ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ‘၂၁ရာစုသားတရားစီရင်ခန်း’ ဇာတ်ကားကို ကျော်ရဲအောင်၊ပြေဇင်၊ စိုးမြတ်သူဇာ၊ ဆုရွှန်းလဲ့တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဇာတ်ကား အမည်လေးက အသစ်အဆန်းလေးဖြစ်တဲ့ အတွက် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က အရင်တုန်းက မဟောသဓဇာတ်တော်ထဲက ဘီလူးမကြီးနဲ့ ကလေးအမေသားတရား စီရင်ခန်းမှာဆိုရင် ဘီလူးမက ကလေး အသားစားချင်လို့ ကလေးကိုလုယူတာဖြစ်ပြီး အခု ရိုက်တဲ့ဇာတ်ကားမှာ ကျတော့ ဒီဘက် ခေတ်မှာတော့ အဲဒီလိုမျိုးစိတ်နဲ့ သားတရားစီရင်တာမျိုး မဟုတ်ပါဘူးဆိုတဲ့ မက်ဆေ့(ခ်ျ)မျိုးကို ပရိသတ်ကို ပေးချင်တဲ့အတွက် မိဘမေတ္တာဖွဲ့ကို ဖော်ညွှန်းဇာတ် အနေနဲ့ ရိုက်ကူးထားကြောင်း သိရပါတယ်။
ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ကိုယ်ရိုက်လိုက်တဲ့ ဇာတ်ကားကို ကြည့်ပြီး အတုယူမမှားအောင်တော့ ကြိုးစားပြီး ရိုက်ဖြစ်တာနဲ့ပတ်သက်ပြီး..”အနုပညာ ကလည်း ကြောက်ဖို့ ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု မိန်းကလေး တော်တော်များများက ကိုယ့် မင်းသမီးတွေကအစ ကိုရီးယားကားကြည့်တယ်။ ကိုရီးယား စတိုင်နေကြတယ်။ ဘာပဲပြောပြော ဒါက အနုပညာရဲ့ ပါဝါတွေပဲလေ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ ကိုယ်ရိုက်လိုက်တဲ့ ကားကြောင့် အတုယူမှားစရာ မဖြစ်အောင်တော့ ကြိုးစားမယ်။ လူငယ်တွေနဲ့ Up to Date ဖြစ်တာမျိုးလေးတွေလည်း ရိုက်ပြချင်တယ်။ လွဲရင်လည်း လွဲသွားနိုင်တယ်။ ဒါပေမဲ့ ကောင်းတာလေး တွေကိုပဲ ရွေးပြီး အတုယူကြတာ ပိုကောင်းပါတယ်” လို့ပြောပါတယ်။
အကယ်ဒမီပွဲလည်း နီးလာပြီဖြစ်တဲ့ အတွက် ရန်ကုန်မှာပြုလုပ်မယ့် အကယ်ဒမီ ပွဲနဲ့ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က..
”အခု လက်ရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ဥက္ကဋ္ဌဖြစ်တဲ့ ကိုဇင်ဝိုင်း၊ ကိုလူမင်း၊ ကိုညီတို့အားလုံးက ဘာပဲပြောပြော ရုပ်ရှင်လောကသားတွေလည်း ဖြစ်တဲ့အတွက် လေး၊ငါး၊ခြောက်လအတွင်းမှာပဲ ကျွန်တော်တို့ လောကကြီးက ပြောင်းလဲလာတယ်။ ဒီနှစ်ကုန်မှာပဲ အကယ်ဒမီပွဲလုပ်မှာ ဖြစ်တဲ့အတွက် ပွဲတက်ဖြစ်အောင်လည်း ကြိုးစားနေတယ်။ တက်လည်း တက်ဖြစ်မှာပါ။ အရင်တုန်းက နေပြည်တော်မှာ လုပ်ဖြစ်တုန်းကတော့ ကျွန်တော်တို့ မတက်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင် အကယ်ဒမီကို ဒီလူ၊ ဒီလူပေးဆိုပြီး ဆုံးဖြတ်တဲ့သူက အနုပညာသမား မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော် မတက်ဘူး။ အခုပွဲကတော့ အကယ်ဒမီအကဲဖြတ် အဖွဲ့ထဲမှာ အနုပညာရှင်တွေ ထည့်ထားတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဒီ အနုပညာရှင်ကြီးတွေကို ဆရာလုပ်တာမျိုး မဟုတ်ပါဘူး။ ကိုယ်ချင်းစာစိတ်လေးတစ် ခုနဲ့ ကြည့်ကြဖို့တော့ လိုတယ်လို့ထင်တယ်။ အခု ပြုလုပ်မယ့် အကယ်ဒမီပွဲကတော့ အရင်ကထက်စာရင် ပိုပြီး ကောင်းသွားမယ်လို့ ထင်တယ်”လို့ပြောပါတယ်။
ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ‘အုတ်ကြားမြက်ပေါက်’ ဇာတ်ကားကို ဇန်နဝါရီလမှာ ရိုက်ကူးဖို့ တည်ထားတယ်လို့ သိရပါတယ်။ နောက်ထပ်လည်း “တို့ပိုင် တဲ့မြေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပူတာအိုမှာရှိတဲ့ ရေခဲတောင်မှာ သွားရောက် ရိုက်ကူးဖို့ရှိပြီး အဲဒီဇာတ်ကားကို ၂ဝဝ၂ခု နှစ်ကတည်းက ရိုက်ကူးဖို့ စိတ်ကူး ရှိခဲ့ပေမယ့် တခြားကိစ္စတွေကြောင့် အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ အခုရိုက်ဖို့ စိတ်ကူးတာနဲ့ဆိုရင် ၃ကြိမ်မြောက် ရိုက်ကူးဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ဒီဇာတ်ကားကို တအား အကောင်အထည်ဖော် ရိုက်ကူးချင်တာက အာဆီယံ၁ဝနိုင်ငံ ရှိတဲ့ အထဲမှာ ရေခဲတောင်ရှိတာက မြန်မာနိုင်ငံတစ်ခုထဲမှာ ရှိတာဖြစ်တာကြောင့် နောက်ပြီး နိုင်ငံတကာကို ထိုးဖောက်မယ်ဆိုရင် ဒီလိုဇာတ်ကားမျိုးက ထိုးဖောက်ဖို့ အကောင်းဆုံး ဖြစ်တဲ့အတွက် ဒီဇာတ်ကားကို မတ်၊ဧပြီလလောက်မှာ ရိုက်ကူးအကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
လွင်လွင်ထွန်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။