ဆေးလိပ်သောက်တယ် ဆိုတာ...
--------------------
ဆေးလိပ် ကုမ္ပဏီတွေရဲ့ကြော်ငြာတွေကြောင့် ကျွန်တော် တို့တွေ ဆေးလိပ်စွဲတယ်လို့ တချို့မြင်တယ်။ တချို့ကျတော့ အပေါင်းအသင်း အဖော် အဆွယ် ကောင်း လို့ ကျွန်တော် တို့တွေ ဆေးလိပ်သောက် ကြတယ်လို့ မြင်တယ်။ ဒါလေးတွေက သာမန် အချက် လေး တွေ ဖြစ်ပြီး တကယ့် ဆေးလိပ် သောက် ချင်စိတ်ကို ထိထိရောက်ရောက် လှုံ့ဆော် နေတဲ့ အရာတွေ မဟုတ်သေးပါဘူး ဆိုတာကို ဆေးလိပ် ကြိုက်သူ တစ်ယောက် အနေနဲ့ ပြောပြ လိုပါတယ်။
ပြီးတော့ ဆေးလိပ်သောက်တာ ကျန်းမာရေး ထိခိုက်စေသည် ဆိုတဲ့ ပညာပေး ကြော်ငြာတွေ။ ဒါတွေ တကယ်ထိရောက်မှု ရှိမရှိဆိုတာ.. ဆေးလိပ်သောက်တတ်သူများ သိကြပါတယ်။ ဆေးလိပ်ကလေး ဖွာရင်းနဲ့တောင် ရွတ်ပြလိုက်ပါဦးမယ်။ ဘာကြောင့်လဲ... ကျွန်တော်တို့တတွေ သိသိကြီးနဲ့ လုပ်နေ ကြတာကိုး။ ဒါ့ကြောင့် ဆေးလိပ်သောက်ခြင်းကို တားဆီးဖို့ ရည်ရွယ်တဲ့ ပညာပေး ဆောင်းပါး တွေ ဟာလဲ ထိရောက်မှု ရှိသင့်သလောက် သိပ်မရှိလို့ ဆိုချင်ပါတယ်။
ဆေးလိပ်ပြတ်ဖို့ အတွက် ပညာပေး ချင်တဲ့သူဟာ.. ဆေးလိပ် စွဲနေသူတစ်ယောက် ဆီက အကြံဉာဏ် ကို ရယူ သင့်ပါ တယ်။ ဆေးလိပ်ကို ဒီလောက် ရူးရူးမူးမူး သေသေကျေကျေ စွဲသောက်နေခြင်းဟာ ဘာကြောင့်လဲ။ ကြိုက်လို့ဆိုတာတော့ လူတိုင်း အလွယ်ဖြေတတ်တဲ့ အဖြေ တစ်ခုပါ။
ဒီပို့စ်မှာ ကျွန်တော် စာဖတ်သူတို့ကို ဒီ့ထက် အတွင်းကျတဲ့ ဒီ့ထက် အနုစိတ်တဲ့ ဆေးလိပ် နဲ့ပတ်သက် တဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစားမှုတွေ ရုပ်ပိုင်းဆိုင်ရာ တောင့်တမှုတွေကို ဆေးလိပ် စွဲမြဲစွာ သောက်နေသူ တစ်ယောက် နေရာကနေ သိသလောက် ခံစားရသလောက် သုံးသပ် တင်ပြ ပေးသွားပါ့မယ်။
ကျွန်တော့် ရည်ရွယ်ချက်က ပို့စ် တည်ဆောက် နေရင်းနဲ့ ကိုယ်တိုင် ဆေးလိပ် ပြတ်စေဖို့ရယ်.. ဆေးလိပ် သောက်တတ် သည့် စာဖတ်သူ တို့ပါ တပြိုင်နက် ဝင်ရောက်ခံစား သုံးသပ် ရင်းနဲ့ ဆေးလိပ်ပြတ်စေချင်တဲ့ ဆန္ဒ ဖြစ်ပါတယ်။
--------------------
ဘာကြောင့်ဆေးလိပ်သောက်သလဲ။
