ဒီအပတ်ထုတ် တူမောရိုး ဂျာနယ်ပါ ဆောင်းပါး။
(၁၈သြဂုတ် ၂၀၁၄)
ဒီနှစ်နော်ဝေးနွေဟာ အလိုက်သိသိနဲ့ အချိန်အကြာကြီးပူနွေးပေးတယ်။ရေခဲတွေစောစောအရည်ပျော်ပြီး နွေဦးရဲ့ အနွေးဓာတ်ကို စောစောခံစားလိုက်ရတယ်။ ရာသီဥတုကောင်းတော့ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း ပိုတွေ့ရတယ်။ မြို့အလယ် ကားလ်ရိုဟန် လမ်းမမှာ တူရိယာသံတွေလွှမ်းနေတယ်။
တကိုယ်တော်လက်ဆွဲဘာဂျာကြီး တီးမှုတ်ပြီး တောင်းရမ်းနေတဲ့ ရိုမေးနီးယားလူငယ်တယောက်၊ ဂစ်တာ၊ အကော်ဒီယံ၊ထရမ်းပက် ဗုံတိုလေးနဲ့ အဖွဲ့လိုက် တီးမှုတ်သီဆိုနေတဲ့ ဂျစ်ပစီတွေကို အော်စလိုမြို့လည် ကားလ်ရိုဟန် လမ်းမပေါ်မှာ ခါတိုင်းနှစ်တွေထက်ပိုတွေ့လာရတယ်။
လာမယ့်နှစ်ဆို လမ်းဒေါင့်တွေမှာ စက္ကူကော်ဖီခွက်ချပြီး ငုတ်တုတ်ထိုင်နေတဲ့ သူတောင်းစားတွေ၊ မြို့လည်ခေါင် တံတားအောက်နဲ့ ပန်းခြံထဲတွေမှာ စီစစ် ဖယ်ရှားသွားဖို့ မနှစ်ကတည်းက မီဒီယာတွေကနေ ဘက်ပေါင်းစုံအချီအချငြင်းခုံဆွေးနွေး ဒီဘိတ်( Debate)တွေလုပ်ခဲ့ကြတယ်။ လာမယ့် နှစ် ၂၀၁၅ဆို နော်ဝေးနိုင်ငံမှာ သူတောင်းစားကင်းစင်ရေးစီမံကိန်း အကောင်အထည်ဖော်မယ့် သတင်းကြားနေရတယ်။
ရဲသတင်းမှတ်တမ်းတွေအရ နော်ဝေးတနိုင်ငံလုံးမှာ သူတောင်းစား ၅၀၀ ကနေ ၁၀၀၀ကြားရှိတယ်လို့ဆိုတယ်။ အော်စလိုမြို့တော်တခုထဲတင် သူတောင်းစား ၃၀၀ ကနေ ၄၀၀ကြားရှိသတဲ့။ အများအားဖြင့် အရှေ့ဥရောပ ကလူသိများတဲ့ ဂျစ်ပစီ လူမျိုးနွယ်စုတစုဖြစ်ပြီး သူတို့ဟာ ရိုမေနီယား၊ ဘူလ်ဂေးရီးယား နိုင်ငံကနေ ရောက်လာသူတွေဖြစ်တယ်။ ၂၀၁၂ခုနှစ် စစ်တမ်းတခုအရ သူတောင်းစား ၁၉၄ ယောက်မှာ ၁၈၇ ယောက် ရိုမေးနီးယား နိုင်ငံသားတွေလို့သိရတယ်။ အဲဒီနိုင်ငံတွေက ဆင်းရဲလွန်းလို့ ငွေတန်ဘိုးမြင့်ပြီး ချမ်းသာတဲ့ နော်ဝေးမှာ တရားမ၀င် ဖြစ်သလိုနေ၊ ဖြစ်သလိုစားပြီး လာတောင်းစားကြတာဖြစ်တယ်။ သူတို့ရဲ့ တရက်ဝင်ငွေက အနိမ့်ဆုံး ခရိုနာ ၅၀ကနေ ၂၀၀ အထိရှိတယ်။ တောင်းစားတဲ့ အလုပ်သာမက လမ်းဘေး