by မိုးကြာညို မိုး on Wednesday, October 24, 2012 at 9:36am
“ဟဲ့ ခွေး.....ရှူး .. ရှူး.....”
ခွေးဟောင်သံများနှင့်အတူ သိပ်မရင်းနှီးတဲ့
အသံတစ်ခုပါကြားလိုက်ရတော့ ပြတင်းဝမှ မျှော်ကြည့်မိသည်။
ကျောပိုးအိတ်တစ်လုံးကိုလွယ်ထားပြီး လက်ထဲမှာလဲ
စာခံရေးတဲ့ ဘုတ်ပြားတစ်ခုနှင့် အမျိုးသမီး တစ်ယောက်။မြန်မာမတစ်ယောက်ဆိုတာ သေချာပေမယ့်
ဒီမျက်နှာကိုကျွန်မသေချာမသိပါ။ နယ်စပ်မြို့ကလေးထဲက ကျွန်မတို့ မြန်မာအသိုင်းအ၀ိုင်းမှာ ဒီပုံပန်းမျိုး၊
ဒီမျက်နှာမျိုးကို မမြင်ဘူးပါ။ သေချာကြည့်လိုက်တော့ လည်ပင်းမှာ နာမည်ကဒ်ပြားတခုကို ချိတ်ဆွဲထားပြီး အကျီ င်္မှာဘောပင်
တစ်ချောင်းထိုးထားသည်။ ရုံးတစ်ရုံးမှ
ဖြစ်မည်ထင်သည်။ အမျိုးသမီးကို လမ်းထဲက ခွေးတစ်အုပ်က ၀ိုင်းထားသလိုသူ့မျက်နှာက ခွေးတွေကို တကယ်ကြောက်လန့်နေပုံပေါ်နေသည်။
ခွေးအုပ်ကလဲ တော်ရုံနဲ့ထွက်သွားမည့်ပုံမပေါ်ချေ။ ကျွန်မအတန်းထဲမှ
ကလေးတွေကိုကြည့်လိုက်တော့ သချာင်္တစ်ပုဒ်နှင့် အလုပ်ရှုပ်နေကြသဖြင့် သူ့ဆီသို့ ထွက်လာခဲ့လိုက်သည်။
ခွေးတွေကိုမောင်းထုတ်ပြီး
အစ်မဘာအကူအညီလိုလဲလို့မေးလိုက်တော့ သူ့နာမည်က ညို ဖြစ်ကြောင်း
မိတ်ဆက်သည်။ ပြီးတော့ သူသည်
နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှဖြစ်ကြောင်း၊ နယ်စပ်ဒေသရှိ မြန်မာများ၏
အခြေအနေကို လေ့လာစုံစမ်းနေကြောင်း၊
အကယ်၍ဖြစ်နိုင်မည်၊ အချိန်အနည်းငယ်ပေးနိုင်မည်ဆိုလျှင်
မေးမြန်းခွင့်ပြုပါမည့်အကြောင်း၊
နာမည်ကိုဖော်ပြမည်မဟုတ်ဘဲ အကြောင်းအရာများကိုသာ
မှတ်သားသွားမည်ဖြစ်ကြောင်း
စသည်ဖြင့်ရှင်းပြပါသည်။
ကျွန်မလည်း မကြာမှီကျောင်းဆင်းတော့မည်ဖြစ်သဖြင့်
သူ့တောင်းဆိုချက်ကိုလက်ခံလိုက်ပါသည်။
စာသင်ကျောင်းရှိရာသို့ ခေါ်ဆောင်သွားပြီး
ကော်ဖီဖျော်မည်ပြုတော့ အတင်းတားရှာသည်။
သို့သော် အချိန်ကမွန်းတည့်လုပြီ။ နေ့လည်စာလည်း
စားခဲ့ပုံမပေါ်သေးသလို သူ့မေးခွန်းတွေအတွက်
ကျွန်မလဲ အိမ်ပြန်လို့ရဦးမည်မဟုတ်သဖြင့်
