစုကို တူးဖော်နိုင် သော်လည်း သိုရီယမ် နှင့်အခြားရေဒီယိုသတ္တိသတ္တုကြွဒြပ်စင်များအား ကိုင်တွယ်ရန် ခက်ခဲသောကြောင့် ၄င်းတို့အား တူးဖော်စဉ်၊ အရည်ကျိုစဉ်နှင့် ခွဲခြမ်းစိတ်ဖြာခြင်းပြုလုပ်စဉ်တို့တွင် လူနှင့်သဘာဝပတ်ဝန်းကျင်မထိ ခိုက်စေရန် သတိကြီးမားစွာထားပြီး ဆောင်ရွက်ရပါသည်။
၁၉၇၀ နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းလာသော မူဝါဒများကြောင့် တရုတ်နိုင်ငံ၏ မြေရှားသတ္တုစက်မှုလုပ်ငန်းများသည် လျင်မြန်စွာ တိုးတက်လာခဲ့ပါသည်။
တရုတ်နိုင်ငံသည် မြေရှားသတ္တုတူးဖော်ခြင်းအား အဓိကအားဖြင့်နေရာ ၃ ခုတွင်ဆောင်ရွက်ခဲ့ပါသည်။ အပေါ့စားမြေရှားသတ္တုထုတ် လုပ်ရေးလုပ်ငန်းအား မွန်ဂိုလီးယား အတွင်းပိုင်း ဘာအိုတူဒေသနှင့် စီချွန်ဒေသ၏ လိုင်ရှမ်းတို့တွင်လည်းကောင်း၊ အလယ်အလတ်နှင့် အလေးစားမြေရှားသတ္တု ထုတ်လုပ်ခြင်းအား ဈာန်ရီုပြည်နယ်၏ ဂန်ဇူးဒေသ ပတ်ဝန်းကျင်အား ဗဟိုပြု၍ တောင်ပိုင်းပြည်နယ် ၅ ခုတွင် လုပ်ကိုင်လျက်ရှိပါသည်။
တရုတ်နိုင်ငံအနေဖြင့် မြေရှားသတ္တုထွက်ကုန်ပစ္စည်းအမျိုးပေါင်း ၄၀၀ ကျော် ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မြေရှားသတ္တုထုတ်ကုန်ပစ္စည်းတန်ချိန်ပေါင်း ၉၆၉၀၀ တန် ထုတ်လုပ် ပေးခဲ့ကာ ၄င်းထုတ်လုပ်မှုသည် တစ်ကမ္ဘာလုံးထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းရှိပါသည်။ လွန်ခဲ့သောနှစ်များအတွင်းတွင် တရုတ်နိုင်ငံ၏ မြေရှားသတ္တုစက်မှုလုပ်ငန်း ကြီးမားလာခဲ့ပြီး ဈေးကွက်မှာလည်း တစ်ဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ ပါသည်။ နိုင်ငံပိုင် ၊ ပုဂ္ဂလိကပိုင်၊ နိုင်ငံခြားသား ပိုင်သော လုပ်ငန်းများ အတူယှဉ်တွဲလုပ်ကိုင်ကြပြီး မြေရှားသတ္တုဈေးကွက်ကြီးတစ်ခု လုံး၏ တန်ဖိုးမှာလည်း တရုတ်ယွမ်ငွေ ၁၀၀ ဘီလီယံခန့်ရှိ လာပါသည်။
တရုတ်နိုင်ငံ၏ မြေရှားသတ္တုစက်မှုလုပ်ငန်း အလျင်အမြန် တိုးတက်လာမှုသည် ပြည်တွင်း လိုအပ်ချက်ကို ပြည့်မှီစေရုံသာမက တစ်ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်ကိုပါ ဖြည့်ဆီးပေးနိုင်ခဲ့ပါသည်။ ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို လိုက်နာခြင်း၊ မျှတသောကုန်သွယ်မှု ဖော်ဆောင်ရေးကို အရှိန်အဟုန်ဖြင့်မြင့်တင်ဆောင်ရွက်ခြင်း စသည်တို့အား တရုတ်နိုင်ငံအနေဖြင့် နှစ်အတန်ကြာဆောင်ရွက်ခဲ့ပါသည်။ တစ်ကမ္ဘာလုံး မြေရှားသတ္တုတည်ရှိမှု၏ ၂၃ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်သော တရုတ်နိုင်ငံသည် မြေရှားသတ္တုကုန်ကြမ်းလိုအပ်ချက် ၉၀ ရာခိုင်နှုန်းကို ကမ္ဘာတ၀ှမ်းသို့ ထောက်ပံ့ပေးပြီး ၄င်းမြေရှားသတ္တုများကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ သံလိုက်များ၊ အလင်းပေးကိရိယာများ၊ ဟိုက်ဒရိုဂျင်သိုလှောင်ရေးကိရိယာများနှင့် အရောင်တင်ပစ္စည်းများကဲ့သို့ ကုန်ချောများအဖြစ် ထုတ်လုပ်ရာတွင် တစ်ကမ္ဘာလုံးထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းရှိပါသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အဆင့်မြင့်နည်းပညာ သုံးစက်မှုလုပ်ငန်းများအတွက် လိုအပ်သော NiMH ဘက်ထရီများ၊ သေးငယ်သောလျပ်စစ် မော်တာများ၊ စွမ်းအင်ချွေတာမီးသီးများကဲ့သို့ ပစ္စည်းများနှင့် အစိတ်အပိုင်းများစွာကို တရုတ်နိုင်ငံ၏ မြေရှားသတ္တုများမှ ထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။သို့သော်လည်း တရုတ်နိုင်ငံ၏မြေရှားသတ္တုစက်မှု လုပ်ငန်းသည် လျင်မြန်စွာတိုးတက်လာခဲ့ သော်လည်း ပြဿနာ များစွာနှင့် ရင်ဆိုင်နေရပါသည်။

မြေရှားသတ္တုအရင်းအမြစ်များအား အလွန်အကျွံထုတ်ယူသုံးစွဲခြင်း
----------------------------------------------------------------------
----------------------------------------------------------------------
မြေရှားသတ္တုများသည် နှစ်ပေါင်း ၅၀ ကျော်အောင် အလွန်အကျွံတူးဖော်ပြီးနောက် အရန်တည်ရှိမှုနှင့် ထောက်ပံ့ပေးနိုင်မှု အခြေအနေသည် ကျဆင်းလာခဲ့ပါသည်။ အဓိကတူးဖော်သည့် မိုင်းတွင်းနေရာများတွင် မြေရှားသတ္တုအရင်းအမြစ်များ လျော့နည်းလာခဲ့ပြီး မူလအရင်းအမြစ် နေရာအများစုတွင် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်ပါသည်။ ဘာအိုတူးဒေသတွင် မြေရှားသတ္တုမူလပမာဏ၏ သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ပြီး တောင်ပိုင်းဒေသများတွင်လည်း လွန်ခဲ့သောနှစ် ၂၀ ခန့်က အချိုး ၅၀ ရာခိုင်နှုန်းခန့် သာပါဝင်ခဲ့သော အိုင်ယွန်းသဏ္ဌာန်ရှိသော (Ion-absorbtion) မြေရှားသတ္တုသည် ယခုအခါတွင် ၁၅ ရာခိုင်နှုန်းခန့် သာကျန်ရှိတော့ပါသည်။
ထို့ပြင် တရားမ၀င်မိုင်းတူးဖော်မှု လုပ်ငန်းများကြောင့် ဒေသအတွင်းရှိအရင်းအမြစ်များ ကုန်ခမ်းသွားစေပါသည်။ တရုတ်နိုင်ငံ တောင်ပိုင်း အိုင်ယွန်းအသွင်သဏ္ဌာန်ရှိ မြေရှားသတ္တုမိုင်းများတွင် အရင်းအမြစ်၏ ၅၀ ရာခိုင်နှုန်းခန့် ကိုသာ ထုတ်ယူသုံးစွဲ ထိန်းသိမ်းထားနိုင်ပြီး ဘာအိုတူဒေသတွင်မူ ၁၀ ရာခိုင်နှုန်းခန့်သာ ထုတ်ယူသုံးစွဲနိုင်ပါသည်။
မြေရှားသတ္တုထုတ်လုပ်ခြင်းသည်သဘာဝပတ်ဝန်းကျင်အားပြင်းထန်စွာထိခိုက်စေခြင်း
======================================================
======================================================
အဆင့်မမီသောမြေရှားသတ္တုတူးဖော်၊ သန့်စင်၊ ထုတ်လုပ်ရေးလုပ်ငန်းနည်းစနစ်များသည် စိုက်ပျိုးရေး၊ မြေဆီလွှာ၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေခြင်းနှင့် အက်စစ်ယိုစိမ့်မှုများအား ဖြစ်ပေါ်စေပြီး အသီးအနှံထုတ်လုပ်မှု လုပ်ငန်းများကိုပါ လျော့ကျစေပါသည်။ ယခင်ကခေတ်မမီတော့သည့် ဒြပ်သတ္တုများအား ရေတွင်ပျော်ဝင်စေပြီး စစ်ထုတ်သည့်နည်းစဉ် Tank Leaching and Heap Leaching နည်းစနစ်များကို အလယ်အလတ်နှင့် အသေးစားအိုင်ယွန်းအသွင်သဏ္ဌာန်ရှိသော မြေရှားသတ္တုထုတ်ယူရေးတွင် အသုံးပြုခဲ့သောကြောင့် မြေရှားသတ္တုအောက်ဆိုဒ် ၁ တန် ထုတ်ယူတိုင်းတွင် အညစ်အကြေးတန်ချိန်ပေါင်း ၂၀၀၀ ခန့်ထွက်ပေါ်လာခဲ့ရပါသည်။
ထို့ကြောင့် ပိုမိုအဆင့်မြင့်သော (In-sithu Leaching) နည်းစနစ်အား အသုံးပြုခဲ့သော်လည်း အမိုနီယမ်နိုက်ထရိုဂျင်များ၊ သတ္တုလေးများ ၊ အခြားအညစ်အကြေးများစွာ ထွက်ပေါ်လာ သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ပျက်ဆီးခြင်း၊ ရေမျက်နှာပြင်ညစ်ညမ်းခြင်း၊ မြေအောက်ရေနှင့် လယ်ယာမြေပျက်စီးခြင်းတို့ ဖြစ်ပေါ်လာရပါသည်။ အပေါ့စားမြေရှား သတ္တုမိုင်းတွင်းများတွင် သတ္တုအရည်ကျိုခြင်းနှင့် ခွဲခြမ်းခြင်းလုပ်ငန်းစဉ်များကြောင့် အန္တရယ်ရှိနိုင်သော ဓာတ်ငွေ့များ၊ အမိုနီယမ်နိုက်ထရိုဂျင် ပါဝင်မှုနှုန်း များပြားသော စွန့်ပစ်ရေများနှင့် ရေဒီယို သတ္တိကြွစေသော ပစ္စည်းများထွက်ပေါ်လာရပါသည်။ ထို့ပြင် အချို့နေရာများ၌ မြေရှားသတ္တုမိုင်းတွင်း များ အလွန်အကျွံတူးဖော်လုပ်ကိုင်ခြင်းကြောင့် မြေပြိုခြင်း၊ ပြင်းထန်သည့် မတော်တဆမှုများကြောင့် လူတို့၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှုကိုအကြီးအကျယ် ထိခိုက်စေသည့်အပြင် သဘာဝပတ်ဝန်း ကျင်ကိုလည်း ထိခိုက်ပျက်စီးစေပါသည်။ သို့ဖြစ်ပါသောကြောင့် မြေရှားသတ္တုထုတ်လုပ်ရေး နေရာများ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ချို့ယွင်းချက်ရှိသောစက်မှုလုပ်ငန်း
------------------------------------
------------------------------------
တရုတ်နိုင်ငံ၏ မြေရှားသတ္တုထုတ်လုပ်ရေးစက်မှုလုပ်ငန်းသည် အခြားစီးပွားရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်လျင် သေးငယ်သော အဆင့်တွင်သာရှိနေပါသည်။ ဤစက်မှုလုပ်ငန်း၌ ကိုယ်ပိုင်စည်းမျဉ်း ပြဌာန်းခြင်းများ အားနည်းပြီး မကောင်းသော ယှဉ်ပြိုင်မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ တည်ရှိနေပါသည်။
ပစ္စည်း၏အသုံးဝင်မှုတန်ဖိုးနှင့်ပေးရသောဈေးနှုန်းတို့အကြားကြီးမားသောကွာခြားမှု
-------------------------------------------------------------------------------------
-------------------------------------------------------------------------------------
