ခင်ပွန်းသည်နဲ့ ဇနီးသည်ကြား အပြန်အလှန်မကြိုက်တတ်တဲ့ အကျင့်လေးတွေ
သဘာဝတရားရဲ့ ထူးခြားချက်ကတော့ အံ့ဖွယ်ပါပဲ။ ကမ္ဘာမှာရှိတဲ့ လူဦးရေသန်း (၆၀၀၀)ဟာ တစ်ယောက်နဲ့တစ်ယောက် လုံးဝမတူကြပါဘူး။ ရုပ်ရည်၊ စိတ်နေစိတ်ထား၊ အကျင့်စာရိတ္တ အားလုံးအားလုံးပါပဲ။ တူလှ တချို့ အချက်တွေလောက်ပေါ့။ ချွတ်စွပ်တူတယ်ဆိုတာမရှိသလောက် ရှားပါတယ်။ အမြွှာပူးအချင်းချင်းတောင်ချွတ်စွပ်တူတယ်ထား၊ စိတ်ဓာတ်၊ အကျင့်တွေက တခြားစီဖြစ်နေတတ်ပါတယ်။
တစ်ခုခုတော့လွဲနေမှာပါပဲ။ ဒါပေမယ့် ယောကျာ်း၊ မိန်းမ၊ ကလေး၊ လူငယ်တွေမှာ စိတ်ဓာတ်၊ အကျင့်၊ ရည်ရွယ်ချက် စတာတွေ တူနေတတ်တာတွေရှိကြတယ်။ သာမန်အားဖြင့် တူတတ်တဲ့အချက်လေးတွေပေါ့။ မိခင်အချင်းချင်း၊ သားသမီးအချင်းချင်း၊ ယောက္ခမ၊ ချွေးမ၊ ယောက်မ၊ မတ်၊ ဇနီး၊ ခင်ပွန်းအချင်းချင်း စိတ်ဓာတ်ခံယူချက်၊ ဆန္ဒအကြိုက် စတာတွေတူကြတာတွေ့ရပါတယ်။ အခု ဖော်ပြလိုတာက ခင်ပွန်းသည်က ဇနီးအပေါ် မကြိုက်တတ်တဲ့ အချက်တွေနဲ့ ဇနီးသည်က ခင်ပွန်းသည်အပေါ်မကြိုက်တတ်တဲ့ အချက်ကလေးတွေပါပဲ။
ဇနီးသည်ရဲ့ အချို့ အကျင့်၊ အချို့ လုပ်ရပ်တွေကို အများအားဖြင့် ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။ အဲဒီအချက်တွေကတော့...
ခင်ပွန်းအိမ်ပြန်လာတာတွေ့ပါလျက် အိမ်နီးချင်းနဲ့ စကားအပြောမပျက်နေတတ်တာမျိုး။
ကိုယ့်တစ်ကိုယ်ရေသန့်ရှင်မှုကို ဂရုမစိုက်တတ်တာ။
ခင်ပွန်းဘက်က ဆွေမျိုးသားချင်းတွေကို မလေးစားတာ။
ခင်ပွန်းသည်ရဲ့ အားနည်းချက်ကို သရော်လှောင်ပြောင်တာ။
ခင်ပွန်းသည်ရဲ့ ဆန္ဒကို မသိယောင်ဆောင်နေတတ်တာ။
ကာမဆက်ဆံမှုကို စိတ်မပါဟန်ပြတာ။
ခင်ပွန်းကို အရာရာမှာအပြစ်ပြောတတ်တာ။
အိမ်ထောင်သည်ပဲဆိုပြီး၊ ကိုယ့်ရဲ့ တစ်ကိုယ်ရေသေသပ်လှပမှုကို ဂရုမပြုတတ်တာ။
ခင်ပွန်းသည်ရဲ့ ၀င်ငွေ၊ လခကို အသေးစိတ်စာရင်းလိုက်မေးတာ။
သူများအိမ်လည်ဖို့ ၀ါသနာကြီးတာ။
အိမ်တွင်းအလှအပသန့်ရှင်းရေးကို စိတ်မ၀င်စားတာ။
သားသမီးရဲ့ ဝေယျာဝစ္စကို စိတ်မ၀င်စားတာ။
ကိုယ့်ဆွေမျိုးသားချင်းကို တွယ်တာလွန်းတာ။
ယောက္ခမနဲ့ ယောက်မအကြောင်း ကြံဖန်အပြစ်ပြောတာ။
ခင်ပွန်းသည်ရဲ့ ရုံး၊ လုပ်ငန်းက လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး သံသယထားတတ်တာ။
