ပရိသတ်အကြိုက်ဆုံးရုပ်ရှင်
The Twilight Saga
The Twilight Saga ဆိုတဲ့ စိတ်ကူးယဉ် စွန့်စားခန်း ဇာတ်လမ်းအပိုင်းတစ်ဟာ ၂၀၁၁ခုနှစ်မှာ ပရိသတ်တွေ ကြားထဲမှာ တော်တော် ရေပန်းစားခဲ့ပါတယ်။ အပိုင်းနှစ်ကိုလည်း ၂၀၁၂ ကုန်ပိုင်းလောက်မှာ ရုံတင်သွားမှာပါ။ နိုင်ငံတကာမှာ ဒီရုပ်ရှင်ကားက အသားတင်အမြတ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ကျော် ရခဲ့တဲ့ ၀င်ငွေကောင်း ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကားကောင်းဆို စာရေးဆရာ စတက်ဖနီမေယာ တော်တာကြောင့်လည်း ပါပါတယ်။
ပရိသတ်အကြိုက်ဆုံးစာအုပ်
Breaking Dawn
မူရင်းဝတ္ထု Breaking Dawn ဆိုရင်လည်း စာဖတ်ပရိသတ်တွေရော၊ ဝေဖန်ရေးဆရာတွေပါ အကြိုက် တွေ့ခဲ့ကြလို့ နိုင်ငံ ၅၀ ကျော်မှာ ဘာသာစကား ၃၈ မျိုးနဲ့ ဘာသာပြန်ခဲ့ ကြပါသေးတယ်။ ဘယ်လောက်ထိအောင် အဲဒီစာအုပ် ရောင်းရသလဲဆိုရင် စာအုပ် ထုတ်ဝေလိုက်တဲ့ ပထမဆုံးနေ့မှာတင် စာအုပ်ပေါင်း ၃၇ သိန်းထိ ရောင်းလိုက်ရလို့ စာအုပ်သမိုင်းမှာ စံချိန်ချိုးသွားပါတယ်။ စာအုပ်ထုတ်လို့ လပိုင်းလေးပဲ ကြာသေးတယ်။ စာအုပ်ရောင်းအားက အုပ်ရေ ခြောက်သန်း ကျော်သွားပါတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ ကလေးတွေဖတ်ဖို့ အကောင်းဆုံးစာအုပ်ဆု (Children’s Book of the Year) အပြင် တခြားဆုတွေလည်း တစ်သီတစ်တန်းကြီး ရသွားတာပါ။
အောင်မြင်မှုများ ပေါင်းစည်းသွားခြင်း
The Twilight Saga: Breaking Dawn
ရုပ်ရှင်အဖြစ် ရိုက်ကူးလိုက်တော့ အောင်မြင်သွားတာကလည်း မဆန်း ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီရုပ်ရှင်မှာ ပါဝင်တဲ့သူတွေကလည်း ကမ္ဘာကျော် စူပါစတားတွေဖြစ်တဲ့ တေလာလော့တ်နာ (Taylor Lautner)၊ ရောဘတ်ပတ်တင်ဆန် (Robert Pattinson)နဲ့ ခရစ္စတင်စတူးဝပ် (Kristen Stewart)တို့ ဖြစ်နေလို့ပါပဲ။ နာမည်ကြီး သရုပ်ဆောင်တွေကြောင့် အောင်မြင်တယ် ဆိုတာထက် ဇာတ်ဆောင်တွေက ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်သွားတာရယ်၊ ဇာတ်လမ်းဇာတ်အိမ်အား ကောင်းတာရယ်ကြောင့်လို့ ပြောရပါမယ်။