ကော်ဖီနှစ်ခွက် မရ, ရအောင် ဖျော်ပြီးဧည့်ခံထားကာ
ကလေးများကျောင်းဆင်းဖို့အတွက်
ပြင်ဆင်ပေးနေလိုက်သည်။ ကလေးများနှင့်ကျွန်မကျောင်းမဆင်းခင်
စပ်ကြားအချိန်လေးမှာ သူကတော့
ကျွန်မတို့ကျောင်းသေးသေးလေးကို သေချာလှည့်ပတ်ကြည့်နေပြန်သည်။
ထိုင်းနိုင်ငံအစိုးရရော မြန်မာအစိုးရရော
တရားဝင်ခွင့်ပြုထားသည်မဟုတ်ဘဲ နယ်စပ်ဒေသမှ
ကလေးငယ်များအတွက်
လိုအပ်ချက်တစ်စုံတစ်ရာဖြည့်ဆည်းပေးဖို့ တည်ထောင်ထားသည့်
ကျောင်းလေးသာဖြစ်သည်။ စာသင်ခန်း၊
စာသင်ခုံ၊ ကျောက်သင်ပုန်းနှင့် ယုတ်စွအဆုံး မြေဖြူပင် ပြည့်ပြည့်စုံစုံမရှိလှသော ကျွန်မတို့၏ကျောင်းလေးအဖို့
အနည်းငယ်အားတုံ့အားနာဖြစ်မိသွားပါသည်။
ခေါင်မိုးအပေါက်ပေါက် နံရံအဖာဖာ ဖြစ်နေသည့်
ကျောင်းလေးကို လှည့်ပတ်ကြည့်ရင်း သူ့မျက်နှာမှာ
ဘာမှန်းမသိနိုင်သည့် အရိပ်အချို့ထင်ဟပ်နေသည်။
ပြုံးနေသယောင်ယောင် စိတ်မကောင်း သယောင်ယောင်..... ဘာများလဲ ကျွန်မတကယ်မသိပါ။
ကျွန်မနာမည်ကို မမေးမြန်းသော်လည်း ဇွန်ပွင့်
ဟူသည့်နာမည်အရင်းနှင့်ပင် မိတ်ဆက်လိုက်သည်။
အသက်မေးကြည့်တော့ ကျွန်မထက် နည်းနည်းပဲငယ်သည်။
သို့သော် သူက အစ်မဟုပင် ကျွန်မကိုခေါ်သည်။
ညီမအရင်းနှစ်ယောက်ပင် ကျွန်မကို
အစ်မဟုမခေါ်ကြတော့တာ တော်တော်ကြာခဲ့ပြီလေ။
စကားလုံးများကိုရှင်းလင်းအောင်ပြောတတ်ပြီး
ကျွန်မပြောရာမှာ မရှင်းသည်များကိုလဲ စိတ်ရှည်ရှည်နှင့်
ထပ်ကာထပ်ကာသေချာအောင်မေးမြန်းသည်။ သို့သော်
စာနာစိတ်က မျက်နှာမှာ ပေါ်နေသည်။
“အစ်မဇာတိကဘယ်ကပါလဲရှင်?”
“ကရင်ပြည်နယ်ကပါ” (ကျွန်မရဲ့ရွာနာမည်ကို
ထည့်မပြောချင်တော့ပါ။ အတိတ်ကိုမေ့ချင်လှပါတယ်)
“အစ်မ.. စိတ်မရှိပါနဲ့နော်.. ကျောင်းတက်ဖူးလား?
ဘယ်နှတန်းထိနေဖူးပါသလဲ?”
“ကျွန်မ ၈ တန်းအောင်ပြီးပါပြီ”
“အခုဒီမှာနေထိုင်ခွင့်အထောက်အထား
ဘာနဲ့နေထိုင်နေပါသလဲ? ဆိုလိုတာက
ဘတ်လား? ယာယီပါတ်စ်ပို့လား?
တောင်ပေါ်သားကဒ်လား?ဆရာမကဒ်လား? အဖွဲ့အစည်းကဒ်လား?