ဘာမဟုတ်တဲ့ကိစ္စအတွက် စိတ်ကောက်တတ်တာ။
သူစိမ်းတွေရှေ့ မှာ ယောကျာ်းရဲ့ အားနည်းချက်တွေ ထုတ်ဖော်ပြောတတ်တာ။
သူစိမ်းယောက်ျားတွေ၊ ခင်ပွန်းသည်ရဲ့ ယောက်ျားလေးအပေါင်းအသင်းတွေအကြောင်းကို စိတ်ဝင်တစားရှိတာ။
ခင်ပွန်းသည်ဝယ်လာတဲ့ ပစ္စည်းကို အပြစ်ရှာပြောတတ်တာ။
ခင်ပွန်းသည်ရဲ့ အ၀တ်အစားနဲ့ အသုံးအဆောင်တွေ စနစ်တကျမထားတာ။
ကိစ္စအသေးအမွှားလေးကို ပုံကြီးချဲ့ ပြီးစကားများချင်တာ။
ဇနီးမောင်နှံနှစ်ဦးကြား စိတ်ချင်းမတိုက်ဆိုင်တာကို အကြောင်းပြုပြီး မိဘတွေကိုဆွဲထည့်တတ်တာ။
ကိုယ့်မိဘဆွေမျိုးသားချင်းတွေနဲ့ဖုန်းမှာ စကားအကြာကြီး ပြောဆိုနေတတ်တာ။
ခင်ပွန်းသည်ရဲ့ မိဘဆွေမျိုးသားချင်း၊ အပေါင်းအသင်းတွေကို ကိစ္စတိုင်းမှာ စိတ်မပါ့တပါ ဆက်ဆံတတ်တာ၊ ဥပေက္ခာပြုတတ်တာ။
အမြဲတမ်းလိုလိုရောဂါ တစ်ခုခုကိုအကြောင်းပြုပြီး အိမ်အလုပ်မလုပ်ပဲ ပစ်ထားတတ်တာ။
ကိုယ့်အိမ်လာတဲ့သူတိုင်းကို ခင်ပွန်းသည်အကြောင်း မဟုတ်က ဟုတ်က အတင်းဖန်တီးပြောတတ်တာ။
အိပ်ရာထဲရောက်တာနဲ့ ခင်ပွန်းသည်တစ်နေ့လုံးလုပ်ခဲ့တဲ့အလုပ်တွေကို တန်းစီပြောခိုင်းတာ။
ရုံးက မောမောပန်းပန်းပြန်လာတဲ့ ခင်ပွန်းသည်ကို အိမ်အလုပ်ကူလုပ်ပေးဖို့ မျှော်လင့်တာ။
ကိုယ့်မိဘအိမ်နဲ့ခင်ပွန်းသည်ရဲ့ အိမ်ကို နှိုင်းယှဉ်ပြီး နှိမ့်ချပြောတတ်တာ မျိုးတွေပါပဲ။
ဇနီးသည်မကြိုက်တဲ့ ခင်ပွန်းသည်ရဲ့ တချို့ အမူအကျင့်တွေလည်း ရှိပါသေးတယ်။ အများအားဖြင့်ပေါ့လေ။....
ဇနီးသည်က အိမ်လာတဲ့ ဧည့်သည်နဲ့ ရယ်ရယ်မောမောဧည့်ခံစကားပြောတာကို ပြဿနာလုပ်တတ်တာမျိုး။
မိမိရဲ့ သူငယ်ချင်း၊ မိတ်ဆွေအပေါ် စိတ်ဝင်တစားရှိတတ်တာ။
စားတဲ့ သောက်တဲ့အခါ အသံမြည်အောင်စားတတ်တာ။
စကားပြောတိုင်း ဆဲရေးတိုင်ထွာတာ၊ ကြမ်းတမ်းတဲ့ စကားမျိုးပြောတတ်တာ၊ အော်ကြီးဟစ်ကျယ်ပြောတာ။
ဆေးလိပ်၊ စီးကရက်သောက်တတ်တာ။
အပေါင်းအသင်းကတိုက်လိုက်လို့ဆိုပြီး၊ အကြောင်းပြ အရက်သေစာသောက်တတ်တာ။
အ၀တ်အစားသေသေသပ်သပ်မ၀တ်တတ်တာ။
ဇနီးသည်ရဲ့ မွေးနေ့ကို မေ့မေ့ပျောက်ပျောက်နေတတ်တာ။
ကလေးတွေကို ဆုံးမတဲ့အခါတိုင်း လက်ပါတတ်တာ။
အိပ်နေတုန်းစကားယောင်ပြောတတ်တာ။ ဟောက်တတ်တာ။
ကိစ္စတိုင်းမှာ မိန်းမကို အပြစ်ရှာတတ်တာ။