မြေရှားသတ္တုများ၏ ရှားပါးမှုနှင့် သဘာဝပတ်ဝန်းကျင်ကို အထိအခိုက်ခံပြီး ထုတ်ယူခဲ့ရခြင်းဟူသော အချက်များကို လျစ်လျူရှုလျက် မြေရှားသတ္တုထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ နိမ့်ကျလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ၂၀၁၀ ခုနှစ်၏ ဒုတိယနှစ်ဝက်ကာလကတည်းက မြေရှားသတ္တုထုတ်ကုန်ပစ္စည်းများဖြစ်သော ရွှေ၊ ကြေးနီ၊ သံတို့နှင့် နှိုင်းယှဉ်ပါက ¤င်း၏ ဈေးနှုန်းမြင့်တက်မှုသည် နိမ့်ကျလျက်ရှိနေပါသည်။ ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ မြေရှားသတ္တုထုတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်းမြင့်တက်မှုသည် ၂.၅ ဆသာရှိခဲ့ပြီး ရွှေ၊ ကြေးနီ၊ သံတို့၏ ဈေးနှုန်းမြင့်တက်မှုမှာ ၄ .၄၊ ၄ .၁ နှင့် ၄ .၈ ဆအထိ ရှိခဲ့ပါသည်။
မြေရှားသတ္တုများအားမှောင်ခိုရောင်းဝယ်ဖောက်ကားခြင်း
---------------------------------------------------------------
---------------------------------------------------------------
ပြည်တွင်းနှင့်နိုင်ငံတကာ လိုအပ်ချက်များ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ဈေးကွက်များသို့ မြေရှားသတ္တုပစ္စည်းများ မှောင်ခိုရောင်းဝယ်ဖောက်ကားခြင်းအား တရုတ်အစိုးရမှ အဓိကရာဇ၀တ်မှုအဖြစ် သက်မှတ်နှိမ်နှင်းနေသော်လည်း ယင်းကိစ္စသည် ပြဿနာတစ်ရပ် အဖြစ်တည်ရှိနေဆဲဖြစ်ပါသည်။ တရုတ်နိုင်ငံမှ စာရင်းဇယားမရှိ မှောင်ခိုတင်ပို့မှုများကြောင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ ၃ နှစ်ကြာ စစ်တမ်းကောက်ယူရာတွင် တရုတ်ကာစတန်များ၏ စာရင်းနှင့် နိုင်ငံခြားတိုင်းပြည်များ၏ စာရင်းမှာ ကွာဟမှုရှိနေကြောင်းတွေ့ရှိရပါသည်။ တရုတ်နိုင်ငံမှ မြေရှားသတ္တုများ နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ စာရင်းများထက် ၂၀၀၆ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်း၊ ၂၀၀၇ ခုနှစ်တွင် ၅၉ ရာခိုင်နှုန်း၊ ၂၀၀၈ ခုနှစ်တွင် ၉၆ ရာခိုင်နှုန်းပိုမိုတင်သွင်းခဲ့ကြောင်း နိုင်ငံခြားတိုင်းပြည်များ၏ စာရင်းများက ဖော်ပြနေပါသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားကာစတန်များ၏ စာရင်းသည် တရုတ်ကာစတန်များ၏ စာရင်းထက် ၁ .၂ ဆ ပိုမိုများပြားနေကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် တရုတ်နိုင်ငံ၏မြေရှားသတ္တုစက်မှုလုပ်ငန်းတိုးတက်ဆောင်ရွက်ရာတွင် အဓိကပြဿနာ များကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ၂၀၁၂ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံမြေရှားသတ္တု စက်မှုလုပ်ငန်းအဖွဲ့ကြီးကို တရားဝင်တည်ထောင်ခဲ့ပါသည်။ ၄င်းအဖွဲ့အနေဖြင့် ကိုယ်ပိုင်စည်းကမ်း ဥပဒေများ တိုးမြင့်ပြဌာန်းခြင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စတို့တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု မျော်လင့်ရပါသည်။