အမှိုက်ပုံးတွေနဲ့၊ မီးရထား၊ ပန်းခြံ၊ ကားဂိတ်၊ ဘူတာရုံက အမှိုက်ပုံးတွေမှာ ဘီယာ၊ အချိုရည်ဘူးခွံ၊ ပုလင်းခွံကောက်ပြီး ၀င်ငွေရှာသူတွေလည်းရှိတယ်။ ကုန်စုံဆိုင်တွေမှာ တပ်ဆင်ထားတဲ့ အလိုအလျှောက်ပုလင်းခွံ သိမ်းတဲ့စက်တွေကနေ သူတို့အတွက်တရက် ခရိုနာ လေး၊ ငါးရာ ရတတ်တယ်။ ပွဲလန်းလေးများရှိရင် တရက်ထဲ ခရိုနာ လေး၊ ငါးထောင် မြိုးမြိုးမြက်မြက်ရတတ်တယ်။ ရသမျှကိုစုဆောင်းပြီး သူတို့နိုင်ငံဆီငွေပြန်ပို့သူတွေ၊ ကျကျနနနေထိုင်သူတွေလည်းရှိတယ်။ တချို့က သူတို့နိုင်ငံမှာ အိမ်ပိုင်၊ ခြံပိုင်၊ ကားပိုင်တွေနဲ့တဲ့..။
ရာသီဥတုကောင်းတဲ့ အခုလို နွေညတွေဆို ည ၁၂နာရီတနာရီလောက်ပဲ ခနလောက်မှောင်သွားပြီး တနေကုန်လင်းထင်းနေတော့ ဂျစ်ပစီတွေဟာ လမ်းဘေးပန်းခြံတွေ၊ တံတားအောက်တွေမှာ သီချင်းကျယ်ကျယ်ဖွင့်၊ စကားကျယ်ကျယ်ပြောပြီး ချက်ပြုတ်စားသောက်၊မူးယစ်နေတတ်တယ်။ မြို့တော်လုံခြုံ ငြိမ်းချမ်းရေးကို ထိပါးမှာ စိုးလို့ ရဲတွေက ကင်းလှည့်နေရတယ်။ အော်စလိုမြို့တော် သန့်ရှင်းရေးနဲ့ လှပသာယာရေးအတွက် တနှစ် ဒေါ်လာ ၈၂၄၀၀၀ ( ခရိုနာ ၅သန်း)အသုံးပြုရတယ်။ ခန်းနားထည်ဝါမူ့နဲ့အလှအပ တန်ဆာဆင်မှုကို နှစ်ခြိုက်တဲ့ နော်ဝေးလူမျိုးတွေအတွက် သူတောင်းစားတွေထူပြောနေတာ မနှစ်မြို့ဘူး။
တချို့သူတောင်းစားတွေက သူတို့ လိုအပ်မှတောင်းတယ်။ အရက်နဲ့ မူးယစ်ဆေးစွဲနေသူတွေပါ။ မြို့လည် လူစည်ရာဂုံးကျော်တံတားမှာ စက္ကူခွက်ကလေးရှေ့မှာချပြီး ငိုက်မြီးနေချင်နေမယ်၊ ကွေးအိပ်ချင်အိပ်နေမယ် ပါးစပ်ကပေးပါ ကမ်းပါမပြောဘူး။ ပေးချင်ပေး၊ မပေးချင်နေ၊ ငွေရရင် အရက်သောက်ချင်သောက်မယ်၊ ဆေးချချင်ချမယ်။ သူတို့မှာ ရဲကထုတ်ပေးတဲ့ လိုင်စင်ရှိတယ်။ တချို့သူတောင်းစားတွေကြတော့ သန့်သန့်ပြန့်ပြန့်ပဲ၊လူငယ်တွေ။ အမျိုးသမီးငယ်တွေကိုလည်းတွေ့ရတတ်တယ်။
ရုတ်တရက် ငွေလိုအပ်လို့လည်း ဖြစ်ချင်ဖြစ်မယ်၊ နှုတ်ကနေတောင်းမနေဘူး၊ လိုအပ်လို့တောင်းတာ။ ပေးရင် ကျေးဇူးတင်စကားပြောတယ်။ တချို့တောင်းရမ်းသူကတော့ ခွေးတကောင်နဲ့ ငုတ်တုတ်ထိုင်နေတာ၊ ခွေးကျွေးဖို့အစာလိုတာမို့ ခွေးကိုသနားပြီး ပေးကမ်းတတ်တယ်။
