Bamaw Thein Pe added 3 new photos.
#ဒေါ်လာ ၂ သိန်းခွဲပေးလိုက်ရတဲ့ စကားလုံး
ကုမ္ပဏီတစ်ခုဟာ ဘဏ်ကနေ ပိုက်ဆံ ဒေါ်လာ ၂ သိန်းခွဲ ချေးတယ်။ ဘဏ်က ကျွန်တော့်ကို အကြောင်းကြားတယ်။ ကျွန်တော် အာမခံကြောင်း လက်မှတ်ထိုးပေးရင် သူတို့ကို ပိုက်ဆံ ချေးပေးလိုက်မယ်တဲ့။ ကုမ္ပဏီပိုင်ရှင်နဲ့ ရင်းနှီးတာမို့ ကျွန်တော် အာမခံကြောင်း လက်မှတ်ထိုးပေးလိုက်ပါတယ်။ ကျွန်တော်လည်း ဟီးရိုးတစ်ယောက်လို မြောက်သွားတယ်။
တစ်နှစ်မပြည့်ခင်မှာပဲ ကုမ္ပဏီက ချေးထားတဲ့ ပိုက်ဆံအားလုံးကို
ပြန်ဆပ်လိုက်တယ်။ နောက် ၆ လ အကြာမှာ အဲဒီကုမ္ပဏီဟာ ငွေရေးကြေးရေး အကျပ်အတည်း
ဖြစ်လာလို့ ဘဏ်ကို သွားပြီး ဒေါ်လာ ၂ သိန်းခွဲ ထပ်ချေးတယ်လို့ ကြားရတယ်။
ဒီတစ်ခါ ဘဏ်ကနေ ဖုန်းမလာပါစေနဲ့လို့ ဆုတောင်းမိတယ်။ အရင်တစ်ခါလို
အာမခံခိုင်းမှာကို ကြောက်လို့ပါ။ ဆုတောင်းပြည့်ပါတယ်။ဘဏ်က
ဖုန်းဆက်မလာပါဘူး။
ဒါပေမဲ့ မကြာခင်မှာပဲ ဘဏ်ကနေ ကျွန်တော့်ဆီကို အကြောင်းကြားစာတစ်စောင် ပို့လာပါတယ်။ စာထဲမှာ ရေးထားတာက အဲဒီကုမ္ပဏီဟာ ဒေဝါလီခံသွားလို့ ဘဏ်က ချေးယူထားတဲ့ အကြွေး ဒေါ်လာ ၂ သိန်းခွဲကို ပြန်မဆပ်နိုင်တော့ဘူး။ ဒါကြောင့် အာမခံတဲ့ စာကိုလက်မှတ်ထိုးထားတဲ့ ကျွန်တော်ဟာ ကုမ္ပဏီချေးထားတဲ့ ဒေါ်လာ ၂ သိန်းခွဲကို တစ်ပတ်အတွင်း ပေးဖို့နဲ့ မပေးဘူးဆိုရင် တရားစွဲမှာ ဖြစ်ပါတယ်တဲ့။
ကျွန်တော် ချက်ခြင်းပဲ ဘဏ်ကိုဖုန်းဆက်ပြီး ပြောလိုက်တယ်။
"မင်းတို့ မှားနေပြီ။ ငါ အာမခံပေးတာက ကုမ္ပဏီရဲ့ ပထမအကြိမ်ချေးငွေအတွက်ပါ။ ဒုတိယအကြိမ်ချေးငွေအတွက် ငါ အာမခံကြောင်း လက်မှတ်ထိုးမထားပါဘူးကွ"
ဘဏ်က ခုလို ပြန်ပြောပါတယ်။
"မစ္စတာရွန်၊ ခင်ဗျားလက်မှတ်ထိုးပေးထားတဲ့ စာရွက်က Continuing Guarantee အဆက်မပြတ်အာမခံပါ။ ကုမ္ပဏီက ချေးသမျှအကြိမ်အတိုင်းအတွက် အာမခံထားတာပါ။"
ကျွန်တော် ဘဏ်ကို အာမခံထားတဲ့ ပိုက်ဆံ ဒေါ်လာ ၂ သိန်းခွဲကို ပို့ပေးလိုက်ရပါတယ်။ ကျွန်တော် အဲဒီ Continuing Guarantee ဆိုတဲ့ စာလုံးကို တသက်လုံး မမေ့တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒေါ်လာ ၂ သိန်းခွဲပေးဝယ်လိုက်ရလို့ပါ။
စာချုပ်ပေါ်မှာ ရေးထားတာကို နားမလည်ဘဲ လူစွမ်းကောင်းလုပ်ပြီး အရမ်းလက်မှတ်မထိုးမိပါစေနဲ့။
ပုံမှာ ပြထားတဲ့ စီဒီခွေထဲမှာ ပါတာလေးကို ရေးပြတာပါ။
ဗန်းမော်သိန်းဖေ
၀၅-၀၇-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။