တကယ်တော့ ဆေးလိပ်သောက်တယ် ဆိုရာမှာ ရုပ်ပိုင်း ဆိုင်ရာ တောင့်တမှု အရရော စိတ်ပိုင်း ဆိုင်ရာ ခံစားမှု အရပါ နှစ်မျိုးစလုံး ပါဝင်နေတယ်။ ဒီသောက်လိုက်တဲ့ တစ်ခဏမှာ ဆေးလိပ်တစ်လိပ်ရဲ့ ကိုယ့်အပေါ် ဖြည့်ဆည်း ပေးတဲ့ ကျေနပ် နှစ်သိမ့်မှု လေးပဲ။ ဒါကို တပ်မက်တတ် လာတဲ့လူဟာ ဆေးလိပ် စ စွဲ လာပြီပဲ ဖြစ်ပါတယ်။ ဆေးလိပ်တစ်လိပ်ကို ကြိုက်တာ လဲ မဟုတ်။ ဆေးလိပ်ငွေ့ကို ကြိုက်တာလဲမဟုတ်။ မီးလေးရဲနေ တာကို ကြိုက်တာလဲ မဟုတ်။ သောက်နေရတာကို ကြိုက်တာ လဲမဟုတ်။ "ခံစားချက်" လေးတွေ အစီအရီကို ခုံမင် စွဲငြိနေတာ ပဲ ဖြစ်ပါတယ်။
--------------------
ဘာ ခံစားချက်တွေလဲ ဆိုတော့ အောက်ပါ ခံစားချက်တို့ ဖြစ်ပါ တယ်။
★ဆေးလိပ်သည် ပျော်ရွှင်မှုကို ပေးစွမ်းသည်★
သောက်ရတော့မယ် ဆိုတာနဲ့ ပျော်ရွှင်တတ်ပါတယ်။ သောက်နေချိန်မှာ ကျေနပ်သွားတတ် ပါတယ်။ ဒီ နှစ်ခုကို ထပ်တလဲလဲ တောင်းဆိုနေတဲ့ အခါ နောက် တစ်လိပ် နောက်တစ်လိပ် အစဉ် မပြတ် တော့ပါဘူး။
★ဆေးလိပ်သည် ဆုလာဘ် ဖြစ်သည်★
ဒါလေး လုပ်ပြီးရင်တော့ သောက်လိုက်ဦးမယ်။ ဟာ.. အလုပ် ကို မော သွားတာပဲ။ ခနတော့ ဆေးလိပ် ထွက် သောက်ဦးမှပါ ဆိုတာမျိုး။ ဒီလိုမျိုး ဆုလာဘ် တစ်ခု အနေနဲ့လဲ မိမိကိုယ်ကို ချီးမြှင့်လေ့ ရှိတတ် ပါတယ်။ နေ့တစ်နေ့ရဲ့ အစမှာလဲ ပထမ ဆုံး ဆေးလိပ်အနေနဲ့ မိမိနေ့ကို ဂုဏ်ပြု ဖွင့်လှစ် တတ်သလို မအိပ်ခင်လဲ ဒါလေးသောက်ပြီးရင် အိပ်မယ် ဆိုတဲ့ နောက်ဆုံး ဆုလာဘ်လေး အနေနဲ့ ပိတ်သိမ်း တတ်ပါတယ်။
★ဆေးလိပ်သည် အချိန်ကို ဆွဲကျုံ့ ပေးနိုင် စွမ်းသည်★
စောင့်ဆိုင်းနေရတဲ့ အခိုက်အတန့်မျိုးမှာ ဆေးလိပ် သောက် တတ် ပါတယ်။ ကြာမြင့်မှုတို့ကို မြန်မြန်ကုန်ဆုံးစေလိုတဲ့ အခါတိုင်း ပထမဆုံး ခေါင်းထဲ ဝင်လာတာဟာ ဆေးလိပ် ဖြစ်ပါတယ်။
★ဆေးလိပ်သည် အထီးကျန်မှု ကွက်လပ် ကို ဖြည့်ပေးသည်★
တစ်ယောက်ထဲ နေရတဲ့ အခါမျိုးမှာ ဆေးလိပ် က အဖော် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဘယ်သူမှ ကိုယ့်ဘေးမှာ မရှိချိန် ဆေးလိပ် လေးငါးလိပ် ကိုယ့်ရှေ့မှာ ရှိနေရင်ကို ဖြည့်တွေး ကျေနပ် နေလေ့ ရှိပါတယ်။
★ဆေးလိပ်သည် ဖျော်ဖြေရေး ကဏ္ဍ တစ်ရပ်ဖြစ်သည်★
