shared by knight on 24/05/17 - facebook.com - Food
ကုန်းဘောင်ကြီးကြော်ဆိုတဲ့ ဟင်းပွဲအမည်ကို ကြားဖူးကြမယ် ထင်ပါတယ်။ ဒီဟင်းပွဲရဲ့ အမည်ကို မြန်မာဆိုရင်တော့ အမျိုးမျိုးပြောလေ့ ရှိပါတယ်။ တချို့က ကုန်းဘောင်မင်းဆက်နှောင်းပိုင်းက ဝင်လာတဲ့ တရုတ်တွေကြော်တာမို့တဲ့။ တချို့ကျတော့လဲ ကုန်းဘောင်မင်းဆက်တွေရဲ့ အကြိုက်ဆုံး တရုတ်ဟင်းလျာမို့လို့တဲ့။ တကယ်တော့ အဲ့လို မဟုတ်ပါဘူး။ ကုန်းဘောင်ကြီးကြော်ဆိုတဲ့ ဟင်းလျာဟာ သူ့သမိုင်းကြောင်းလေးနဲ့ သူရှိခဲ့ပါတယ်။
တကယ်တော့ ကုန်းဘောင်ကြီးကြော်ဆိုတာ စီချွမ်းဟင်းလျာ ဖြစ်ပါတယ်။ ချင်းမင်းဆက် (Qing Empire) ကာလ စီချွမ်း မြို့တော်ဝန် သင်းပေါင်ကျန်း 丁寶楨 (၁၈၂၀ - ၁၈၈၆) တီထွင်ခဲ့တာ ဖြစ်ပါတယ်။ မြို့တော်ဝန် သင်းပေါင်ကျန်းရဲ့ ရာထူးက "ကုန်းဘောင်" 宫保 ဖြစ်တဲ့ အတွက် ဒီရာထူးကို ယူလို့ နာမည်မှည့်ခေါ်ထားတာ ဖြစ်ပါ တယ်။ 鸡肉 ကျီးရို့ ဆိုတာကတော့ တရုတ်လို ကြက်သားပါ။
မှတ်ချက်။ ။宫 နန်းတော် 保 ကာကွယ်တာ ဒါကြောင့် နန်းတော်ကာကွယ်ရေးတပ်မှူး ဖြစ်ပါတယ်။ 鸡肉 ကျီးရို့ ဆိုတာက ကြက်သားပါ။ မြန်မာကတော့ ကုန်းဘောင်ကြီးကြော်လ်ို့ အလွယ်ခေါ်ပေမယ့် နာမည်အရင်းက 宫保鸡丁 ကုန်းပေါင်ကျီးသင်းးး Gong Bao Ji Ding လို့ အသံထွက်ပါတယ်။
ဒါ့ကြောင့် "ကုန်းဘောင်+ကျီး " ဆိုတဲ့ အသံကိုပဲ မြန်မာသံမွေးစားခဲ့ပုံ ရတာကြောင့် ကုန်းဘောင်ကြီး ဟင်းလျာလို့ နာမည်တွင်တာ ဖြစ်ပါတယ်။
ကုန်းဘောင်ကြီးကြော်ရဲ့ ဟင်းလျာနာမည်ဟာလဲ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်းမှာ ပြောင်းလဲခဲ့ရပါတယ်။ 宫保鸡丁
ကို တိုက်ရိုက်ဘာသာပြန်ပါက နန်းတွင်းကာကွယ်ရေး ကြက် ဆိုပြီး အဓိပ္ပါယ်သက်ရောက်နေတာကြောင့် နှောင်းလူတို့ ပျက်ရယ်ပြုမှာကို မဖြစ်စေလိုတာကြောင့် ၁၉၈၀ ခုနစ် တိန့်ရှောင်ဖိန်လက်ထက်တွင် 宫保鸡丁 မှ 宮爆雞丁 နန်းတွင်းအမြန်ကြော်လှော် ချက်ပြုတ်နိုင်သော ကြက်သားဟင်းဆိုပြီး 保 ကို ဖြုတ်ကာ 爆 ကို အစားထိုး သုံးစွဲစေခဲ့ပါတယ်။
မူလလက်ဟောင်း ကုန်းဘောင်ကြီးကြော် က စီချွမ်း ငရုတ်ကောင်းနဲ့ စီမံထားတဲ့ အတွက် အရသာက ပူစပ်စပ် လေး ပါ။ ဒါပေမယ့် ဒီဘက် နိုင်ငံထဲ ရောက်တော့ အပူလျှော့ လာရာကနေ ခုနောက်ပိုင်း မပါသလောက် ကို ဖြစ်သွားပါတယ်။ တချို့ နိုင်ငံတွေကတော့ အရသာခံစားမှုအပေါ် ဒေသအလိုက် ဒေသအကြိုက်ကို မူတည်ပြီး ငရုတ်ဆီနဲ့ ချတ်ပြုတ်ကြော်လှော်တာလဲ ရှိပါတယ်။ မြန်မာကတော့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ထမင်းပေါင်းနဲ့ ကုန်းဘောင်ကြီးကြော်ကို ရောထားတဲ့ စိုးမြင့်ကြော်ဆိုတာကတော့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ယနေ့အထိ ကန်တင်းမှာ လူကြိုက်များနေဆဲ မြန်မာ့ထမင်းပေါင်းဟင်းလျာ တစ်ခုပေါ့ဗျာ။
kyawnge(မှတ်စုကြမ်း) ရေးသားခဲ့ဖူးသော ကုန်းဘောင်ကြီးကြော် သမိုင်းကြောင်းလေးကို အနည်းငယ်ဖြည့်စွက်ကာ ပြန်လည်ရေးသားသည်။
SwamHtet(天下第一)
Searchmyanma
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။