ဒါမှမဟုတ် ဘာကဒ်မှမရှိဘူးလားလို့ပါ”
(သူမေးတာ ဘတ်ဆိုတဲ့ အလုပ်သမားကဒ်၊
တောင်ပေါ်သားဆိုပြီး တိုင်းရင်းသားမျိုးနွယ်စုငယ်များကို
တရားဝင်နေထိုင်ခွင့်ပေးထားတဲ့ကဒ်၊
ကျွန်မတို့လို အလုပ်သမားသားသမီး စာသင်ကျောင်းလေးတွေက
ဆရာ/မတွေကို ပေးထားတဲ့ကဒ်၊ ဒါမှမဟုတ်
အဖွဲ့အစည်းကဒ်လို့ခေါ်တဲ့ နိုင်ငံရေးသမားတွေအတွက်
နားလည်မှုနဲ့ထုတ်ပေးထားတဲ့သက်သေခံကဒ်
စသည်ဖြင့် အမျိုးအစားများစွာရှိပါတယ်)
“အခုတော့ဆရာမကဒ်နဲ့ပါ.. အရင်ကတော့
ဘာကဒ်မှမရှိပါဘူး”
“ဒါနဲ့ အစ်မ မဲ့ဆောက်ကိုရောက်တာကြာပြီလား?
ဘယ်နှနှစ်လောက်ရှိပြီလဲ?”
“ကျွန်မအသက် ၁၅ နှစ်မှာ အဖေဆုံးတယ်..
အဲ့ဒီအချိန်တုန်းက ရွာရှိအရွယ်ကောင်းမှန်သမျှ တောင်ပေါ်
တက်လေ့ရှိပါတယ်။ တောင်ပေါ်တက်တယ်ဆိုတာ
ဒီဖက်ကမ်းကိုကူးတာလေ... ကျွန်မလဲ အဲဒီကတည်းက
မဲ့ဆောက်ကို ရောက်နေခဲ့တာ။ အစတုန်းက ရည်ရွယ်ခဲ့တာ
သူများလို ဈေးရောင်းဖို့ အထမ်းလိုက်ဖို့ပဲ
ရည်ရွယ်ခဲ့တာပါ။ ငွေစုပြီးတချိန်ကျရင်
ခေါက်ဆွဲဆိုင်လေး တစ်ဆိုင်လောက် တည်ပြီး အမေ နဲ့
ညီမလေး၂ယောက်ပဲရှိတဲ့ မိသားစုကို
လုပ်ကိုင်ကျွေးမွေးဖို့ပေါ့။တကယ်လည်း ကျွန်မဈေးဆိုင်မှာ
ဈေးကူရောင်းခဲ့ဖူးပါတယ်။ကားဂိတ်မှာ
အထမ်းလိုက်ခဲ့ဖူးပါတယ်။ ဆောက်လုပ်ရေးဆိုက်မှာလဲ
ဘိလပ်မြေသယ်၊ အုတ်သယ် လုပ်ခဲ့ဖူးပါတယ်... အခုဆို
ဒီရောက်နေတာ ၁၀ နှစ်ကျော်ပြီပေါ့”
“ဟုတ်ကဲ့အစ်မ... အစ်မဒီဖက်ကူးလာရတာ
စီးပွါးရေးကြောင့်လို့ ပြောရင်ရမလားဟင်?”
“ဟုတ်တာပေါ့... ရွာမှာက
လုပ်စရာအလုပ်သိပ်ရှားနေပြီလေ။ တောဆင်းဖို့လဲ အန္တရာယ်မကင်းဘူးလေ
ပြီးတော့ ဒီဖက်မှာက ရှမ်းတွေလောက်မရပေမယ့်
ရွာမှာထက်တော့ အလုပ်ရွေးစရာပေါတယ်။ နေ့စားလဲ
မဆိုးလှဘူးလေ.. လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကတောင်
တစ်နေ့ကို ဘတ် ၈၀-၁၀၀ ရပါတယ်..”
“အန္တရာယ်မကင်းဘူးဆိုတာ ဘာကိုပြောတာလဲအစ်မ...