ငွေကြယ်ပွင့်များနှင့် တွေ့ဆုံမေးမြန်းခြင်း
ဒီလထုတ်မဂ္ဂဇင်းမှာ ထူးထူးခြားခြား ဖြစ်သွားအောင် တေလာ၊ ရောဘတ်နဲ့ ခရစ္စတင်တို့ သုံးယောက်စလုံးကို တွေ့ဆုံမေးမြန်း ထားပါတယ်။ အဲဒီထက် ပိုထူးခြားတာက ရောဘတ်နဲ့ ခရစ္စတင်တို့က ဒီဇာတ်လမ်းနောက်ပိုင်းမှာ တကယ်တွဲဖြစ်သွားတာပါပဲ။ နာမည်ကျော် ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေးက တွေ့ဆုံမေးမြန်းတော့ သူတို့ နှစ်ဦးလုံးက ဒါကို ၀န်ခံသွားပါတယ်။
မေး။ ဘရာဇီးမှာ ပျားရည်ဆမ်းခရီး သွားတာမျိုးကို ရုပ်ရှင်ရိုက်ကူး ဖြစ်သွားပုံလေး ပြောပြပေးပါဦး။ အဲဒီလိုမျိုး ကမ္ဘာပတ်သွားရတာ သဘောကျလား။
ခရစ္စတင်။ သိပ်သဘောကျတာပေါ့။ စတူဒီယိုထဲမှာ မဟုတ်ဘဲ အဲဒီလိုမျိုး တကယ့် လူမြင်ကွင်းမှာ လျှောက်သွားပြီး ရုပ်ရှင်ရိုက်ရတာကို ကြိုက်ပါတယ်။ ဒီလို ဇာတ်လမ်းမျိုး ရိုက်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။
ရောဘတ်။ ကောင်းပါတယ်။ အများနဲ့ မတူဘဲ တမူထူးခြားသွားတာပေါ့။ ဒါပေမဲ့ ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ပြဖို့ဆိုရင်တော့ အဲဒီလို တောင်တွေကျော်၊ တောတွေဖြတ်ပြဖို့ လိုမယ်မထင်ပါဘူး။ နိုင်ငံတကာ လျှောက်ပတ်သွားဖြစ်တော့ မတူတာလေးတွေ အများကြီး တွေ့ရပါတယ်။ ဘရာဇီးမှာ ရုပ်ရှင်ရိုက်ရတာက ယူကေနဲ့ ယူအက်စ် မှာ ရုပ်ရှင်ရိုက်ရတာမျိုးနဲ့တော့ မတူဘူးပေါ့လေ။ အဲဒီလို မတူတာလေးတွေကို သဘောကျပါတယ်။ ကိုယ့်ကို လူတွေက စိတ်ဝင်တစား စောင့်ကြည့်ခံရတာကလည်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။
ခရစ္စတင်။ လူတွေက သူ့ကိုပဲ စိတ်ဝင်စားကြတာပါ။ ကျွန်မကိုတော့ စိတ်မ၀င်စားကြပါဘူးလေ။ (ရောဘတ်ကို လှမ်းစလိုက်တာပါ)
တေလာ။ ကျွန်တော်ကတော့ ဘရာဇီးကို ပါမသွားဘူးဗျ။ အဲဒီမှာ ပါသွားတဲ့လူက ကျွန်တော်နဲ့ တော်တော်တူတဲ့ လူဆိုတော့ လူချင်းမှားပြီး စိတ်ဝင်စားကြတာ နေမှာပါ။ (ရယ်လျက်) သူတို့တွေ ပြန်လာကြလို့ ကျွန်တော့်ကို ဓာတ်ပုံတွေ ထုတ်ပြတော့မှ ကိုယ်နဲ့ ချွတ်စွပ်တူတဲ့လူ ရှိမှန်းသိတော့မှ ကျွန်တော်လည်း တော်တော်အံ့သြသွားတယ်။ သူ့ကို ကင်မရာ ၀ိုင်းရိုက်ကြမှာစိုးလို့ လူမြင်ကွင်းက ရှောင်ခိုင်းထားရင် ကောင်းမယ် ထင်တယ်နော် ခရစ္စတင်။ (တကယ်တော့ တေလာနဲ့ တူတယ်ဆိုတဲ့လူက တခြားသူ မဟုတ်ပါဘူး။ တေလာကိုယ်တိုင်ပါပဲ)
