21 November 2012 |By Venus News Journal
နိုဝင်ဘာ ၁၁ ရက် နံနက် ပိုင်းက ပြင်းအား ၆ ဒသမ ၈ ငလျင် လှုပ်ခတ် ခဲ့သည့် အချိန် အတွင်း
မန္တလေးမြို့ ၂၅ ထပ် အောက်ခြေရှိ မန်းမြန်မာ ဈေးချို ပလာဇာမှ ဈေးသူဈေးသား များမှ ဆိုင်ဖွင့်လှစ် ရောင်းချခြင်း မပြု ကြတော့ဘဲ ဈေးသူဈေးသား များ၏ ဆန္ဒအရ မန်းမြန်မာဈေးချို ပလာဇာ၏ ပထမထပ်ကို တစ်ရက် ပိတ်ခဲ့ရကြောင်း ဈေးသူ ဈေးသား များကပြောကြားသည်။
ဈေးတစ်ရက် ပိတ်ရခြင်းနှင့် ပတ်သက်၍ မန်းမြန်မာဈေးချို ပလာဇာမှဈေးအကျိုးတော်ဆောင် တစ်ဦးက“ငလျင်လှုပ် တဲ့အချိန်မှာ ဈေးကဖွင့်ခါစပဲ ရှိသေးတယ်။ တချို့ဆို ဆိုင်ဖွင့်လျက်တန်းလန်းနဲ့ ဆိုင်ကို မပိတ်နိုင်ဘဲပြေးကြရတာ။ လှုပ်တာကလည်း သုံးခါလောက် ဆိုတော့ ဈေးသည်တွေက ဈေး မဖွင့်ရဲကြတော့ဘူး။ ဒါကြောင့် ဈေးသည်တွေရဲ့ဆန္ဒနဲ့အညီ ဈေးကို တစ်ရက်ပိတ်ပေးလိုက်ရတာပါ” ဟု ပြောသည်။
ငလျင်လှုပ်ပြီး အချိန်ပိုင်း အတွင်း မန်းမြန်မာ ဈေးချိုပလာဇာ က ၂၅ ထပ်တာဝါမှာ အနောက် ဘက်သို့ ယိမ်းယိုင်သွားသည်ဟု လည်းကောင်း၊ ကျောက်ထုပ်များ နိမ့်ကျသွားသည်ဟု လည်းကောင်း၊ မှန်များ အက်ကွဲသွားသည်ဟု လည်းကောင်း ကောလဟလ အမျိုးမျိုး ထွက်ပေါ် ခဲ့ပြီး ၈၄ လမ်း ပေါ်နှင့် ၂၈ လမ်းတို့တွင် ဈေးချို ပလာဇာကို လာရောက်ကြည့်ရှုသူ အများအပြား ကို တွေ့ရကြောင်း မန်းမြန်မာ ဈေးချိုပလာဇာမှ ဈေးသူ ဈေးသားများကဆိုသည်။
“ဒီ ၂၅ ထပ် ဈေးချိုပလာဇာ ဘယ်လောက်အထိ ခိုင်ခံ့ပါတယ် ဆိုတာ ဘယ်သူမှ ခုထိ အာမခံချက် မပေးနိုင်သေးပါဘူး။ အခုလှုပ်သွား တဲ့ ငလျင်ကြောင့် မန်းမြန်မာ ၂၅ ထပ် အပျက်အစီး တစ်ခုမှမရှိပါဘူး။ မှန်တွေကွဲတာက အရင်ဗုံးကွဲတုန်း ကတည်းက မှန်ကွဲတွေပါ။ ပြန်မတပ် ကြတာ။ ဒီ ၂၅ ထပ် မန်းမြန်မာကို ငလျင်ဒဏ် ၈ ဒသမ ၅ ခံနိုင်တယ် ဆိုတာ မန်းမြန်မာဘက်ကပဲ ပြော တာရှိတယ်။ တာဝန်ရှိတဲ့ အာဏာ ပိုင်အဖွဲ့အစည်းက တိုင်းထွာပြီးဘယ် လောက်ခံနိုင်မှုရှိတယ်ဆိုတာလက် တွေ့ချမပြနိုင်သေးပါဘူး”ဟုအကျိုး တော်ဆောင် ဦးဖြိုးက ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ စိုးရိမ်မှု ကင်းကင်းနဲ့အရောင်းအဝယ်လုပ် ချင်ပါတယ်။ ဟိုတစ်နေ့က ငလျင် လို အရှိန်ပြင်းပြင်းနဲ့ဘယ် အချိန် လှုပ်မလဲ ဆိုပြီး ရင်တမမနဲ့ ဈေး ရောင်းနေ ရတယ်။ ကျွန်တော်တို့ သိချင်တာ စည်ပင်သာယာက အင်ဂျင်နီယာတွေက လာစစ်ဆေး ပြီးအားလုံးသိအောင် ဘယ်လောက် ခံနိုင်မှုရှိတယ်ဆိုတာ ချပြစေချင် တယ်။ ပြီးတော့ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး အဖွဲ့လာပြီး စစ်ဆေးပေးစေချင်ပါ တယ်။ ဒါမှခိုင်ခံ့မှုဘယ်လောက် ရှိတယ်ဆိုတာသိရမှာ”ဟုမန်းမြန်မာ ဈေးချိုပလာဇာမှ ဈေးသည်တစ်ဦး ကပြောသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။