အဲ.တချို့ကတော့ တူရိယာလေးတွေနဲ့ တီးမှုတ်ဖြေဖြော်ပြီးတောင်းတာ။ သူတောင်းစားဆိုတာထက် မိမိတို့ကျွမ်းကျင်ရာ တူရိယာနဲ့ ဖြော်ဖြေပြီး အလှုခံသူလို့ပြောရမလားမသိ။ သူတို့က ရဲလုံခြုံရေးထောက်ခံစာပါရတယ်။ ပြီးတော့ မိမိ တူရိယာကို ပိုင်နိုင်စွာတီးခတ် ဖြော်ဖြေနိုင်သူဖြစ်ရတယ်။ ပရော်ဖက်ရှင်နယ် မဟုတ်ရင်လည်း ဂီတ၊ တူရိယာနဲ့ပတ်သက်ပြီး စနစ်တကျလေ့လာထားသူ၊ ကျောင်းဆင်းလက်မှတ်ရထားသူ၊ အသိအမှတ်ပြု ခံထားရသူဖြစ်ရမယ်။ နို့မဟုတ်ရင် ရဲက လူပုံအလည်မှာ တီးမှုတ်ခွင့်မပြုဘူး။ အများပြည်သူကို အသံနဲ့နှိပ်စက်သလိုဖြစ်နေမှာပေါ့။ သူတို့ကို ပိရိဿတ်က၀ိုင်းဝန်းကြည့်ရှုအားပေးပြီး သဘောကျရင် ပိုက်ဆံထည့်ဝင်တတ်တယ်။ တချို့က တူရိယာနဲ့မဟုတ် မိမိတို့ကျွမ်းကျင်ရာအတတ်ပညာနဲ့တောင်းတယ်၊ ဥပမာ ဆပ်ကပ်ပညာ၊ မျက်လှည့်ပညာစသဖြင့်ပေါ့..။
သူတောင်းစားနဲ့ ပတ်သက်ပြီး စာရေးဆရာကြီး ပီမိုးနင်းပြောခဲ့တာလေးမှတ်မိနေတယ်။ ဆရာကြီးက သူတောင်းစားအကြောင်းစာရေးမလို့ သေချာလေ့လာချင်တာကြောင့် သူတောင်းစားဟန်ဆောင်ပြီး တောင်းရမ်းသတဲ့။ ငွေအတော်ရတယ်ဆိုပဲ။ သူတောင်းစားလုပ်ရတာ အတော်တွက်ချေကိုက်တယ်လို့ဆိုတယ်။အင်တာဗျူးတခုမှာ သူကဘာပြောသလဲဆိုတော့ “သူတောင်းစားလုပ်ရတာ အတော်တွက်ချေကိုက်တယ်၊ ဒီအလုပ်ကို စွန့်လွှတ်ဖို့ မနည်းကျိုးစားရတယ်၊ တောင်းတဲ့အကျင့်ပါသွားနိုင်တယ်၊ လူမြင်ရင် တောင်းချင်တဲ့စိတ်ကို မနည်းမြိုသိပ်ထားရတယ်” တဲ့။
တောင်းရင်းနဲ့အကျင့်ပါသွားလို့ သူ့ရဲ့ မူလအုပ်ချုပ်ရေးအရာရှိဘ၀ကိုတောင် လက်လွှတ်လိုက်တဲ့ အိန္ဒိယနိုင်ငံ အူတာပရာဒေ့ခ်ျပြည်နယ်က သူတောင်းစားတယောက်အကြောင်းလည်းကြားဖူးတယ်။ ငွေစာရင်းကွာဟမှုကို မဖြေရှင်းနိုင်တဲ့အဆုံး တခြားပြည်နယ်တခုမှာတိမ်းရှောင်နေထိုင်ရင်းငွေပြတ်လပ်လို့ ကြံရာမရတာနဲ့ တကြိမ်လောက် လမ်းဘေးထိုင် တောင်းစားလိုက်တာ အံ့သြစရာကောင်းတဲ့ ၀င်ငွေတွေရတာကြောင့် တောင်းရမ်းစုဆောင်းရာက မိမိ မိသားစုကိုပါထောက်ပံ့နိုင်တဲ့သတင်းပါ။ အိန္ဒိယမှာ သူ့လိုပဲ မုဆိုးမတယောက်ဟာ တောင်းရမ်းစားရင်း ငွေတိုးချေးစားအလုပ်ပါတွဲလုပ်နေတယ်ဆိုတဲ့သတင်းကြားဖူးတယ်။