ခရစ္စတင်။ အင်း…။ ဟုတ်တယ်နော်။ ဘရာဇီးမှာ တို့နဲ့ပါလာတဲ့သူက တေလာနဲ့ တော်တော်တူတဲ့ တေလာပဲနော် (တခစ်ခစ်ရယ်လျက်)
တေလာ။ ဇာတ်လမ်းထဲက အက်ဒွပ်(ရောဘတ်)နဲ့ ဘယ်လာ(ခရစ္စတင်)တို့ ပျားရည်ဆမ်းခရီး သွားတာကို ကြည့်ရတာ သိပ်ပျော်ဖို့ ကောင်းတာပဲ။ ဂျက်ကော့(တေလာ)ဆိုတဲ့ ကောင်လေးကသာ တစ်ယောက်တည်း အထီးကျန်နေတာပါ။
ခရစ္စတင်။ ကြည့်ရတာ ကောင်မလေးကို ကြေနေတဲ့ပုံပဲနော်။ (သူတို့ အချင်းချင်း စနေကြတာပါ)
မေး။ The Twilight Saga: Breaking Dawn ရုပ်ရှင်ကား ဇာတ်သိမ်း ပိုင်းရောက်တော့မယ်ထင်လား။ ဒါမှမဟုတ် ဇာတ်လမ်းချဲ့ဦးမယ် ထင်လား။
ရောဘတ်။ အင်း…။ ဇာတ်လမ်းက အောင်မြင်လာတယ်ဆိုတော့ ထပ်ချဲ့ဦးမယ်လို့ ထင်ပါတယ်။
ခရစ္စတင်။ အင်း…။ အဲဒီလိုပဲထင်တယ်။
တေလာ။ အဲဒီလိုပဲထင်တယ်။ အဓိက”ကတော့ စာရေးဆရာအပေါ်ပဲ မူတည်ပါတယ်။ သူဆက်ရေးမှ ဆက်ရိုက်လို့ရမှာလေ။
မေး။ ခရစ္စတင်က Breaking Dawn ဇာတ်လမ်းမှာ ရောဘတ်နဲ့ လက် ထပ်ပြီး ပျားရည်ဆမ်းခရီးမှာ ကိုယ်ဝန်ရသွားတယ်နော်။ ဇာတ်လမ်း ထဲမှာ အဲဒီလိုသရုပ်ဆောင်ဖြစ်သွားလို့ အပြင်မှာ ရောဘတ်နဲ့ တကယ် လက်တွဲဖြစ်သွားတယ်လို့ ထင်လား။ ဇာတ်လမ်းထဲမှာ သရုပ်ဆောင်ရတာ လက်တွေ့ဘ၀မှာ အကျိုးသက်ရောက်မှု ရှိတယ်လို့ ထင်လား။
ခရစ္စတင်။ အင်း…။ ဆိုပါတော့။ ကျွန်မအနေနဲ့တော့ သရုပ်ဆောင်ရင် ရုပ်ရှင်ရိုက်နေတယ်လို့ မခံစားဘဲ တကယ်ဖြစ်နေသလို ခံစားတာပါ။ အဲဒီအတွက် တမင်ဟန်လုပ်ပြီး နေတာမျိုးလည်း မဟုတ်ပါဘူး။ ဒီလို ဖြစ်လာအောင် လေးနှစ်လောက် လေ့ကျင့်ခဲ့ရတာပါ။ ပရိသတ်ကြီး အနေနဲ့ အနုပညာလောကသားတွေ အစွမ်းကုန်ကြိုးစားထားတဲ့ ဒီကားလေးကို ကြည့်လိုက်ရင် ဘ၀အမောတွေ ပြေသွားမှာပါ။ စိတ်ကူးယဉ် ဇာတ်လမ်းဆိုပေမယ့် တကယ့်ဖြစ်ရပ်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ယုတ္တိရှိရှိ ရိုက်ကူးထားတာပါ။ ရုပ်ရှင်ကို စာအုပ်ဖတ်နေရသလို အနုပညာ ရသမြောက်အောင် ရိုက်ကူးထားတာပါ။ သဏ္ဍန်လုပ်ရင် သရုပ်တူဖို့ဆိုတာ သဘာဝကျကျ သရုပ်ဆောင်နိုင်မှ ဖြစ်တာပါ။ ဒီသဘောတရားကို ရုပ်ရှင်ရိုက်ဖြစ်တော့မှ တကယ် နားလည်သွားတာပါ။ တစ်ခါတလေမှာ စာအုပ်ကြီးအတိုင်း လုပ်လို့ မရတာတွေလည်း ရှိတယ်။ သရုပ်ဆောင် လုပ်တယ်ဆိုတာ လူ့သဘာဝကို အနုပညာနဲ့ အလှဆင်လိုက်တာပါ။
မေး။ ရုပ်ရှင်ရိုက်တော့ ထူးထူးခြားခြား အဖြစ်အပျက်လေးတွေများ ရှိသေးလား။
ခရစ္စတင်။ ရှိတာပေါ့။ မင်္ဂလာဆောင်ခန်း ရိုက်တုန်းကလေ။ ရုပ်ရှင်ဝိုင်းတော်သား အားလုံးကို ဖုန်းတွေ ပိတ်ခိုင်းထားတယ်လေ။ ကျွန်မကိုလည်း ပြင်ပလောကကြီးနဲ့ ခဏလောက် အဆက်ဖြတ်ခိုင်းထားတယ်။
တေလာ။ အဲဒီဇာတ်ဝင်ခန်းရိုက်တော့ ဖုန်းတွေရော၊ မေးလ်တွေပါ ကျွန်တော်တို့ မသုံးရဘူးလေ။
ခရစ္စတင်။ အဲဒီတုန်းက ဓာတ်ပုံတွေသာ အင်တာနက်ပေါ် ပြန့်သွားလို့ကတော့ မလွယ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီလို မင်္ဂလာ ဇာတ်ဝင်ခန်းရိုက်ရတာ ကြိုက်ပါတယ်။
မေး။ ရုပ်ရှင်ရိုက်တော့ လူတွေဝိုင်းကြည့်ခံရတာလား။
ရောဘတ်။ လူတွေသိပ်များတဲ့ နေရာတွေမှာတော့ မရိုက်ဖြစ်ပါဘူး။
ခရစ္စတင်။ အလုပ်ထဲမှာပဲ စိတ်နှစ်ထားတော့ လူတွေဝိုင်းကြည့်တာမျိုးကို စိတ်ထဲ သိပ်မထားဖြစ်လိုက်ပါဘူး။
တေလာ။ ရုပ်ရှင်ကို သီးသန့်ရုပ်ရှင်ရိုက်ကွင်းတွေမှာပဲ အများဆုံး ရိုက်ဖြစ်တာပါ။ နိုင်ငံခြား သွားရိုက်ရတာထက်စာရင် ယူအက်စ်မှာပဲ ရိုက်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ကိုလည်း လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးထားတော့ လုပ်ရတာ ပိုအဆင်ပြေပါတယ်။
ခရစ္စတင်။ ရုပ်ရှင်ဝိုင်းတော်သားတွေကလည်း သရုပ်ဆောင်တွေကို စိတ်အနှောင့်အယှက် မဖြစ်အောင် လုပ်ပေးပါတယ်။
မေး။ ဒီရုပ်ရှင်မှာ ကိုယ့်အကြိုက်ဆုံး ဇာတ်ဝင်ခန်းကကော။