ဖုန်းဆက်တဲ့အခါ အသံကျယ်ကျယ်ပြောတတ်တာ။
အင်္ကျီချွတ်ပြီးရင် အိပ်ရာပေါ်ပစ်တင်ထားတတ်တာ။
ခေါင်းမှာ ဆီရွှဲအောင်လိမ်းတတ်တာ။ အချို့ ကျတော့ ဆီလုံးဝမလိမ်းဘဲ ဖွာလန်ကြဲနေတတ်တာ။
ကိုယ့်ဇနီးကို ဘယ်ယောက်ျားနဲ့မဆို သ၀န်တိုတတ်တာ။
အစားအသောက်မှာ တစ်ခုခုကိုအပြစ်ရှာပြီး ချေးများတတ်တာ။
တစ်ကိုယ်ရေသန့်ရှင်မှုကို ဂရုမစိုက်တတ်တာ။
ကိုယ့်ရဲ့ အသုံးအဆောင်ပစ္စည်းကိုမဆို စနစ်တကျမထားပဲ ဇနီးသည်ကို လှမ်းလှမ်းမေးတတ်တာ။
အိမ်တွင်းရေးကိစ္စနဲ့ပတ်သက်ပြီး ဘယ်နေရာမဆို ဇနီးသည်ကိုဖက်လဲတကင်းလုပ်တတ်တာ။
ဟင်းမကောင်းတဲ့အခါ ထမင်းပန်းကန်ပစ်ပေါက်တတ်တာ။
အိမ်မှာအခမ်းအနားတစ်ခုခုလုပ်လို့ ဧည့်သည်တွေရောက်နေချိန်ကိုတောင် မထောက်ဘဲ အကြောင်းတစ်ခုခုကြောင့် ဆူညံပူညံလုပ်တတ်တာ။
ဇနီးသည်ရဲ့ လုပ်ဖော်ကိုင်ဖက် ယောက်ျားတွေရဲ့ နာမည်ကိုတောင်မကြားချင်တာ။
အကြောင်းတစ်ခုခုနဲ့ပတ်သတ်လာရင် ဇနီးသည်ရဲ့ ဆွေမျိုးသားချင်းတွေကို တန်းစီပြီးအပြစ်ပြောတတ်တာ။
ဆွေမျိုးသားချင်း( သို့ ) အပေါင်းအသင်းစုံတဲ့အခါ ဇနီးသည်ကို ရှာကြံပြီး အပြစ်ပြောတတ်တာ၊ နှိမ့်ချတတ်တာ။
အိမ်အပြင်ထွက်တော့မယ်ဆိုရင် ဇနီးသည်ကို ကိုယ့်အကြိုက်အ၀တ်အစားဝတ်ဖို့ တိုက်တွန်းတတ်တာ။
လူစိမ်းတစ်ယောက်ယောက် အိမ်လာတာတွေ့တာနဲ့ ဇနီးသည်ကို ဘုမသိဘမသိ သံသယမျက်လုံးနဲ့ ကြည့်တတ်တာ။
ဇနီးမောင်နှံအတူနေကြတဲ့အခါ ကိုယ့်ကိစ္စပြီးတာနဲ့ တစ်ဖက်လှည့်သွားပြီး ဇနီးနဲ့ ကိုယ်ဘာမှမဆိုင်သလိုနေတတ်တာ။
ကိုယ့်ရဲ့ ဆန္ဒတစ်ခုတည်းကိုသာကြည့်ပြီး ဇနီးသည်ရဲ့ စိတ်အခြေအနေကို လုံးဝထည့်မတွက်တတ်တာ။
တကယ်လို့ ဇနီးသည်မှာဖြစ်စေ၊ ခင်ပွန်းသည်မှာဖြစ်စေ အထက်ပါအကျင့်လေးတွေ ရှိခဲ့ရင် သတိလက်လွတ်မနေဘဲ ပြုပြင်လိုက်ရင်တော့ ကိုယ့်အိမ်ထောင်ရေး ပိုပြီးအဆင်ပြေသာယာပျော်ရွှင်လာမှာ အမှန်ပါပဲ။ လူငယ်မောင်မယ်တွေ ကြိုတင်သတိထားနိုင်ရင်တော့ လိမ္မာပါးနပ်တဲ့ ဇနီးလောင်း၊ ခင်ပွန်းလောင်းလေးတွေ ဖြစ်လာမှာပဲပေါ့။
(မူရင်း- IMAGE မဂ္ဂဇင်း (နီမာလာ) မှ)
2012/10/22 <kinsan.dar@gmail.com>
http://www.lubo601.com/2012/10/blog-post_5584.html#more မှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။