မြန်မာပြည်မှာလည်း သူတောင်းစားတွေတခြားနိုင်ငံနဲ့စာရင် တောင်းစားတာချင်းတူပေမယ့် ဂုဏ်သိက္ခာချင်းကွာခြားတာကိုသတိထားမိတယ်။ မြန်မာသူတောင်းစားတွေက ပိုပြီးလုံ့လစိုက်တတ်တယ်။ “ သနားကြပါ၊ စားရမဲ့ သောက်ရမဲ့ဘ၀ပါ၊ အကိုကြီးတို့ အမကြီးတို့ ပေးကမ်းမှ အသက်ရှင်ရမယ့်ဘ၀ပါ” ဆိုပြီး ခလေးတွဲလောင်းနဲ့ အော်ဟစ်တောင်းရမ်းသံတွေဟာ စိတ်မချမ်းသာစရာပါ။ ဒီလိုအော်ဟစ်မှ ပေးမယ့်သူကလည်း ပေးကမ်းမှာမဟုတ်လား။ ခြေလက်အင်္ဂါကောင်း၊ သပ်သပ်ယပ်ယပ်နဲ့ ငိုက်မြီးနေတဲ့ အော်စလိုက သူတောင်းစားပုံစံနဲ့ဆို မြန်မာပြည်မှာ ဖနောင့်နဲ့အပေါက်ခံရမလားမသိ။ သူတောင်းစားမာနနဲ့ပတ်သက်ပြီး ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ၀တ္တုတိုလေးတပုဒ်ခတ်ရေးရေးမှတ်မိနေတယ်။ သူတောင်းစားက လဘက်ရေဆိုင်မှာ လာတောင်းတော့ “ ရှေ့ကကွင်းကို တပတ်ပြေးပါ၊ ငါးကျပ်ပေးမယ်” လို့ပြောတော့ သူတောင်းစားပြန်ပြောလိုက်တယ် “ ပိုက်ဆံမပေးချင်နေပါ၊ မပြေးနိုင်ဘူး၊ ကျနော့်အလုပ်က ပြေးရတဲ့ အလုပ်မဟုတ်ဘူး၊ တောင်းရမ်းတဲ့ အလုပ်ပါ၊ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ပါရစေ” တဲ့။ ၀တ္တုဆရာက ကိုယ့်နဲ့ဆိုင်တဲ့ ကိုယ့်အလုပ်ကိုသာမမှိတ်မသုံဆက်လုပ်ပါ ဆိုတဲ့ အချက်ကို အဓိက ပြောလိုဟန်တူပါတယ်။
၁၉၈၈ ဒီမိုကရေစီအုံကြွမှုဖြစ်ရတဲ့ အခြေခံအကြောင်းအရင်းတွေထဲမှာ ထိုစဉ်က မဆလပါတီက နိုင်ငံခြားကြွေးမြီတွေကိုမဆပ်နိုင်လို့ ကြွေးမြီအသစ်ရအောင် တိုင်းပြည်ကို ဒေ၀ါလီခံလိုက်တာကလည်း အချက်တချက်ဖြစ်တယ်။ တိုင်းပြည်ဂုဏ်သိက္ခာကျလို့ ပြည်သူ့ဒေါသထန်ခဲ့တယ်။
