ဇာတ်သိမ်းလှတဲ့ ဗိုလ်အောင်ဒင်
ခေတ်စားတဲ့ သီချင်းတွေဟာ တိုင်းပြည်ရဲ့ နိမိတ် ဖြစ်တတ်ပါတယ်။ 'ဗိုလ်အောင်ဒင်' သီချင်း ပေါက်သွားပုံကလဲ သည်လိုမျိုး ဘယ်သူ့သီချင်းမှ မပေါက်ခဲ့ဖူးဘူးလို့တောင် ဆိုရမလားပါပဲ။
ဓားပြသီချင်းနဲ့အတူ မြန်မာပြည်မှာ သေနတ်သံက ညံနေပြန်တော့ နိမိတ်ကို ယုံတတ်တဲ့ မြန်မာတွေ စိုးရိမ်သောက ပွေမိကြတာကတော့ အမှန်ပါပဲ။
ဒါနဲ့ ကျွန်တော်လဲ ငယ်စဉ်က နှစ်သက်စွဲလမ်းခဲ့တဲ့ ဗိုလ်အောင်ဒင်ဇာတ်လမ်းကို ပြန်နားထောင် ကြည့်မိပါတယ်။ ကျွန်တော် အမှတ်မမှားရင် ဗိုလ်အောင်ဒင်ရဲ့ ကနဦးဇာတ်လမ်းက အပိုင်း (၂)ထိပဲ ရှိတာပါ။
ဗိုလ်အောင်ဒင် ဇာတ်လမ်းမှာ ဓားပြဗိုလ် ဗိုလ်အောင်ဒင်ကို ဟိုက်လိုက်ဖြစ်အောင် (ပေါ်လွင်အောင်) လုပ်ထားတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဇာတ်ညွှန်းရေးတဲ့ ဆရာက အင်မတန်ကို တော်ပါပေတယ်ဗျာ။ စာပေသစ္စာ စောင့်သိသူလို့ ဆိုရပါ့မယ်။
ဘာ့ကြောင့်လဲ ဆိုတော့ ဗိုလ်အောင်ဒင်ကို ဘယ်လောက် ပေါ်လွင်အောင် လုပ်ထားပေမဲ့ အနိုင်မပေးခဲ့ပါဘူး။ တစ်မွန်းတည့်ပဲ ကောင်းစားပေးခဲ့တာပါ။
(စာရေးဆရာက လူငယ်တွေ အားကျ အတုခိုး မမှားရလေအောင် ကလောင်ကို ထိန်းထားတာ၊ ဇက်ခွံ့ထားတာကို သတိပြု ကြည့်မိပါတယ်။)
နောက်ဆုံးတော့ ဗိုလ်အောင်ဒင်ဟာ လူသတ်ယူခဲ့တဲ့ သေနတ်ကြောင့်ပဲ တပည့်ရဲ့ ပုန်ကန်ခြင်း သစ္စာဖောက်ခြင်းခံရ၊ တောခိုခဲ့ရ၊ ရှုံးနိမ့်ခဲ့ရတာ မဟုတ်ပါလား။
ဖြောင့်မတ်တဲ့ ဦးဘချစ်နဲ့ ယှဉ်ပြိုင်ရတဲ့အခါ သူချစ်တဲ့ မမြဝင်းကို လက်လွတ်ဆုံးရှုံးခဲ့ရတာပဲ မဟုတ်ပာလား။
သေနတ်အားကိုးနဲ့ ခိုးဆိုးလုယက်နေတဲ့ ဗိုလ်အောင်ဒင်ဟာ အရူးကြီးပမာ ဖြစ်ကာ ဇာတ်သိမ်းရတာပဲ မဟုတ်ပါလား။
ပြောရရင် သေနတ်ကိုင် လူရမ်းကား ဗိုလ်အောင်ဒင်ကို 'အရူး'လို ဇာတ်သိမ်းပေးလိုက်တာဟာ အင်မတန် လှပတဲ့ ဇာတ်သိမ်းခန်းပဲဗျ...။
အင်း..သည်လိုဆိုရင်တော့ ဗိုလ်အောင်ဒင်သီချင်းက တိုင်းပြည်ရဲ့ ကောင်းနိမိတ်များ ဖြစ်နေမလားပါပဲဗျာ...။
(နောက်အပိုင်းတွေ နားမထောင်တော့ဘူးဗျိုး....။ )

(နောက်အပိုင်းတွေ နားမထောင်တော့ဘူးဗျိုး....။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။