သောက်စဉ်တိုင်း သောက်စဉ်တိုင်း ငြိမ့်ငြိမ့်သွားတဲ့ အခိုက်ဟာ ကိုယ် စိတ်ဝင်စားတဲ့ ရုပ်ရှင်၊ ဝတ္ထု စတဲ့ တစ်မျိုးမျိုးကို ဖတ်နေစဉ် ရတဲ့ ခံစားမှု နဲ့ အလားသဏ္ဍာန် တူပါတယ်။
★ဆေးလိပ်သည် ကစားစရာ နှင့် မုန့်ပဲသွားရေစာလည်း ဖြစ်သည်★
ကလေးတစ်ယောက် အားနေပြီဆိုရင် ဆော့ရင်ဆော့.. ဒါမှ မဟုတ်လဲ မုန့်စားစရာ ရှာနေသလို ကျွန်တော်တို့ ဆေးလိပ် သောက်တတ်သူများဟာ အားပြီလို့ ကိုယ့် ကိုယ်ကို ယူဆလိုက် မိတာနဲ့ အရင်ဆုံး တွက်တာ ရှေ့ဆေးလိပ် ဘယ်တုန်းက သောက်ခဲ့ သလဲ ဆိုတာပါ။ (ကျန်းမာရေး အတွက်တော့ ဒီ အခိုက်မှာ တွက်လေ့ ရှိတယ်ဗျ) နောက်တစ်လိပ် သောက်သင့် တဲ့ မယုတ်မလွန် အချိန်ဆိုရင် ဆေးလိပ် ကောက်ကိုင်ပြီး ပါးစပ်တပ်ထား လိုက်လေ့ ရှိပါတယ်။ ဘာရယ်မဟုတ်.. တကယ် သောက်ချင် သလားဆိုတော့လဲ မဟုတ်။ မုန့်ပဲ သွားရေစာ ကဲ့သို့လည်း ဤသို့ဤနှယ် အလုပ်လုပ်ပါတယ်။
★ဆေးလိပ်သည် ယဉ်ကျေးမှု ဖြစ်သည်★
ကိုယ့်မှာ ဘူးရှိရင် သောက်ပါဦး ခင်ဗျာ လို့ လောကွတ် လုပ်လေ့ရှိတာဟာ ဆေးလိပ်သောက်တတ်သူ တို့ အချင်းချင်း ကြားမှာ လုပ်လေ့ ရှိပါတယ်။ ဒါသည်ကပဲ သူ့တုန်းက ငါ့ကို တိုက်ခဲ့ဘူးတယ်။ ငါ့အလှည့် ပြန်တိုက်နိုင်အောင် ဆိုတဲ့ စိတ်နဲ့ ဘူးဝယ်တာကလဲ အစဉ် မပြတ် တော့ပါဘူး။
★ဆေးလိပ်သည် အတွေး နက်စေသည်★
တွေးနေစဉ်အခါမှာ ဆေးလိပ်ကလေးရှိုက်လို့ မျက်လုံးမှေး သွားချိန် အလွန် အတွေးနက်စေတာ သောက်သူတိုင်း သိပါ တယ်။ ဒါလေးကိုလဲ ကျွန်တော်တို့ တပ်မက်တတ်ပါတယ်။ ဒီလို တပ်မက် လိုက်တဲ့ အခါ အတွေးနက်ဇို့ ရည်သန်တိုင်း ဆေးလိပ် က မပါ မဖြစ် ပါလာ ပါတယ်။
★ဆေးလိပ်သည် တင်းမာမှုတို့ကို လျော့ကျစေသည်★
ထွက်ပေါက် ဆန်တဲ့ အလုပ်လဲ ဆေးလိပ်တစ်လိပ်က လုပ်လေ့ ရှိပါတယ်။ တစ်ခါတစ်လေ ဘေးကျပ် နံကျပ် ကိစ္စ ရပ်တွေမှာ ဆေးလိပ်ကလေးသောက် ချင်လာလေ့ ရှိပါတယ်။ ဒီလို တဒင်္ဂ ထွက်ပေါက် အခိုက်အတန့်လေးတွေ အနေနဲ့လဲ ဆေးလိပ်က ဖြည့်စွမ်းပေး ပါသေးတယ်။
★ဆေးလိပ်သည် တိတ်ဆိတ်သော အရပ် ဖြစ်သည်★
ဆူညံနေတဲ့ အခါမှာ ဆေးလိပ်က ဆိတ်ငြိမ်မှု ကို ပေးပါတယ်။ ဆေးလိပ်တစ်လိပ် သောက်လိုက်တာနဲ့ ဒီ ပူလောင်ခြင်း ဆူညံခြင်း ဆိုတဲ့ ပြဿနာတွေကို လှည်းကျင်းပေး သွားသလို ပါပဲ။
★ဆေးလိပ်သည် အရသာ ရှိသည်★