ပြောလို့ရရင်ပြောပြပါလားဟင်?”
“အမျိုးမျိုးပေါ့ရှင်... စစ်ပွဲတွေလဲ
မငြိမ်သေးတဲ့ကာလဆိုတော့ တောဆင်းရမှာကြောက်ကြပါတယ်
..........................................”
“ဟုတ်ကဲ့ပါအစ်မ... အစ်မ ဒီဖက်မှာ
အလုပ်အကိုင်အခက်အခဲများကြုံခဲ့ဖူးတာရှိပါသလား?”
(သြော်.. မေးမှမေးတတ်ပလေတယ်...
ကျားထက်ဆိုးတဲ့ရှင်ကြီးတွေ ဒီဘက်မှာအပုံအပင်....
ရှင်ကြီးယောင်ဆောင်တဲ့ ကျားတွေလဲ
အပုံအပင်)
“ဟုတ်ကဲ့ .. ကြုံဖူးတာပေါ့”
“အဲဒါလေးတွေ အစ်မဆန္ဒရှိသလောက်
ပြောပြလို့ရမလားရှင့်”
.....................
ကျွန်မအတွေးတွေက လွန်ခဲ့သော ၁၀
နှစ်တာကာလအတွင်းသို့ ကူးခတ်လွင့်မျောရင်း ပြောပြဖြစ်ပါသည်။
...............
ရောက်ခါစတုန်းက ဆောက်လုပ်ရေးမှာ အုတ်သယ်
ကျောက်သယ်ပေါ့။ တစ်နေ့ကို ဘတ် ၆၀ ရတယ်..
နောက်တော့ ကွေ့တီယိုဆိုင်တစ်ဆိုင်မှာ စာပွဲထိုး ..
ကိုယ်လဲ ထိုင်းစကား အတော်အသင့်ရလာပြီလေ...
ဆိုင်ရှင်ရဲ့ယောက်ျားက အမြဲအရက်မူးနေတတ်သူဆိုတော့
ကိုယ်တွေကိုအမြဲ ကြမ်းကြမ်းတမ်းတမ်းခိုင်းတယ်
စကားပြောလဲအရမ်းရိုင်းတယ်..
ဆိုင်မှာတစ်လလောက်ကြာတော့ ကိုယ်သတိထားမိတာ တစ်ခုရှိလာတယ်လေ..
စာပွဲထိုးချင်းတူတူ ကိုယ်နဲ့တခြား ၃-၄ယောက်သာ
မာန်မဲခံရတာ.. ကျန်တဲ့ စားပွဲထိုးမလေး ၂-၃ယောက်ကတော့
ဘယ်တော့မှအဆူမခံရဘူး..စားပွဲထိုးဆိုပေမယ့်
ပန်းကန်ဆေးတာ ကြမ်းတိုက်တာအဆုံးကိုယ်တို့၎-၅ယောက်ပဲ
အမြဲလုပ်ရတယ်... ဟို ၃ယောက်ကတော့
ကြော့ကြော့မော့မော့လေးပဲ.. မနက်ဆိုလဲ ကိုယ်တို့ထပြီး ချက်ပြုတ်ဖို့
လုပ်ကိုင်နေချိန် သူတို့က အေးအေးဆေးဆေးပဲ...
ဆိုင်ရှင်ဈေးသွားရင် သူတို့လဲပျောက်ပြီ.. ဘယ်ရောက်လဲ
ကိုယ်မသိ.... သူတို့ ၃ယောက်က အ၀တ်အစားဆိုလဲ
ကောင်းကောင်းကန်းကန်းဝတ်နိုင်တယ်.. ကိုယ့်မှာတော့
ခပ်နွမ်းနွမ်း.. နောက်တစ်လလောက်နေတော့မှ
ကိုယ်သိလိုက်ရတယ်.. သူတို့လိုကောင်းကောင်းနေချင် ၀တ်ချင်ရင်
ဆိုင်ရှင်ရဲ့ယောက်ျားကြီးကို
အလိုလိုက်ပေးရုံပါပဲတဲ့... ထွီ... ကိုယ်ရွံလိုက်တာ..