တေလာ။ တခြားဇာတ်ကားတွေဆိုရင်တော့ ကိုယ့်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေ သီးသန့် ရွေးထားတာမျိုးရှိတယ်။ ဒီရုပ်ရှင်မှာတော့ အဲဒီလိုမျိုး မရှိဘူးဗျ။ ဘာလို့လဲဆိုတော့ ဒီမှာ သရုပ်ဆောင်တဲ့ သူတွေအားလုံးက အကောင်းဆုံး ကြိုးစားထားတာတွေ ချည်းပဲလေ။ ကျွန်တော်လည်း ဒီကားမှာ အစ၊ အလယ်၊ အဆုံး အကောင်းဆုံး ကြိုးစားထားတာ။ ပြောရရင် အကုန်လုံး ကောင်းနေတော့ အကောင်းဆုံးဆိုတာ ရွေးဖို့ ခက်နေတယ်။
ခရစ္စတင်။ ကျွန်မလည်း ဒီလိုပဲရှင့်။ ဒါပေမဲ့ ရှင်တို့မဂ္ဂဇင်းက မဖြစ်မနေ ရွေးပေးပါဆိုရင်တော့ မင်္ဂလာဆောင်တဲ့ ဇာတ်ဝင်ခန်းကို သိပ်သဘောကျတယ်။ မင်္ဂလာမောင်နှံတွေကလည်း လိုက်ဖက်တယ်လေ။
ရောဘတ်။ ကလေးမွေးခန်းက ဒီရုပ်ရှင်မှာ အထူးခြားဆုံး ဇာတ်ဝင်ခန်းပဲ။ ကလေးတွေရော၊ လူကြီးတွေပါ ကြိုက်ကြမှာပါ။ ဒီဇာတ်ဝင်ခန်းမျိုးကို မဖြစ်ဖြစ်အောင် ရိုက်မယ်ဆိုပြီး ရိုက်ကြတာပါ။
ခရစ္စတင်။ ဒီကားထဲမှာ နည်းပညာဆန်းတွေနဲ့ ထူးထူးခြားခြား ဖန်တီးထားတဲ့ ဒီဇိုင်းဆန်းတွေကိုလည်း တွေ့ရမှာပါ။
ရောဘတ်။ ရုပ်ရှင်ရိုက်လို့ မဖြစ်နိုင်ဘူးဆိုတာကို မဖြစ်ဖြစ်အောင် ရိုက်ပြခဲ့တာပါ။ စာပဲဖတ်ထားရင် ဒီလိုမျိုး ထူးခြားတဲ့ ရသတွေ ခံစားလို့ မရပါဘူး။ ဒီကားက ကြည့်လို့လည်း တော်တော်ကောင်းပါတယ်။ ငွေကြေး အကျိုးအမြတ်ထက် အနုပညာကို အဓိကထားပြီး စွန့်စွန့်စားစား ရိုက်လိုက်ရတဲ့ ရုပ်ရှင်မျိုးပါ။
မေး။ ကိုယ်အကြိုက်မတွေ့တဲ့ ဇာတ်ဝင်ခန်းမျိုးကောရှိလား။
တေလာ။ ကျွန်တော့်ပုံစံ ရုတ်တရက်ပြောင်းသွားတဲ့ ဇာတ်ဝင်ခန်းကို သိပ်သဘောမကျဘူး။
ခရစ္စတင်။ ကောင်မလေးနဲ့ မတွဲရလို့ စိတ်ခုနေတာလား။
တေလာ။ မဟုတ်ပါဘူး။ အဲဒီဇာတ်ဝင်ခန်းကို ဘာလို့ရိုက်လိုက်လဲ နားမလည်နိုင်ဘူး။ တကယ်ဆိုရင် ကျွန်တော့်ဇာတ်ဝင်ခန်းအရ အခန်း ထဲဝင်ပြီး ကလေးကို သတ်ရမှာ။ ဒါပေမဲ့ ရုတ်တရက် ဇာတ်ကွက်ပြောင်းသွားတော့ ဒေါသထွက်ရတာပဲ အဖတ်တင်တယ်။
ရောဘတ်။ အဲဒါကောင်းပါတယ်။ အဲဒီလို ဇာတ်ကွက်ပြောင်းသွားတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွားတယ်။
ခရစ္စတင်။ အဲဒီကိစ္စထားလိုက်ပါတော့။
တေလာ။ ဒီကားရိုက်တော့ ဒါရိုက်တာရယ်၊ ဇာတ်ညွှန်းရေးဆရာရယ်၊ ကျွန်တော်ရယ် တော်တော် ညှိလိုက်ရသေးတယ်။ အဲဒီလို ညှိနှိုင်းဖြစ်သွားတာကလည်း ကောင်းပါတယ်လေ။
