Nine Nine Sanay @ နိုင်းနိုင်းစနေ
ဘုရင်မရဲ့ အချစ်ကိုယ်နေဟန်ထား
---------------------------------------
၁၉၃၉ခုနှစ်မှာ ခမည်းတော် George VI နဲ့အတူ တော်ဝင်ရေတပ်ကျောင်းဆီ သူရောက်လာခဲ့တယ်။ သာမန်လာရောက်လည်ပတ်တဲ့ ခရီးစဉ်လေးပါပဲ.. ဒါဟာ သူ့ကို မမျှော်လင့်တဲ့ရလဒ်တွေ ရစေခဲ့တယ်။ ကျောင်းသားအများထဲကနေ အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း ခန့်ခန့်ချောချောကောင်လေးတစ်ယောက်ကို သူတွေ့လိုက်တယ်။ အကြည့်တစ်ချက်လေးမှာပဲ သူနှလုံးသားက တဆတ်ဆတ်တုန်သွားခဲ့တယ်။ ကောင်လေးရဲ့အကြည့်ကလည်း ကျောင်းသားအများကိုဖြတ်ကျော်ပြီး သူ့ကိုယ်ပေါ်ဝဲကျလာခဲ့တယ်။ အဲဒီနှစ်က သူ ၁၃နှစ်၊ ကောင်လေး ၁၈နှစ်ဖြစ်တယ်။ မြင်မြင်ချင်းအချစ်က ဒီလိုနဲ့ပဲ ဇာတ်လမ်းအစ ကာလိုက်ကာဆွဲဖွင့်ခဲ့ပါတယ်။
.
အဲဒီနောက် ကောင်လေးက ရေတပ်ထဲဝင်ရောက်အမှုထမ်းခဲ့တယ်။ သူက စစ်မြေပြင်အကူအဖြစ် ပါဝင်ခဲ့တယ်။ သူတို့ဟာ ဘယ်လောက်ပဲ အလုပ်များများ၊ အခြေအနေတွေ ဘယ်လောက်ဆိုးနေနေ၊ အကွာအဝေးတွေ ဘယ်လောက်ဝေးကွာနေနေ အဆက်အသွယ်မပြတ်ခဲ့ကြဘူး။ တစ်စောင်ပြီးတစ်စောင် ကူးလူးဆက်သွယ်နေခဲ့တဲ့ စာတွေက သူတို့နှစ်ယောက်ရဲ့သံယောဇဉ်ကြိုးကို ပူးပူးကပ်ကပ်ရှိနေစေခဲ့တယ်။
.
၇နှစ်အကြာမှာ သူတို့နှစ်ယောက် တိတ်တဆိတ်စေ့စပ်လိုက်ကြတယ်။ ဒီတစ်သက် မခွဲမခွာဖို့ အဓိဌာန်ချခဲ့ကြတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့အချစ်ကို သူတို့မိသားစုက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတယ်။ သူက အင်္ဂလန်ဘုရင်အရိပ်အရာကို ခံမယ့်သူဖြစ်တယ်။ အင်္ဂလိပ်လူမျိုးကိုပဲ သူလက်ထပ်ရမှာဖြစ်တယ်။ ကောင်လေးက ဂရိအိမ်ရှေ့မင်းသားမို့ ဖခမည်းတော်ရဲ့အရိပ်အရာကို ဆက်ခံပြီး ကိုယ့်တိုင်းကိုယ့်ပြည်မှာ ဘုရင်လုပ်မယ့်သူဖြစ်တယ်။ အချစ်အတွက်နဲ့ ရာထူးအာဏာကိုစွန့်လွှတ်မလား၊ ရာထူးအာဏာအတွက်နဲ့ အချစ်ကိုစွန့်လွှတ်မလား… ဒါဟာ အင်မတန်ဆုံးဖြတ်ရခက်ပါတယ်။ နောက်ဆုံးမှာ ဘုရင်အရိပ်အရာကိုစွန့်ပြီး အချစ်ကို ကောင်လေးရွေးချယ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံသားအဖြစ် သူခံယူလိုက်ပါတယ်။
.
ကောင်လေးရဲ့ရွေးချယ်မှုက ရာစုနှစ်တစ်ခုမှာ မှတ်တမ်းတင်ခံခဲ့ရတဲ့အချစ်ဖြစ်တယ်။ ချစ်သူသက်တမ်း ၈နှစ်အကြာမှာ တစ်ကမ္ဘာလုံးက လူအများရဲ့ ကောင်းချီးမင်္ဂလာပေးမှုအောက်မှာ သူတို့လက်ဆက်ခဲ့ကြတယ်။ သာယာပျော်ရွှင်တဲ့မိသားစုဘဝတစ်ခုကို သူတို့တည်ဆောက်လိုက်ကြတယ်။ အဲဒီတုန်းက သူ ၂၁နှစ်၊ ကောင်လေး ၂၆နှစ်ဖြစ်တယ်။
.