၂၀၁၃ခုဖေဖ၀ါရီလက သမတဦးသိန်းစိန် နော်ဝေးနိုင်ငံကိုရောက်လာပြီး စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလကနေ သူ့အစိုးရတက်တဲ့အထိ တင်ရှိနေတဲ့ ကြွေးမြီဒေါ်လာ သန်းပေါင်း ၆ထောင်ကိုပြန်မဆပ်နိုင်တာကြောင့်အားလုံးကို လျှော်ပေးဘို့ မေတ္တာရပ်ခံခဲ့တယ်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ပေးမယ်၊ နောက်ကြောင်းပြန်မလှည့်စေရဘူး ဆိုတဲ့အာမခံဂတိတွေပေးခဲ့တယ်။ နောက်ဆုံး အကြွေးကျေသွားလို့ ADB ကနေ ၀.၀၁ရာခိုင်နှုံးအတိုးနဲ့ အကြွေးတွေပြန်ယူနေတယ်။ နောင်အနှစ် ၄၀ကျမှ ပြန်ဆပ်ရမယ်လို့ သမတဦးသိန်းစိန်ကပြောသွားတယ်။
အစိုးရအဆက်ဆက်တင်ခဲ့တဲ့ ဒေါ်လာ သန်း၆ထောင်ကို မဆပ်နိုင်ပေမယ့် ယခင်တိုင်းပြည်ကို ခေါင်းဆောင်ခဲ့သူတွေ၊ ဗိုလ်ချုပ်ဟောင်းတွေနဲ့ ခရိုနီတွေကတော့ ငွေမဲကနေ အဖြူပြောင်းလိုက်တဲ့ ဒေါ်လာဘီလျှံသန်းထောင်နဲ့ချီ ရှိနေပါတယ်။
သူတောင်းစားဆိုတာ သူတပါးကိုအမှီသဟဲပြု၊တောင်းခံပြီးမှ ကိုယ့်ဘ၀ရပ်တည်နေထိုင်သူလို့ အဓိပ္ပါယ်ဖွင့်မယ်ဆို လတ်တလော ကျနော်တို့ နိုင်ငံမှာ အစိုးရကအစ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းတချို့ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲ။ ဆရာကြီးပီမိုးနင်းပြောသလို အမြဲတောင်းရမ်းချင်စိတ်နဲ့ အကျင့်ပါနေတဲ့ သူတောင်းစားလိုဖြစ်နေပြီလား။ မိမိကျွမ်းကျင်မှုကိုပြသပြီးပရော်ဖက်ရှက်နယ်လ် ဂုဏ်သိက္ခာနဲ့အညီတောင်းခံတဲ့ အလှုခံသူအဆင့်ကို မရောက်နိုင်တော့ဘူးလား။ တိုင်းပြည်ဟာ “ အကိုကြီးတို့ အမကြီးတို့ ပေးကမ်းစွန့်ကြဲမှ စားရမယ့်၊ သောက်ရမယ့်ဘ၀ပါခင်ဗျား”ဆိုပြီး ပတ်ဝန်းကျင်ကကြားရသူတိုင်းစိတ်မချမ်းသာအောင် လူမမယ်ခလေးကို အော်ဟစ်ပြသတောင်းရမ်းသူနဲ့တူနေပြီလား။ ကျနော်တို့ပြည်သူတွေ ဂျစ်ပစီတွေလို ခြေတလုံးအိမ်တိုင်ဘ၀နဲ့ လှည့်လည်သွားလာတောင်းရမ်းသူတွေနဲ့ တူနေပြီလား.။
သူတောင်းစားဘ၀က လွတ်လမ်းမရှိတော့ဘူးလား..။
ကိုညို( အော်စလို)
၁၄သြဂုတ် ၂၀၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။