ဘယ်လိုကောင်မတွေလဲမသိဘူး
ကိုယ့်အပေါ် လက်ရဲဇက်ရဲဖြစ်လာတဲ့
သူ့ယောက်ျားကြီးရဲ့ အပြုအမူတွေကို ကိုယ်ဘယ်လိုမှ သည်းညည်း
မခံနိုင်တော့ဘူး... ကိုယ်သူများယောက်ျားကို
ခြူစားဖို့ ၀ါသနာမပါသလို.. အဲဒီအပြုအမူမျိုးကို သိပ်ရွံတယ်..
ကိုယ်တို့ မိဘမျိုးရိုးမှာလဲ
အကျင့်သီလပျက်ဆီးတဲ့သူ
တစ်ယောက်မှမရှိခဲ့ဘူး.. ကိုယ့်အမျိုးဂုဏ်ကို
ကိုယ်ထိန်းသိမ်းရမယ်ဆိုတာ
ကိုယ်ငယ်ငယ်လေးကတည်းက မိဘတွေ ဆရာသမားတွေ သွန်သင်ခဲ့တယ်...
ကိုယ်အဲ့ဒီဆိုင်မှာ ၃ လပဲအလုပ်လုပ်ပြီး
ထွက်ခဲ့လိုက်တယ်.... ကိုယ့်ကိုပါ လက်ရဲဇက်ရဲဖြစ်လာပြီလေ..
အို... အဲဒီ အဆီပြန်နေတဲ့ မျက်နှာနီစပ်စပ်ကြီး
ကိုယ်မုန်းလိုက်တာ....
..................
တဖြည်းဖြည်းနှင့် သူ့အပေါ်ယုံကြည်မှုတိုးလာပြီး
ကျွန်မဘ၀ဖြစ်ကြောင်းကုန်စင်တွေကို
ဖွင့်ပြောမိပါတော့သည်။ ကျွန်မမှာ
ရင်ဖွင့်စရာပုဂ္ဂိုလ်တစ်ဦးမှမရှိခဲ့ဖူးပါ။
.................
ကိုယ် မဲဆောက်ကားဂိတ်မှာ ယောင်လည်လည်ဖြစ်နေတုန်း
ဆွဲခြင်းတွေရော အိတ်ကြီး၂အိတ်ရောနဲ့
မနိုင်မနင်းဖြစ်နေတဲ့ အစ်မကြီးတစ်ယောက်ကို
ကိုယ်ကူညီပြီး အုန်းဖန်ကားပေါ်တင်ပေးလိုက်တယ်..
သူက ၂၀ တန်တစ်ရွက်ထုတ်ပေးတော့
ကိုယ်ပျော်လိုက်တာလေ.. ဘာလို့လဲသိလား?
ကွေ့တီယိုဆိုင်မှာ ကိုယ်လုပ်တုန်းက အိမ်ကိုပိုက်ဆံ
သေချာစုပြီးပို့ချင်တာနဲ့ လခတစ်ဝက်တိုင်းကို
ဆိုင်ရှင်ဆီမှာကိုယ်အပ်ထားတယ်။ ၆လ တစ်နှစ်နေမှ
တလုံးတခဲတည်းထုတ်ပြီး အိမ်ကိုပြန်ပို့မယ်ပေါ့..
ဒါပေမယ့် ကိုယ့်ကိုဆိုင်မှာ ၆
လအပြည့်မလုပ်လို့ဆိုပြီး သူသိမ်းထားတဲ့ပိုက်ဆံတွေ
မထုတ်ပေးလိုက်ဘူး...