သူဟာ ကြီးလေးတဲ့တာဝန်ဝတ္တရားတွေကို ထမ်းပိုးထားရပါတယ်။ သာမန်မိန်းကလေးတွေလို အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမနေခဲ့ရပါဘူး။ သူ့ဘဝကို မျိုးစုံသောအစည်းအဝေး၊ လက်ခံတွေ့ဆုံမှု၊ သွားရောက်မေးမြန်းမှုတွေက နေရာယူခဲ့ပါတယ်။
.
သူ ဘာလုပ်လုပ် သူ့ဘေးမှာ ကောင်လေးအမြဲရှိနေခဲ့တယ်။
ညနက်ချိန်ထိ စာရွက်စာတမ်းတွေ စစ်ဆေးဆောင်ရွက်ရချိန်မှာ
ကောင်လေးက သူ့အတွက် ရေနွေးကြမ်းဖြည့်ပေးပါတယ်။
စစ်တပ်တွေကို သူလှည့်လည်ကြည့်ရှုချိန်မှာ
ကောင်လေးက သူ့အတွက် ဆက်ကပ်မယ့်ပန်းတွေကို ပြင်ဆင်ပေးပါတယ်။ တခြားနိုင်ငံတွေဆီ သူသွားရောက်တွေ့ဆုံမေးမြန်းချိန်မှာ ကောင်လေးက သူ့အပါးတစ်ဖဝါးမှမခွာရှိခဲ့ပါတယ်။ သူမောပန်းတဲ့အခါ သူတို့ရေးခဲ့ဖူးတဲ့စာတွေကို ကောင်လေးကဖတ်ပြပါတယ်။ သူ စိတ်ညစ်တဲ့အခါ ကောင်လေးက သူ့ဘေးမှာနေပြီး သူရယ်အောင် ရယ်စရာတွေပြောပါတယ်။
.
သူတို့ဟာ ဒီလိုနဲ့ နှစ်များစွာနေလာခဲ့ကြတယ်။ နိုင်ငံရပ်ခြားကို အကြိမ်ပေါင်းများစွာ သူသွားရောက် တွေ့ဆုံမေးမြန်းမှုတွေလုပ်ခဲ့တယ်။ အင်္ဂလန်နိုင်ငံမှာပဲ အကြိမ်နှစ်သောင်းခွဲကျော်လောက် လာရောက်တွေ့ဆုံမှုကို လက်ခံတွေ့ဆုံခဲ့တယ်။ အကြိမ် ၁ဝဝကျော်မကတဲ့ တည်ခင်းဧည့်ခံကျွေးမွေးပွဲတွေ ဦးဆောင်လုပ်ခဲ့တယ်။ အနယ်နယ်အရပ်ရပ်ကလာတဲ့ စာပေါင်း ၃၅သိန်းကျော်လက်ခံခဲ့တယ်။ ဂုဏ်ရာထူး၊ ဆုတံဆိပ်ပေါင်း လေးသိန်းကျော်ပေးအပ်ချီးမြှင့်ခဲ့တယ်။
.
သူလုပ်တဲ့အရာတစ်ခုတိုင်း သူ့ဘေးမှာ ကောင်လေးအမြဲရှိနေခဲ့တယ်။ သူ့ကို သူ အသံတိတ်ထောက်ခံအားပေးနေခဲ့တယ်။ အရာအားလုံးကို ကောင်လေးနဲ့အတူ သူရင်ဆိုင်ခဲ့တယ်။ ဖြေရှင်းခဲ့တယ်။ ကောင်လေးက သစ္စာရှိတဲ့အိမ်စောင့်လို၊ သက်တော်စောင့်လို၊ စေ့စပ်သေချာတဲ့ အိမ်စေလို၊ ဘာမဆိုတိုင်ပြင်ဆွေးနွေးလို့ရတဲ့ သူငယ်ချင်းလိုပေါ့… သူ ဘယ်ရောက်ရောက် သူ့အပါးအရိပ်လို မခွဲမခွာရှိနေခဲ့တယ်။
.
ကလေးမွေးဖွားပြီးတဲ့နောက် ကောင်လေးက ကလေးထိန်းဖြစ်သွားပြန်တယ်။ ဘဝမှာ ဘယ်လိုအခက်အခဲ အနှောင့်အယှက်နဲ့ကြုံကြုံ အရာအားလုံး ကောင်လေးတာဝန်ယူတယ်၊ လေပြင်းမုန်တိုင်းတွေကို ကောင်လေးက ကာကွယ်ပြီး သူ့အတွက်ကြည်လင်တဲ့ကောင်းကင်တစ်ခု ပေးတယ်။ အချိန်က တဖြည်းဖြည်း သူရဲ့လှပတဲ့ရုပ်ရည်ကို တိုက်စားသွားခဲ့တယ်။ ရင်းရင်းနှီးနှီးရှိခဲ့သူတချို့ လောကကြီးထဲကနေ ပျောက်ကွယ်သွားခဲ့တယ်။ ကောင်လေးကတော့ သူ့အပါးမှာ အခစားဝင်နေဆဲပဲ။
.
