Mi Mi Tun added 6 new photos — with Mi Mi Tun.
ဝ ဥ
***
ဝဥပင်များသည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့၌ သဘာဝအလျောက် အမြောက်အမြား ပေါက်ရောက်လျက် ရှိသည်ကို တွေ့ရသည်။ ယခုအခါ ဝဥခြောက် လုပ်ငန်းများ ပိုမို တွင်ကျယ် လာသဖြင့် စိုက်ခင်းများဖြင့် စနစ်တကျ စိုက်ပျိုး လာကြပြီး ဝဥ တူးဖော် ရောင်းချသူများလည်း များပြားလျက် ရှိကာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ ထံမှ သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝဥများကို ၁၉၇၂ ခုနှစ်မှ စ၍ ပြည်ပနိုင်ငံများက စိတ်ဝင်စားသဖြင့် ဂျပန်နိုင်ငံမှ ဝဥ စိုက်ပျိုးရေး ပညာရှင်များသည် မြန်မာ ဝဥများကို စစ်ဆေး ကြည့်ရှုခဲ့ရာ အင်ဒိုနီးရှား နိုင်ငံမှ Dry Chip ပြုလုပ်ပြီး ၎င်းတို့ ဝယ်ယူခဲ့သော ဝဥများထက် အရည်အသွေး ပိုမို ကောင်းမွန်သောကြောင့် ယနေ့အချိန် အထိ မြန်မာနိုင်ငံမှ ထွက်ရှိသော ဝဥများကို ဂျပန်နိုင်ငံက ရသလောက် ဝယ်ယူခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ ဝယ်ယူသည့် အထူအပါး အရွယ်အစားညီ ဝဥ ကုန်ကြမ်း များကို ကုန်ချော ပြုလုပ်ရာတွင် ရှေးဦးစွာ အမှုန့်ကြိတ်ပြီး အမှုန့်ဖြစ်သော အခါ ဂျုံမှုန့်ကဲ့သို့ ပေါ့ပါးသည့် အမှုန့်နှင့် သကြားကဲ့သို့ လေးသည့် မင်နန် (Man-Non) ပွင့်များ ရရှိသည်။ ကျန်ရှိသော ပေါ့ပါးသည့် ဝဥမှုန့်များကို တိရစ္ဆာန်အစာ အဖြစ် အသုံးပြုသည်။ Man-Non ပွင့်များသည် သဘာဝ အမျှင်ဓာတ် ပေါကြွယ်သည့် အတွက် လူ၏ ခန္ဓာကိုယ်မှ အဆိပ်အတောက်နှင့် အဆီများကို စုပ်ယူနိုင်ပြီး ၎င်းတွင် အဆီဓာတ် မပါဝင်သည့် အတွက် အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချိုနှင့် အူမကြီး ရောဂါဖြစ်ခြင်း တို့ကို တိုက်ဖျက်ခြင်း၊ ကာကွယ်ပေးခြင်း တို့ကြောင့် တရုတ်၊ ဂျပန်နှင့် အနောက် ဥရောပနိုင်ငံများ၌ အစားအစာ အဖြစ် လည်းကောင်း၊ ဆေးဝါးအဖြစ် လည်းကောင်း၊ သရေစာအဖြစ် လည်းကောင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ ကြကြောင်း သိရသည်။
ထို့အပြင် ဆေးဆိုးပန်းရိုက် လုပ်ငန်းနှင့် ကမ်းလွန် ရေနံတူးဖော်ရေး လုပ်ငန်းတို့တွင် အသုံးပြုနိုင်ခြင်း၊ စာရေးကိရိယာများ အတွက် အသုံးပြုသည့် ကော်ပြုလုပ်ခြင်း၊ စက်မှုကုန်ကြမ်း အဖြစ် အသုံးပြုနိုင်ခြင်း တို့ကြောင့် ဈေးကွက် ဝယ်လိုအား ကောင်းလာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဝဥ ပင်များကို ပေါင်ဖော်၍ စိုက်ပျိုးလာကြပြီး မြေဆီမြေနှစ် ကောင်းပါက ဝဥ တစ်လုံးလျှင် တစ်ပိဿာမှ ၁၃ ပိဿာအထိ ထွက်ရှိပြီး အလေ့ကျ ပေါက်သော ဝဥ ပင်မှာ ဥတစ်လုံးလျှင် ငါးဆယ်သားမှ ရှစ်ဆယ်သား အထိ ထွက်ရှိကြောင်း သိရသည်။ ယခင်က တောထဲတောင်ထဲတွင် အလေ့ကျ ပေါက်သော ဝဥ ပင်များကို ယခုအခါ လယ်ယာ ခြံမြေ စိုက်ပျိုးသူများသည် နှစ်ရှည်ပင်များ ကြားတွင် ပေါင်ဖော်၍ စိုက်ပျိုး နေကြပြီ ဖြစ်ရာ ဝဥ စိုက်ပျိုးခြင်းသည် ရေရှည်တွင် အကျိုးစီးပွားများစွာ ဖြစ်စေမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးလျက် ရှိကြောင်း သိရသည်။
ဝဥသည် ပူပြင်း ခြောက်သွေ့သော အရပ်ဒေသမှလွဲ၍ မြန်မာနိုင်ငံ အနှံ့ အလေ့ကျ ပေါက်သော အပင် ဖြစ်ပြီး စိုက်ပျိုးရန် လွယ်ကူသည်။ ဝဥကို မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလ တို့တွင် တူးဖော် လှီးဖြတ်ကြကြောင်း သိရသည်။ ဝဥသည် အဖြူ၊ အနီနှင့် အဝါဟူ၍ သုံးမျိုးရှိပြီး ကာလ တိုတိုဖြင့် ငွေရ လွယ်ကူသလို စားသုံးရာတွင်လည်း ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်ပြီး အဓိက အားဖြင့် သွေးတိုးရောဂါသည်များ အတွက် စားသုံးရန် သင့်လျော်ကြောင်း သိရသည်။
ဝဥများကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် တင်ပို့ကြပြီး ဂျပန်နိုင်ငံကလည်း ကြိုက်နှစ် သက်ကြောင်း၊ တရုတ်နိုင်ငံသို့ ပို့သည့် ဝဥများကို မန္တလေး ဈေးကွက်သို့ ပို့ရပြီး ဂျပန်နိုင်ငံသို့ ပို့မည့် ဝဥ များကို ရန်ကုန်ဈေးကွက်သို့ ပို့ရကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၌ အစားအစာများ၊ မုန့်များ ထုတ်လုပ်ရာတွင် ထည့်သွင်း အသုံးပြုခြင်း၊ ခေါက်ဆွဲ ပြုလုပ်ခြင်း၊ အသားတု ပြုလုပ်ခြင်းများ အပြင် ဝဥခြောက်တွင် အဆီကျစေသော အာနိသင် ရှိသဖြင့် ကိုလက်စထရော ကျစေသောကြောင့် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြောင်း သိရသည်။
#Sai Aung Myo Thant#
ဲုမြန်မာ့စိုက်ပျိုးရေး ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
ဘဝခါးခါး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။