များများရယ်ကြပါ
--------------------
လေးနှစ်သား တစ်ယောက်ဟာ တစ်ရက်ကို ပျမ်းမျှ အကြိမ် ၄၀ ကျော် ရယ်တတ်တယ်။ အသက် လေးဆယ် ကျော်လူတစ်ယောက်ဟာတော့ တစ်ရက်ကို ပျမ်းမျှ လေးခါပဲ ရယ်ကြတော့ သတဲ့။
ဒါ အနောက်တိုင်းက ထုတ်လိုက်တဲ့ စစ်တမ်းကလေးပါ။ မြန်မာတွေ အတွက်ဆိုရင်တော့ ဘာသာရေးတွေ ယဉ်ကျေးမှုတွေ ရောယှက်ပါဝင်လာတဲ့ အလျောက် လူတစ်ယောက် ဟာ အရယ် အမော ပိုနည်းလာတာ သတိထားမိတယ်။
ဒါ့ကြောင့် နိုင်ငံတကာမှာ အသက် လေးဆယ်ကျော် လူကြီးပိုင်း လေးခါလောက်တော့ အနည်းဆုံး ရယ်မောနေချိန်မှာ ကိုယ်တွေဆီမှာ ရယ်ဖို့ မပြောနဲ့။ တစ်ခါ တစ်ခါ ပြုံးဖို့ ကိုတောင် ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သိက္ခာ စသဖြင့် အဘက် ဘက်ကို ချင့်ချိန်ပြီးမှ နှုတ်ခမ်းလေး တွန့်ရုံ ပြုံးနိုင်ကြတယ်။
စာရေးဆရာ နော်မန် ကာဆင်က "laughing cure" ဆိုတဲ့ သူ့ရဲ့ စာအုပ်ထဲမှာ ဒီလို ရေးသွားခဲ့ဖူးတယ်။
...
"ကျွန်တော်ဟာ လေးဖက်နာ အဆစ်ရောင် ရောဂါသည် တစ်ယောက်။ ညတိုင်း ကိုက်ခဲနေတဲ့ ဒဏ်ကြောင့် ကောင်းကောင်း မအိပ်နိုင်ခဲ့ဘူး။
နောက်ဆုံးမှာ နည်းလမ်းတစ်ခုကို သွားတွေ့တယ်။ အူတွေလှိမ့်နေအောင် ရယ်ရတဲ့ ဟာသကား တစ်ကားဟာ ကျွန်တော့်အတွက် အဖြေ ဖြစ်တယ်။ အဲသလို ကြည့်ပြီး အိပ်တဲ့ ညတိုင်း အနည်းဆုံး ၂ နာရီကျော် လောက် ဝေဒနာ ကင်းကင်းနဲ့ ပို အိပ်နိုင်လာတယ်။"
...
သုတေသီတွေကလည်း ပြောတယ်။ ရယ်မောခြင်းဟာ စိတ်ဖိစီးမှု ဟော်မုန်းတွေ ဖြစ်ကြတဲ့ ကော်တီဆိုးလ်၊ အပ်ပဲနဖရင်းနဲ့ ဒိုပါမင်း တွေကို လျှော့ကျစေနိုင်တယ်တဲ့။
ဒါတင်မက ရယ်မောလိုက်တဲ့ အခါ ကျန်းမာစေတဲ့ အန်ဒေါဖင်း ဟော်မုန်းတွေ၊ နယူရို ထရန်စမစ်တာတွေ၊ ခုခံအား တိုးပွားလာစေတဲ့ ရောဂါ တိုက်ဖျက်ရေး ပဋိ ပစ္စည်းတွေဟာ မြင့်တက်လာတယ်။
ဒါတွေကြောင့် သွေးလေ လည်ပတ်မှုဟာ ကောင်းမွန်လာတယ်။ ရောဂါတွေ လုံးဝ ပျောက်ကင်း ချမ်းသာမှု မပေးနိုင်ရင်တောင် အနည်းဆုံး အေးချမ်းမှုကို ပေးစွမ်းနိုင် လာတယ်။
ဗုဒ္ဓသက်တော် ထင်ရှား ရှိစဉ်အခါက အိန္ဒိယက လူတွေ အနေနဲ့ ရယ်နည်း ၆ နည်းကို ခေတ်ကာလ ယဉ်ကျေးမှု အလိုက် အတန်းအစား ၃ မျိုးနဲ့ ခွဲသတ်မှတ် ထားတယ်။
ပထမတန်းစား ရယ်ခြင်းဟာ "သိတ" ဆိုတဲ့ ပြုံးရုံမျှ ရယ်ခြင်းနဲ့ "ဟသိတ" ဆိုတဲ့ သွားပေါ်ရုံ ရယ်ခြင်း ဆိုတဲ့ ၂ မျိုး ဖြစ်တယ်တဲ့။
"ဝိဟသိတ" ရယ်ခြင်း ဆိုတဲ့ ညင်သာတဲ့ အသံထွက်အောင် ရယ်ခြင်းရယ်၊ "ဥပဟသိတ" ဆိုတဲ့ ဦးခေါင်း ပခုံး လက်ရုံး တွေ လှုပ်တဲ့ အထိ ရယ်ခြင်းရယ် ဆိုတာ ဒုတိယတန်းစား ရယ်နည်း တွေ ဖြစ်ကြတယ်။
"အပဟသိတ" ဆိုတဲ့ မျက်ရည်တွေ နှပ်တွေပါ ထွက်အောင် ရယ်ခြင်းရယ်၊ "အတိဟသိတ" ဆိုတဲ့ ခြေရော လက်ပါ တစ်ကိုယ်လုံး ပစ်ရမ်းပြီး ရယ်ခြင်းရယ် ဆိုတာ တတိယ တန်းစား ရယ်နည်းတွေ ဖြစ်ကြပါတယ်။
ကျန်းမာရေး ရှုထောင့်ကဆိုရင် ဒုတိယတန်းစား ရယ်နည်းဆိုတာ လောက်တော့ လူတစ်ယောက်မှာ ရှိသင့် ရှိအပ်တယ်လို့ မြင်မိတယ်။
ချုပ်ပြောရမယ်ဆိုရင် စိတ်လိုလက်ရ ရယ်မော တတ်အောင် အားထုတ်ကြစေချင်တယ်။ ပေါ့ပါးတယ်။ အာဃာတ မရှိဘူး။ တစ်ခုခုဆိုရင် ဒင်းတို့က ဒါကို ဟာသလုပ်တယ် မြင်ဖို့ထက် သူတို့ မြင်တဲ့ ဟာသ ရှုထောင့်ထဲကို အဂါရဝ မဖြစ်စေပဲ ကိုယ်လည်း လိုက်ပါ စီးဝင် လို့ ရပါတယ်။
အိုမင်းမစွမ်းတော့လို့ ရယ်မောတာ နည်းလာတယ် ဆိုတာ လူတိုင်း ကြည့်ကြတဲ့ ရှူထောင့် ဖြစ်တယ်။ ရယ်မောတာနည်းလွန်းလို့ အိုမင်းမစွမ်း ဖြစ်နေကြတယ်ဆိုရင်... မိတ်ဆွေ ဘာပြောမလဲ။
သွားတွေမကျိုးခင် အလှဆုံးပြုံးပါ။ ပါးရေ မတွန့်ခင် အားရအောင် ရယ်ကြပါ။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။