အဖေကို ညစာလိုက်ကျွေးတဲ့သား။
တညနေခင်းမှာ လူတစ်ယောက်ဟာ သူ့အဖေကို ညစာကျွေးဖို့ စားသောက်ဆိုင်တစ်ခုကို ခေါ်လာတယ်။ ဆိုင်ထဲမှာ စားသောက်သူတွေနဲ့ ပြည့်နေတယ်။ သူက စားပွဲတစ်လုံးမှာ နေရာယူပြီး ထမင်းဟင်း အစားအသောက်တွေကို မှာလိုက်တယ်။ အစားအသောက်တွေ ရောက်လာတော့ သားအဖ ၂ ယောက် စားကြတယ်။
အဖေဖြစ်သူဟာ အသက် ၈၀ ကျော်နေပြီ။ ဒီတော့ အစားအသောက်တွေကို ဇွန်း ခက်ရင်းနဲ့ စားရာမှာ လက်က တုန်တုန်ချိချိ ဖြစ်နေတာမို့ အစားအသောက်တွေဟာ ပါးစပ်ထဲ ရောက်တာ နည်းနည်းနဲ့ အင်္ကျီပေါ်နဲ့ စားပွဲပေါ်မှာ ကျကုန်တယ်။ သားဖြစ်သူက သူ့အင်္ကျီပေါ်နဲ့ စားပွဲပေါ် ဖိတ်စင်ပေကျံနေတာတွေကို လက်သုတ်ပုဝါနဲ့ ဂရုတစိုက် သုတ်ပေးနေရတယ်။ သားဟာ ခုလို ဘာတခွန်းမှ မပြောပဲ ယုယကြင်နာစွာနဲ့ သုတ်ပေးနေတာ အဖိုးကြီး အစားအသောက်ပြီးသွားတဲ့ အချိန်အထိပါ။ ဘေးက စားသောက်နေကြသူတွေကတော့ သူတို့ဖြစ်ပျက်နေတာကို ကြည့်ပြီး နှာခေါင်းရှုံ့နေကြတယ်။ ညစ်ပတ်လိုက်တဲ့ အဖိုးကြီး၊ ရွံစရာ ကောင်းလိုက်တာပေါ့လို့ အချင်းချင်း တီးတိုးပြောနေကြတယ်။
စားသောက်ပြီးတာနဲ့ သားဖြစ်သူက အဖေကို တွဲထူပြီး လက်ဆေးကြွေကန်မှာ သူ့အဖေရဲ့ ပါးစပ်၊ လက်နဲ့ အင်္ကျီပေါ်က ထမင်း ဟင်း အပေအကျံတွေကို သေချာဆေးကြောသုတ်သင်ပေးတယ်။
သူ့အဖေကို ခေါင်းဖီးပေးလိုက်တယ်။ မျက်မှန်ကိုလဲ သေသေချာချာ
တည့်မှတ်တပ်ပေးလိုက်တယ်။ စားသောက်ဆိုင်ထဲက လူတွေအားလုံးဟာ
အဲဒီအဖြစ်အပျက်ကို သေချာကြည့်နေကြတယ်။
သားဖြစ်သူဟာ စားသောက်တဲ့ ကျသင့်ငွေကို စားပွဲထိုးကို ပေးလိုက်ပြီးတော့ သူ့အဖေကို တွဲပေးရင်း ဆိုင်ထဲက ထွက်လာခဲ့တယ်။ ဆိုင်အဝင် တံခါးပေါက် ရောက်တော့ တချိန်လုံး စကားမပြောပဲ ငြိမ်နေတဲ့ အဖိုးကြီးက သူ့သားကို အသံကျယ်ကြီးနဲ့ လှမ်းမေးလိုက်တယ်။
"ငါ့သား မင်းဆိုင်ထဲမှာ တခုခု မကျန်ခဲ့ဘူးလား" တဲ့။
သားကလဲ ဘာမှ မကျန်ပါဘူး အဖေ လို့ ပြန်ပြောလိုက်တယ်။
အဖိုးကြီးက "မင်း တခု ချန်ထားခဲ့တယ်လေ။ မင်းဟာ သားသမီးတွေအတွက် သင်ခန်းစာယူစရာနဲ့ မိဘတွေအတွက် မျော်လင့်ချက်လေးတွေ ဆိုင်ထဲမှာ ချန်ထားခဲ့တယ်"တဲ့။
ဆိုင်တခုလုံးလဲ တိတ်ဆိပ်ငြိမ်သက်သွားကြတယ်။
မှတ်ချက်။ အင်တာနက်မှာ ဖတ်မိတာလေးကို မှီငြမ်းရေးလိုက်တာပါ။
ဗန်းမော်သိန်းဖေ
၀၈-၀၇-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။