တကယ့်လက်တွေ့ဘဝမှာပဲဖြစ်ဖြစ်၊ အချစ်ကမ္ဘာမှာပဲဖြစ်ဖြစ် သူဟာ ကောင်လေးရင်ထဲက ထာဝရဘုရင်မဖြစ်ခဲ့တယ်။ ဘုရင်မရဲ့အမိန့်ကို နာခံဖို့၊ အချစ်ကိုခံယူဖို့ သူအသင့်ရှိနေခဲ့တယ်။
.
မသိမသာနဲ့ သူတို့ရဲ့မင်္ဂလာသက်တမ်းက ၇ဝနှစ်ရှိခဲ့ပါပြီ။ ကောင်လေးဟာလည်း အသက်အရှည်ဆုံး ဘုရင်မရဲ့ကြင်ယာတော်အဖြစ် အင်္ဂလန်သမိုင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ လူတကာရဲ့ အားကျလေးစားကြည်ညိုသူဖြစ်ခဲ့တယ်။ ၇ဝနှစ်အတွင်းမှာ သူက ဂုဏ်သရေတင့်တယ် အကောင်းမြင်ဝါဒီကို ကိုင်စွဲထားသူပေါ့။ သူဟာ ဘာကြောင့် ဒီလောက်နှစ်အကြာကြီးထိ ရည်မွန်ကျက်သရေရှိပြီး ပျော်ရွှင်နေရသလဲလို့ မေးမြန်းခဲ့ရင် “သူ့ဘေးမှာ မင်းသားဖီးလစ်ရှိနေလို့ပေါ့” လို့ လူတွေက ဖြေကြပါလိမ့်မယ်။
.
စေ့စပ်သေချာတဲ့လူတွေက သူတို့ရဲ့ဂန္ထဝင်တွင်တဲ့ ကိုယ်ဟန်အပြုအမူတစ်ခုကို သတိထားမိကြပါလိမ့်မယ်။ အဲဒီအပြုအမူက ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ရင် သူက မင်းသားဖီးလစ်ရဲ့လက်မောင်းကိုတွဲခိုထားတယ်။ သေးငယ်တဲ့ သူ့ခန္ဓာကိုယ်က ကြီးမားတဲ့မင်းသားဖီးလစ်ရဲ့ဘေးမှာ၊ သူ့ခေါင်း မသိမသာလေးမော့ထားတယ်၊ မင်းသားဖီးလစ်က မျက်နှာကို နည်းနည်းစောင်းထားတယ်။ ချစ်ရည်လဲ့တဲ့ အကြည့်နဲ့ မျက်လုံးချင်းဆုံကြတယ်။ နှုတ်ခမ်းပေါ်မှာ အပြုံးတွေ ဖူးပွင့်ကြတယ်။
.
ဒီကိုယ်ဟန်အပြုအမူက ဟမ်းနီးမွန်းတုန်းက ကိုယ်နေဟန်ထားတစ်ခုပါ။ ဒီအပြုအမူကို သူတို့ နှစ်ပေါင်း ၇ဝနှစ်ကြာ ထိန်းသိမ်းနိုင်ခဲ့ကြတယ်။ ၇ဝနှစ်တိုင်လာသည့်တိုင် သူက မင်းသားဖီးလစ်ရဲ့လက်မောင်းကို တွဲခိုထားတုန်း၊ ဘာအမူအယာမှ မပြောင်းလဲခဲ့ဘူး။ ပြောင်းလဲသွားတာတစ်ခုက သူတို့ရဲ့ရုပ်ရည်ပါပဲ။ နုပျိုချိန်ကနေ ဆံဖြူအိုမင်းချိန်အထိ သူတို့ဟာ ချစ်သက်ဝင်တဲ့အကြည့်နဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြဆဲပါပဲ။ အကြည့်တစ်ချက်က ကမ္ဘာတိုင်သွားခဲ့ပါတယ်။
.
၇ဝနှစ်ကြာ ထိန်းသိမ်းလာခဲ့တဲ့ ကိုယ်ဟန်အပြုအမူက ဒဏ္ဍာရီပုံပြင်ထဲက အချစ်ပုံပြင်တွေထက် ပိုစစ်မှန်တဲ့အချစ်တစ်မျိုး ဒီလောကမှာရှိတယ်ဆိုတာ လူတိုင်းကို ယုံကြည်စေခဲ့ပါတယ်။
.
အဲဒီ ချစ်သက်ဝင်တဲ့ကိုယ်ဟန်အမူအယာကို ၇ဝနှစ်ကြာထိန်းသိမ်းလာခဲ့သူကတော့ လက်ရှိအင်္ဂလန်ဘုရင်မ အယ်လီဇဘက်ဖြစ်ပါတယ်။ ရာစုနှစ်တစ်ခုကို သူတို့အတူလက်တွဲကျော်ဖြတ်ခဲ့သူက ဂရိအိမ်ရှေ့မင်းသားဖြစ်ခဲ့သူ မင်းသားဖီးလစ်ပဲဖြစ်ပါတယ်။
-----
မူရင်းလင့် --- http://www.85nian.net/zuowensucai/57845.html
.
#NineNineSaNay@နိုင်းနိုင်းစနေ (The Chic မဂ္ဂဇင်း ဖေဖော်ဝါရီ ၂ဝ၁၇)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။