မေး။ ရောဘတ်ရဲ့ ခံစားချက်ကိုလည်း ပြောပါဦး။
ရောဘတ်။ ခပ်ရှက်ရှက်နဲ့ ၀န်ခံရရင် အင်္ကျီ ချွတ်ရတဲ့ အခန်းရောက်တော့ စိတ်ထဲ မသန့်သလိုပဲ။
ခရစ္စတင်။ ကောင်လေးက သိပ်ရိုးသားတာပဲနော်။
ရောဘတ်။ စာအုပ်ထဲကအတိုင်းဆိုရင် ကျွန်တော့်ဇာတ်ကောင်က အင်္ကျီဝတ်လေ့မရှိဘူး။ ဒီတော့ ကျွန်တော်လည်း အင်္ကျီဝတ်လို့ မရတော့ဘူး ပေါ့ဗျာ။
မေး။ ဇာတ်လမ်းထဲမှာ ကိုးရိုးကားရား ဖြစ်သွားတာတွေကော ရှိသေးလား။
ခရစ္စတင်။ ပြောရရင် ကျွန်မက ကလေးမချီတတ်ဘူးလေ။ ဇာတ်လမ်းအရ ချစ်ဖို့ကောင်းတဲ့ ကလေးကို ကျွန်မမွေးခဲ့တယ်။ ဇာတ်လမ်း သဘောအရ ကျွန်မကလေးကို အမြဲတမ်းတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ကလေးက သိပ်ထွားတော့ ချီရတာ မလွယ်ဘူးလေ။ ကလေးကို ကုပ်ပိုးပေါ်ပဲ ခွချီရမလား။ ရင်ခွင်ပိုက် ချီရမလားနဲ့ တော်တော် ကိုးရိုးကားရား နိုင်တာပဲရှင်။
ရောဘတ်။ ကလေးက ကျွန်တော့်လက်ပေါ် ရှုရှုးတောင် ပေါက်ချလိုက်သေးတယ်။
ခရစ္စတင်။ ဟုတ်တယ်နော်။ ဒါပေမဲ့ အဲဒါ တော်တော်ရယ်ဖို့ကောင်းတယ်။ ကျွန်မချီတုန်းလည်း ကလေးက ကျွန်မလက်ပေါ် ရှုရှုးပေါက်ချ လိုက်သေးတယ်။ ပြီးတော့လည်း ပြီးသွားတာပါပဲလေ။ အဲဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်ဝင်ခန်းတွေပါ။
မေး။ ကလေးနဲ့ပတ်သက်တဲ့ ဇာတ်ဝင်ခန်းတွေမှာ ကင်မရာ အထူးပြု လုပ်ချက်တွေနဲ့ ရိုက်ဖြစ် ကြသေးတယ်နော်။
ခရစ္စတင်။ အဲဒီလို အခန်းမျိုးရိုက်ရတာ မလွယ်ဘူးလေ။
ရောဘတ်။ ခရစ္စတင်အနေနဲ့ ကလေးမိခင်နေရာမှာ သရုပ်ဆောင်ရတာ ပထမဆုံးအကြိမ်ပဲလေ။
ခရစ္စတင်။ စာအုပ်ထဲမှာလည်း ကျွန်မအဲဒီအခန်းကို သဘောအကျဆုံးပဲ။ ကလေးနဲ့ သရုပ်ဆောင်ရတာ တော်တော်မလွယ်တာပဲ။
ရောဘတ်။ ကလေးကလား လုပ်ရတာလည်း လွယ်တော့ မလွယ်ဘူးနော်။
ခရစ္စတင်။ ကလေးကလည်း ငိုပဲငိုနေတယ်။ တစ်ခါတလေ ကိုယ့်မျက်နှာကို ကုတ်ခြစ်ပြီး ဆံပင်တွေ ဆောင့်ဆွဲတတ်သေးတယ်။ ကလေး ကို အဲဒီလိုမလုပ်ဖို့ ပြောနေရတယ်။ ရယ်တော့ရယ်စရာပဲနော်။ ကလေးကလည်း အခုမှ မွေးခါစ အခါလည် သားလေးပဲ ရှိသေးတာ။ စာအုပ်ထဲမှာ သရုပ်ဖော်ထားတာကလည်း တော်တော် ကောင်းတာကိုး။