ပိုက်ဆံတွေကိုအရမ်းနှမြောပေမယ့်
သူ့ယောက်ျားကြီးရန်ကိုကြောက်လို့ ကိုယ်မြန်မြန်ပဲ ပြေးထွက်ခဲ့တာလေ
ကိုယ့်မှာ ထမင်းတောင်ဝယ်မစားနိုင်ဘဲ ရှိသမျှလေးကို
ကျစ်ကျစ်ပါအောင် လိပ်ဆုပ်လို့ အလုပ်လိုက်ရှာခဲ့တာ
အဲဒီ ၂၀ က ကိုယ့်အတွက် ထမင်း ၂ နပ်စားလောက်ခဲ့တယ်။
တကယ်တော့ အဲဒီအစ်မကြီးက ကိုယ့်ကို
သနားလို့ ၂၀ တောင်ပေးခဲ့တာပါ။ တကယ်တမ်းမှာ
ပစ္စည်းထမ်းပိုးတာ ၁၀ ပဲရတယ်ဆိုတာ ကိုယ်သိလာခဲ့တယ်..
ကားဂိတ်မှာလဲ အစပိုင်းတော့ နယ်မြေအပိုင်
ရှင်ကြီးယောင်ဆောင်ထားတဲ့ ကျားတွေက ညစ်ပတ်ခဲ့ပေမယ့်
လူတွေနဲ့ပေါင်းတတ်သင်းတတ်ပြီး
အောက်ကျို့တတ်လာတဲ့ ကိုယ် မကြာခင်မှာ အထမ်းသမဘ၀ စ လို့ရခဲ့တယ်..
ကိုယ်နဲ့ဘ၀တူ အထမ်းသမတွေ စုနေတဲ့
တဲကြီးတစ်လုံးထဲမှာလဲ တစ်ညကို ၁၀ ဘတ်နဲ့ ကျောတစ်ချစာ
နေရာရှိတယ်... အစားအသောက်ကတော့
ဖြစ်သလို ကောက်ညှင်းသက်သက်နဲ့ ပီးတဲ့အခါရှိသလို
ထမင်းလေး
ခရမ်းသီးထောင်းလေးနဲ့အူစိုရတဲ့အခါလည်းရှိခဲ့တယ်... နေပူကြဲကြဲထဲချင်းတူပေမယ့်
အုတ်သယ်တာက တနေ့ ၆၀ ဆို ၆၀ အတိအကျပဲရတယ်...
ကားဂိတ်မှာက ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက်
၁၀၀ ဆိုလဲဟုတ် ၁၂၀ ဆိုလဲဟုတ်ဆိုတော့
ကိုယ်ပင်ပန်းရကျိုးနပ်ပါတယ်.. အဲဒီအချိန် ရွာမှာကျန်ခဲ့တဲ့
ညီမလေးအကြီးက ၈တန်း အငယ်က ၆တန်းတက်နေပြီလေ..
သူတို့လေးတွေ ကျောင်းစရိတ်ကကြီးလာပြီ..
တစ်ရက်တော့ တောင်ပေါ်ကလာတဲ့
ဈေးသည်အဒေါ်ကြီးတစ်ယောက်ရဲ့ အထုပ်အပိုးတွေ လိုက်ရွက်ပေးရင်း
သူ့သမီးက မဲ့ဆောက်ဈေးမှာ
ကုန်စိမ်းဆိုင်ဖွင့်ထားတယ်.. အကူလိုတယ်... လုပ်မလားလို့မေးလာတော့
လခကိုအရင်မေးကြည့်မိတယ်.. စားရိတ်ငြိမ်း တစ်လကို
၂၅၀၀ တဲ့... မဆိုးဘူး.. တော်တော့်ကို မဆိုးတာ
ဒီမှာက ၁၀၀-၁၂၀ လောက်ရတယ်ဆိုပေမယ့် ထမင်းဖိုးကပဲ
တစ်နေ့ကို ၂၀ လောက်.. ညအိပ်ဖို့နေရာက ၁၀
ပိုအရေးကြီးတာက မိန်းကလေးတွေချည်း စုနေတဲ့
တဲပေမယ့် မလုံခြုံလှဘူး.. ပြီးတော့အရေးကြီးတဲ့တစ်ချက်က
ဘုရားစင်လေးတောင်မရှိလို့ ဘုရားတောင် ၀ ဝ
မရှိခိုးရဘူး.... တစ်နေကုန်ပင်ပန်းလာတယ်ဆိုတော့ ကိုယ်လဲ
ပုတီးတစ်ပတ်မပြည့်ခင် အိပ်ပျော် ပျော်
သွားတတ်တာကိုး.. အဲဒီအဒေါ်ကြီးကို ကိုယ်ခင်မိနေတာကြာပြီ..