ရက်လွန်ဆေးလိပ် (သို့မဟုတ်) ကိုယ်မကြိုက်တဲ့ ဆေးလိပ် သောက်လိုက်တဲ့ အခါမှာ ပေါ့ရွှတ်ရွှတ်နဲ့ ခံစားချက်ကြီး ရတတ် ပါတယ်။ တကယ်တမ်း အရသာ ရှိတဲ့ ဆေးလိပ် တစ်လိပ် သောက်လိုက်မှ ကျေနပ်မှုကို ပေးစွမ်းပါတယ်။ အရသာ ဆိုတာ ကတော့ အရှိုက်မှာ ရင်ကို မထိတထိ စူးသွားတဲ့ ဝေဒနာ အနုစား လေးပဲ ဖြစ်ပါတယ်။ ဒါကိုပဲ ကြိုက်တတ်လေ့ ရှိပါတယ်။
★ဆေးလိပ်သည် ပျံ့လွင့်စိတ်တို့ အစား ဝင်လေ့ ရှိသည်★
တည်ငြိမ်အောင် ဆိုပြီးတော့လဲ ဆေးလိပ် သောက်လေ့ ရှိတတ် ပါတယ်။ ခြောက်ခြားစရာ တုန်လှုပ် စရာ တစ်ခုခုပေါ့.. ဒီလို ဖြစ်စဉ် စိတ် ပျံ့လွင့်တိုင်း ဆေးလိပ်နဲ့ ပြန်ဖြည့်တတ် ပါသေး တယ်။
★ဆေးလိပ်သည် မာနလည်း ဖြစ်သည်★
ဆေးပေါ့လိပ် သောက်သူတစ်ယောက်ကို အပေါစားကြီး မသောက်ပါနဲ့ကွာ.. စီးကရက်ပဲ သောက်စမ်း ပါ ဆိုတဲ့ စကား မျိုး.. ရူဘီ ကြိုက်သူကို မာဘိုလို ပြောင်းသောက် ခိုင်းခြင်း မျိုး စတဲ့ မိမိ အစွဲကို မကောင်း တဲ့ ရှုထောင့်ကနေ ပြောဆိုလာတဲ့ အခါ သိပ် စိတ်ထဲ မခံနိုင် ဖြစ်လေ့ ရှိတတ်ပါတယ်။ ဒီလိုမျိုး မာနလေးတွေလဲ ဆေးလိပ် သောက်သူ တိုင်းမှာ ရှိတတ်ပါတယ်။
★ထို့ကြောင့် ဆေးလိပ်တစ်ဘူးတွင် ဘဝ တစ်ခုစာ အလိပ်နှစ်ဆယ်မက ပါဝင်သည်★
ဒီလိုဆိုတော့ အထက်က ဖော်ပြခဲ့တဲ့ အချက် တစ်ခုစီက အဓိက အချက်တွေ ဆွဲထုတ်လိုက်ရင် ဆေးလိပ် သောက်ခြင်းက ပေးစွမ်းတဲ့ ရုပ်ပိုင်းဆိုင်ရာ တောင့်တချက်တွေရယ် စိတ်ပိုင်း ဆိုင်ရာ ခံစားချက် တွေရယ်ဆိုပြီး နှစ်ပိုင်း ထွက်လာပါလိမ့်မယ်။
--------------------
(က) ရုပ်ပိုင်းဆိုင်ရာ တောင့်တချက်များ ဖြစ်တဲ့ အချိန်တို့ကို ရစ်နိုင်ခြင်း၊ ဖျော်ဖြေရေး အသုံးအဆောင် ဖြစ်နေခြင်း၊ အရသာ ရှိခြင်း၊ ကစားစရာ နှင့် မုန့်ပဲ သွားရေစာ ဖြစ်နေခြင်း။
(ခ) စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြစ်တဲ့ စိတ်ငြိမ်စေခြင်း၊ ပျော်ရွှင်ခြင်း၊ ကျေနပ်ခြင်း၊ ဂုဏ်တင်ခြင်း၊ အထီးမကျန် စေခြင်း၊ လူမှုဆက်ဆံရေး ဖြစ်နေခြင်း၊ မာန ဖြစ်နေခြင်း၊ ထွက်ပေါက် ဖြစ်ခြင်း၊ အတွေးနက်စေခြင်း နှင့်တိတ်ဆိတ်စေခြင်း။
★★ပိုင်းခြား သုံးသပ်ခြင်း★★
တစ်ချက်စီကို ကျွန်တော်တို့ သေသေချာချာ စစ်ဆေးပြီး ဖျောက်လို့ ရမရ လေ့လာကြ ရအောင်။