တရုတ်နိုင်ငံမှ မြေရှားသတ္တုအရင်းအမြစ်များအား ချင့်ချင့်ချိန်ချိန်သုံးစွဲခြင်းနှင့် ထိရောက်စွာ ကာကွယ်ထိန်းသိမ်းခြင်း
----------------------------------------------------------------------------------
----------------------------------------------------------------------------------
မြေရှားသတ္တုများသည် ပြန်လည်ပြည့်ဖြိုးမြဲသဘာဝအရင်းအမြစ် မဟုတ်သောကြောင့် မြေရှားသတ္တုများအား စနစ်တကျထုတ်ယူသုံးစွဲရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းသိမ်းရန် လိုအပ်ပေသည်။ ၁၉၉၁ ခုနှစ်တွင် အိုင်ယွန်းအသွင် ဖြစ်နေသော မြေရှားသတ္တု များအားထိန်းထိန်းသိမ်းသိမ်း ထုတ်ယူသုံးစွဲခြင်းကို ပြဌာန်းခဲ့ပြီး စီမံကိန်းချမှတ်ကာ သတ္တုတူးဖော်ခြင်း၊ အရည်ကျိုခြင်း၊ သန့်စင်ခြင်း၊ ရောင်းချခြင်း၊ တင်ပို့ခြင်းစသည့် လုပ်ငန်းစဉ်အားလုံးကို အစိုးရမှ ထိန်းချုပ်ဆောင်ရွက်ပါသည်။
၂၀၀၈ ခုနှစ်တွင်အစိုးရမှ (၂၀၀၈ မှ ၂၀၁၅ ) သတ္တုတွင်းထွက်အရင်းအမြစ်များဆိုင်ရာ နိုင်ငံတော်အစီအမံကို ပြဌာန်းထုတ်ပြန်ခဲ့ပြီး ၄င်းသည် အစီအစဉ်အတိုင်းထိန်းချုပ် ဆောင်ရွက်ခြင်း၊ စနစ်တကျကန့်သတ်ထုတ်ယူသုံးစွဲခြင်း၊ ထုတ်လုပ်ခွင့်ရရန် တင်းကျပ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် အသုံးချခြင်းနှင့် ထိန်းထိန်းသိမ်းသိမ်း ထုတ်ယူသုံးစွဲရမည်ဟု အစိုးရမှသတ်မှတ်ထားသော သီးခြားသတ္တုအရင်းအမြစ်များ ကိုသာထုတ်ယူခြင်း စသည့်အချက်များ အား အလေ့အကျင့်ပြုလုပ် လိုက်နာဆောင်ရွက်သွား စေပါသည်။
၂၀၀၉ ခုနှစ်တွင် ထိန်းထိန်းသိမ်းသိမ်း ထုတ်ယူသုံးစွဲရမည်ဟု အစိုးရက သတ်မှတ်ထားသော သီးခြားတွင်းထွက်သတ္တုတွင်းထွက်များအား ရှာဖွေခြင်း၊ တူးဖော်ခြင်းတို့နှင့် ပတ်သက်၍ မှတ်ပုံတင်ပေးခြင်း စစ်ဆေးခြင်း၊ အတည်ပြုခြင်း စသည့်လုပ်ပိုင်ခွင့်အာဏာများကို အစိုးရမှ ပြန်လည်ရယူပါသည်။

၂၀၁၁ ခုနှစ်တွင် မြေရှားသတ္တုတွင်းထွက်များအပေါ် ကောက်ခံသောအခွန်နှုန်းထား တို့ကိုညှိနှိုင်းပေးခဲ့ပါသည်။ Bastnaesite နှင့် Monazite အပါအ၀င် အပေါ့စားမြေရှားသတ္တုများအတွက် ညှိနှိုင်းသတ်မှတ်ထားသော အခွန်ဈေးနှုန်းအသစ်မှာ ၁ တန်လျင် တရုတ်ယွမ်ငွေ ၆၀ ဖြစ်ပြီး Xenotime များအပါအ၀င် အလယ်အလတ်နှင့် အလေးစားမြေရှားသတ္တုများအတွက် အခွန်ဈေးနှုန်းအသစ်မှာမူ ၁ တန်လျင် ယွမ် ၃၀ ဖြစ်ပါသည်။ ၄င်းဈေးနှုန်းများသည် မညှိနှိုင်းရသေးသော ယခင်ဈေးနှုန်းများထက် ၁ တန်လျင် ၀.၄ ယွမ်မှ ၂ ယွမ်အထိ ပိုမိုပေးဆောင်ရပါသည်။