ရောဘတ်။ ကလေးကို ဆံပင်တု တပ်ပေးထားသေးတယ်နော်။
ခရစ္စတင်။ ဟုတ်တယ်…။ ဟုတ်တယ်…ကလေးကို မှင်စာကလေးနဲ့ တူအောင် သရုပ်ဖော်ရတာလေ။
မေး။ ရုပ်ရှင်ရိုက်တော့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရရဲ့လား။ ဒီ ရုပ်ရှင်က ကိုယ့်ဘ၀ကို အကျိုးသက်ရောက်မှု တစ်စုံတစ်ရာများ ရှိလား။
ခရစ္စတင်။ ရုပ်ရှင်ရိုက်တုန်းက တတ်နိုင်သလောက်တော့ ဒါရိုက်တာက ကိုယ့်ကို လုပ်ပိုင်ခွင့်ပေးပါတယ်။ ဒါရိုက်တာကလည်း တခြားသူမှ မဟုတ်တာ။ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ နာမည်ကြီး ဒါရိုက်တာပဲလေ။ ဒါရိုက်တာက ကျွန်မတို့ကို သူလိုချင်တာပဲ ထိုင်နားထောင်ခိုင်းတာ မဟုတ်ပါဘူး။ ပြန်ပြောဖို့လည်း အခွင့်အရေး ပေးပါတယ်။ သမားရိုးကျ ရုပ်ရှင်ရိုက်တာမျိုးမှ မဟုတ်တာ။ ဒါရိုက်တာနဲ့ ရုပ်ရှင် ၀ိုင်းတော်သားတွေအားလုံး ညှိညှိနှိုင်းနှိုင်း ဆွေးနွေးရပါတယ်။
မေး။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကိုကော ဘယ်လိုမြင်လဲ။
ခရစ္စတင်။ ကျွန်မကတော့ အားလုံးကောင်းပြီး တော်ကြတယ်လို့ မြင်တယ်။
ရောဘတ်။ ခရစ္စတင်က ဘယ်သူ့ကိုမဆို အကောင်းမြင်တတ်ပါတယ်။
တေလာ။ ဒီရုပ်ရှင်အောင်မြင်တာ အားလုံးကောင်းလို့ပါ။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်တယ်ဗျာ။
ခရစ္စတင်။ တေလာဆို တော်ရဲ့သားနဲ့ လျှို ထားတယ်။ သူက အကလည်း တော်တယ်လေ။
တေလာ။ ဟာ… ဒီလောက်ကြီးတော့လည်း မဟုတ်ပါဘူးဗျာ။
ခရစ္စတင်။ ဟုတ်ပါတယ်။ သူက တကယ့်ကို တော်တာပါ။
ရောဘတ်။ ဟုတ်တယ်..။ ဟုတ်တယ်…။ ဒီကောင်က တကယ်တော်တာ။
ခရစ္စတင်။ သေချာစောင့်ကြည့်ရင် သူသရုပ်ဆောင်တာ ဘယ်လောက်တော်လည်း သတိထားမိကြမှာပါနော်။
တေလာ။ ဒီလောက်ပြောနေမှတော့ သူတို့ကို တစ်ခုခုလိုက်ကျွေးရတော့မယ် ထင်တယ်နော်။
(The Holy Trinity ဆိုတဲ့ တွေ့ဆုံမေးမြန်းခန်းကို ဆီလျော်အောင် ပြန်ဆိုထားတာပါ)
ကျော်မိုးဟိန်း
The Chic Magazine
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။