အချိန်တို့ကို ရစ်နိုင်ခြင်းတဲ့။ ကျွန်တော်တို့ ဆေးလိပ် မသောက်စဉ် တုန်းက အချိန်ဖြုန်းလိုတဲ့အခါ ဘာလုပ်တတ် ပါသလဲ။ ပြန်စဉ်းစားပါ။ ဒါလေးတွေကို အခု ဆေးလိပ် သောက်ပြီး နောက်ပိုင်းမလုပ် မိတာတွေ တော်တော်များတာ တွေ့ရမယ် ထင်ပါတယ်။ အကယ်၍ ဒီ ဓလေ့လေးတွေ ပြန်မွေးနိုင်မယ် ဆိုရင် ဒီ အချက် မလိုတော့ပါဘူး။
ဖျော်ဖြေရေး အသုံးအဆောင် ဖြစ်နေခြင်းတဲ့။ အဖြေပါပြီး သား ပါ။ ဖျော်ဖြေရေး သုံးအဆောင် ပုံပြောင်းကြည့်ခြင်း အားဖြင့် ဖျောက်ဖို့ ဖြစ်နိုင်ပါလိမ့် ဦးမယ်။ ဒါဆိုရင် ဒီ အချက်လဲ မလို တော့ပါဘူး။
အရသာရှိခြင်းတဲ့။ ကျန်းမာရေး ပညာပေးတွေက ဒီအချက်ကို ဖျောက်နိုင်ပါလိမ့်မယ်။ အရသာရှိနေတဲ့ နောက်ကွယ်က စူး သွားတဲ့ ခံစားချက်ကလေးဟာ တဒင်္ဂ သွေးလည်ပတ်မှု ရပ် တန့် စေခြင်းကြောင့် ဖြစ်ပါတယ်။ လက်လှမ်းမှီရာ ဆေးလိပ် ပညာပေး ဆောင်းပါး တစ်စောင်က ဒီ အချက်ကို ဖျောက် ပေးနိုင် ပါလိမ့်မယ်။
ကစားစရာ နှင့် မုန့်ပဲ သွားရေစာ ဖြစ်နေခြင်းတဲ့။ ကလေး မဟုတ် တော့တဲ့ လူကြီး တစ်ယောက် အနေနဲ့ ဒါတွေကို ဖျောက်ဖို့ လွယ်မယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ မလွယ်ပါ။ လူကြီးလဲ လူကြီး အလျောက် လူလတ်လဲ လူလတ် အလျောက် ဆိုင်ရာ ဆိုင်ရာ စိတ်ဝင်စားတဲ့ ကိရိယာ တံဆာ ပလာ လေးတွေ ရှိတတ် ကြပါတယ်။ ဒီဟာလေးတွေကို ပြောင်းလဲပြီး အနားမှာ ဆောင်ထား ခြင်းက ဒီအချက်ကို ဖျောက်ပေးနိုင်ပါလိမ့်မယ်။ (ဥပမာ - Rubik Cube အတုံးရွှေ့နေခြင်း၊ ပုံဆွဲနေခြင်း)
ပျော်ရွှင်ခြင်း၊ ကျေနပ်ခြင်း ဆိုတာတွေက စိတ်ကိုလှည့်ခြင်း နည်းစနစ်နဲ့ ဖျောက်ပစ်လို့ ကောင်းကောင်းကြီး ရနိုင်ပါတယ်။ ပျော်ရွှင်စရာ ဆေးလိပ်အပြင် တခြားဘာတွေ ရှိသလဲ.. များများ တွေးပေးပါ။ ကျေနပ်မှုဆိုတာကရော.. မကျေနပ် ချက်တို့ကို ပုံမှန် မိမိ သိမ်းဆည်းပုံ အတိုင်း ပြန်လည်တွေးခေါ် လေ့ကျင့်ရင်းနဲ့ ကျေနပ်မှုကို ရှာတတ်လာ ပါလိမ့်မယ်။ ဒါဆိုရင် ဒီအချက်တွေ ဖျောက်ဖို့ ဖြစ်နိုင်ပါသေးတယ်။