မြေရှားသတ္တုအရန် သိုလှောင်ထားရှိမှုကို အရင်းအမြစ်အတိုင်း သော်လည်းကောင်း၊ ထုတ်ကုန်ပစ္စည်းပြောင်းလဲ ထုတ်လုပ်၍သော်လည်းကောင်း သိုလှောင်ထိန်းသိမ်းထားနိုင်မည့် မဟာဗျူဟာတစ်ရပ်ကို အစိုးရမှ ချမှတ်ပြဌာန်းခဲ့ပါသည်။ ၄င်းအစီအစဉ်တွင် ပထမမိုင်းတွင်းနေရာ ၁၁ ခုအား အစိုးရအစီအမံများအတိုင်း ဆောင်ရွက်၍ အရေးကြီးမိုင်းတွင်းနေရာများကို အထူးအစီအမံများ ချမှတ် ဆောင်ရွက်ပါမည်။ မိုင်းတွင်းလုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ခွဲစေသတ်မှတ်ခြင်းတို့အား အစိုးရမှ တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့ပါသည်။ တရုတ်နိုင်ငံသည် အရေးကြီးမြေရှားသတ္တု ထုတ်လုပ်ခြင်းနေရာများ ကြီးကြပ်ကွပ်ကဲမှုကို မြင့်တင်ဆောင်ရွက်ပြီး ဥပဒေကိုချိုးဖောက်သော၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော၊ အရင်းအမြစ် နေရာများသို့ အညစ် အကြေးများကိုစွန့်ပစ်သော၊ လုံခြုံစိတ်ချမှုရှိစွာ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် အစီအမံများထားရှိခြင်း မပြုသော မြေရှားသတ္တုလုပ်ငန်းများကို စစ်ဆေးအရေးယူလျက် ရှိပါသည်။
ပညာပေးရေးနည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာတွင် တရားမ၀င် မြေရှားသတ္တုတူး ဖော်ထုတ်လုပ်နေသော လုပ်ငန်းပေါင်း ၆၀၀ ကျော်ကို စစ်ဆေးတွေ့ရှိရ၍ လမ်းကြောင်းမှန်သို့ရောက်အောင် ပြုပြင်ပေးနိုင်ခဲ့ပြီး သတ္တုတူးဖော်ရေးမိုင်းတွင်း ၁၃ တွင်းနှင့် သတ္တုအရည်ကျိုခွဲခြမ်းစိတ်ဖြာခြင်းလုပ်ငန်း ၇၆ ခုအား ထုတ်လုပ်မှုရပ်ဆိုင်းပစ်ခဲ့ရပါသည်။ ဤနည်းအားဖြင့် တရားမ၀င်တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်အား ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါသည်။

အစိုးရအနေဖြင့် မြေရှားသတ္တုဒြပ်စင်များ ထုတ်ယူသုံးစွဲမှုကို ထိန်းညှိဆောင်ရွက်ရေး၊ ပေါများစွာရရှိနိုင်သော Lanthanum နှင့် Cerium ကဲ့သို့ပေါ့ပါးသော မြေရှားသတ္တုများအား အသုံးချနိုင်မှုကို သုတေသနပြုလုပ်ရန် တွန်းအားပေးခြင်း၊ Europium နှင့် Terbium တို့ကဲ့သို့သော အလွန်ရှားပါးသည့် မြေရှားသတ္တုများနေရာတွင် အစားထိုး အသုံးပြုနိုင်သော နည်းပညာတိုးတက်ဖွံ့ဖြိုးလာစေရေးစသည့် လုပ်ငန်းများအား မြင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ အစိုးရအနေဖြင့် Niobium,Tantalum,Thorium,Strontium,Potassium နှင့် Fluorite တို့ပါဝင်သော မြေရှားသတ္တုသိုက် များအားပြန်လည်သန့်စင်အသုံးပြုသည့် လုပ်ငန်းများကိုလည်း တွန်းအားပေး ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။
ပြန်ဆိုသူ-WorldWide(BMSTU)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။