ဘာလို့လဲဆိုတော့ သူက အထမ်းခပေးတဲ့အပြင် အထမ်းသမား
အထမ်းသမ တွေကို ပိုက်ဆံပေးရင်း
မေတ္တာပို့ပေးတတ်လို့..
စိတ်သဘောထားအင်မတန်ကောင်းတဲ့ပုံ ပြီးတော့ ကားမထွက်ခင်ဆိုလဲ
ပရိတ်ကြီး ၁၁ သုတ်စာအုပ်လေးဖွင့်လို့ တစ်ယောက်တည်း
ရွတ်နေတတ်သေးတယ်.. ကိုယ်ပိုက်ဆံလိုတယ်
ဆိုပေမယ့် ဘုရားတရားတော့ မမေ့ချင်ဘူး...
ဒီအဒေါ်ကြီးလို ဘုရားတရားရှိတဲ့သူရဲ့ သမီးဆိုတာလည်း
သူ့လိုပဲ ဘုရားတရား ကိုယ်ချင်းစာတရားနဲ့
ရှိမယ့်ပုံထင်ပါရဲ့လေ..သူနဲ့ အနီးကပ်အလုပ်လုပ်ရမယ်ဆို
ကိုယ်လဲ ဘုရားရှိခိုးခွင့်လေး..
ပုတီးစိတ်ခွင့်လေးရကောင်းပါရဲ့... ၀ဋ်ကြွေးကြီးလွန်းလို့ ဒီလောက်ဆင်းရဲ
ချို့တဲ့နေတာ.. ဒီဘ၀မှာ ဘုရားနဲ့ဝေး
တရားနဲ့ဝေးဖြစ်ပြီး နောက်ဘ၀အတွက် ၀ဋ်ကြွေးမရှိချင်ဘူး..
ဆိုင်မဆိုင်တော့ကိုယ်မသိပါဘူး.. ဒါပေမယ့်
ကိုယ့်စိတ်ထဲမှာ အဲလိုပဲစွဲနေတယ်
ကိုယ်ခေါင်းငြိမ့်လိုက်တယ်..
အဒေါ့်သမီးဆိုင်မှာလုပ်ပါ့မယ်လို့.....
အထမ်းသမတဲကို ကိုယ်ပြန်ပြီး ကိုယ့်ရှိသမျှ
အ၀တ်အစားလေးတွေ လွယ်အိတ်လေးထဲထည့်
ခေါင်းအုံးအနွမ်းလေးနဲ့ စောင်ပါးလေးကို
ကျွတ်ကျွတ်အိတ်တစ်လုံးထဲ ထည့်ပြီး မဲ့ဆောက်ဈေးကို
အဒေါ်ကြီးနဲ့ တူတူလိုက်ခဲ့ပါတယ်....
ကွေ့တီယိုဆိုင်မှာ အလုပ်လုပ်ဖူးပြီး ရှမ်းစကားလဲ ရနေပြီဆိုတာ့
ဈေးရောင်းဈေးဝယ် ကူညီညာလုပ်ရတာ ကိုယ့်အတွက်
မခက်ခဲလှပါဘူး.. ဒါပေမယ့် ဆိုးနေတာက...
ချစ်ခြင်းမေတ္တာဖြင့်
မိုးကြာညို
(နယ်စပ်ဆရာကြီးရဲ့မွေးနေ့မှာ
နယ်စပ်ဆောင်းပါးလေးတစ်ပုဒ်လက်ဆောင်အဖြစ်ရေးဖြစ်ပါတယ်
ဆက်ရန်ကျန်ရှိပါသေးတယ်... နယ်စပ်ဆရာကြီး ဆရာဘိုဟန်
မွေးနေ့မှာပျော်ရွှင်ပါစေ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။