စိတ်ငြိမ်စေခြင်း၊ တိတ်ဆိတ်စေခြင်း နှင့် အတွေးနက်စေခြင်း စတဲ့ အချက်တွေက လဲ လွယ်ပါတယ်။ စိတ်ငြိမ်စေဖို့ အသက် ပုံမှန်ရှုရင် ရပါတယ်။ စိတ်ငြိမ်တတ် သွားရင် တိတ်ဆိတ်ခြင်းလဲ ဖြစ်လာပါ လိမ့်မယ်။ တိတ်ဆိတ် ဆိတ်ငြိမ်သွားတဲ့ လူ တစ်ယောက် အနေနဲ့ အတွေးနက် ချင်သလောက် နက်ခွင့် ရှိပါတယ်။ ဒါ့ကြောင့် ဒါသည်လည်း ဖျောက်ဖို့ လွယ်ပါလိမ့် ဦးမယ်။
အထီးမကျန်စေခြင်း၊ ထွက်ပေါက်ဖြစ်ခြင်းနှင့် လူမှုဆက်ဆံရေး ဖြစ်နေခြင်း ဆိုတာကရော.. လွယ်သေးတာပဲ။ အထီး မကျန် စေရန် လူတွေနဲ့ ရောနှောနိုင် သလောက် ရောနှောပါ။ ထွက်ပေါက် ရှာတာထက် ပြဿနာတို့ကို ထိတွေ့ ဖြေရှင်းရင်း လမ်းဖော်ပါ။ လူမှုဆက်ဆံရေးအရ လူ့ကျင့်ဝတ်အရ ဆေးလိပ် တိုက်ခြင်းကို အပြုံးနဲ့ အစားထိုးပါ။ ဆေးလိပ်တစ်လိပ် က လူနှစ်ယောက် သင့်မြတ် စေခြင်း ထက်ကို အပြုံးတစ်ခုက ပိုမို ပေးနိုင်ကြောင်း သိလာပါလိမ့်မယ်။ ဒါဆို ဒီအချက်တွေလဲ ဖျောက်ဖို့ လွယ် မယ် ထင်ပါတယ်။
ဂုဏ်တင်ခြင်း နှင့်မာန ဖြစ်နေခြင်းတဲ့။ မိမိကိုယ်မိမိ ဂုဏ် မတင် တဲ့ စိတ်လေး မွေးကြည့်ပါ။ ငါ ဒါပြီးသွားရင် ဆေးလိပ် သောက် ရမယ်လို့ ဂုဏ်တင်ခါနီးတိုင်း လေကောင်းလေသန့်လေး ရှုဦးမှ ဆိုတဲ့ အစားထိုး ဂုဏ်တင်ခြင်းမျိုးလည်း မမှားတဲ့ ရွေးချယ်မှု ပါပဲ။ အိပ်ခါနီးတိုင်း ရေသောက်ပြီးမှ အိပ်တာကို အကျင့်လုပ် ပေး ပါ။ ဒါဆိုရင် ဂုဏ်တင်တဲ့ အနေနဲ့ ဆေးလိပ်သောက်တယ် ဆို တာ ပျောက်မယ်လို့ ထင်ပါသေးတယ်။ အထက်ပါ အချက် တွေ အားလုံးပျောက်သွားခဲ့တဲ့ အခါ.. ဆေးလိပ် တစ်လိပ်ရဲ့ မာန ကျန်ပါဦးမလားဗျာ။
ပြောချ လိုက်တာတော့ ဖြူးနေတာပဲ ကျွန်တော်။ ဒီ အတိုင်း စနစ်တကျ တစ်ချက်စီ သေသေချာချာ ခင်ဗျားတို့နဲ့ အတူ ဖတ်လိုက်ရင်တော့ တဖြည်းဖြည်း ရှင်းသထက် ရှင်းလို့ နောက်နေ့က စလုပ်ရမယ့် ဆေးလိပ်ဖြတ်အကျင့်ကို ကျင့်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို လဲ ယုံကြည်ထားရင်းနဲ့ နိဂုံးချုပ် ပါရစေ။ Cheers!
--------------------
- မှတ်စုကြမ်း #kyawnge
--------------------
ဆေးလိပ် ကုမ္ပဏီတွေရဲ့ကြော်ငြာတွေကြေ

တစ်ယောက်ထဲ နေရတဲ့ အခါမျိုးမှာ ဆေးလိပ် က အဖော် လုပ်ပေးနိုင်စွမ်းရှိပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။