ကားပေါ်တက်၍ ဆန္ဒပြနေသော အမျိုးသမီးကို တွေ့ရစဉ် (ဓာတ်ပုံ − ဟန်နီမောင်မောင်)
ပြည်လမ်းနှင့် ပါရမီလမ်းထောင့် အေဒီမီးပွိုင့်တွင် ကားခေါင်မိုးပေါ်၌ အတွင်းခံ ဝတ်စုံဝတ်ကာ ပုံစံမျိုးစုံဖြင့် ယာဉ် ကြောကျပ်တည်းမှုအပေါ် တစ် ကိုယ်တော်ဆန္ဒပြသူ အသက် (၃၀)ကျော် အမျိုးသမီးတစ်ဦးကို မရမ်းကုန်းရဲစခန်းက ခေတ္တထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘သူနဲ့ ဆွေမျိုးနီးစပ်သူတွေ လာခေါ်တဲ့အထိ စခန်းမှာခဏထားမှာပါ။ အမှုမဖွင့်ထားပါဘူး။ လူကောင်းပကတိပါ။ ဘာမှမဖြစ်ပါဘူး’’ဟု မရမ်းကုန်းရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ဖြေကြားသည်။
ဖခင်နှင့် အဆင်မပြေဖြစ်ပြီး စိတ်ဆိုး၍ နေအိမ်မှ ထွက်လာစဉ် ပြည်လမ်းတွင် ကားလမ်းများ အချိန်ကြာမြင့်စွာ ပိတ်နေသော ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ပုံမှန်လူကောင်းပကတိဖြစ်ပြီး မည်သည့်ဆေးဝါးမျှ မှီဝဲထားသည်ကို မတွေ့ရှိရကြောင်း၊ ရာဇဝတ်မှုမမြောက် သောကြောင့် အမှုဖွင့်အရေးမယူခြင်းဖြစ်ကြောင်း မရမ်းကုန်းရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဇွန်လ ၁၂ ရက်တွင် မိုးသည်း ထန်စွာ ရွာသွန်းသောကြောင့် ကားလမ်းမပေါ် မြောင်းရေများ လျှံတက်ခဲ့ပြီး ရန်ကုန်မြို့ အဓိက လမ်းများတွင် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပွားခဲ့သည်။ ပြည်လမ်းမပေါ်တွင် ရေများ လျှံတက်မှုကြောင့် အင်းလျားမီးပွိုင့်၊ လှည်းတန်းခုံးတံတားများတွင် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်ခဲ့သည်။
‘‘ဘယ်လိုမှ မတတ်နိုင်ဘူး။ မနက်က လမ်းတွေပေါ် ရေကျော်တော့ ပွိုင့်ကို ဖြတ်ချလိုက်ရတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လမ်းရှင်းတယ်။ ပြည်လမ်းက ကားတွေက လှည်းတန်းကနေ အေဒီအထိပိတ်နေတော့ အဲဒီဘက်ခြမ်းကို ခေတ္တရပ်ထားပြီး ပါရမီလမ်းကို လွှတ်ထားလိုက်တာ။ ပြည်လမ်းလွှတ်လိုက်ရင်လည်း သွားလို့မှမရတာ။ အဲဒါကြောင့် ပိတ်ထားလိုက်ရတာပါ’’ဟု အေဒီမီးပွိုင့်မှ တာဝန်ကျယာဉ်ထိန်းရဲက ပြောသည်။
ပြည်လမ်းဘက်ခြမ်း အေဒီမီးပွိုင့်ကို ကြာရှည်စွာပိတ်ထားခြင်းကြောင့် ကွေ့ကြောယူထားသော ဆန္ဒပြသူအမျိုးသမီးသည် လမ်းလယ်တည့်တည့်တွင် ကားရပ်ထားပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
လမ်းလယ်တွင် ကားကိုရပ်ထားပြီး အနီးရှိ ပွိုင့်မိနေသော တခြားသူတစ်ဦး၏ အနက်ရောင်ကားပေါ်တပ်ကာ ဆန္ဒပြခဲ့သည်။ မိနစ်အနည်းငယ်ကြာတွင် ဝတ်ဆင်ထားသည့် အပေါ်ယံအင်္ကျီ အဝတ်စားများကို ချွတ်ကာ ကား ခေါင်မိုးပေါ်တက်၍ ထပ်မံဆန္ဒပြခဲ့သည်ဟု မြင်တွေ့ရသူများက ပြောသည်။
‘‘ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေတာ။ အပေါ်ယံအင်္ကျီတွေမရှိတော့ သူ့ အနားကို မော်တော်ပီကယ်တွေကလည်း မကပ်ရဲဘူး။ အောက်ကနေ အဲဒီလိုမလုပ်ပါနဲ့ ကားတွေကျပ်နေတယ်လို့ အော်အော်ပြောပြီး တောင်းပန်နေတာတော့တွေ့ တယ်’’ဟု ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။
‘‘ပွိုင့်မိနေတဲ့ လူတစ်ယောက်ရဲ့ ကားအနက်ပေါ် တက်ထိုင်တော့ ကားပေါ်ကလူက ဆင်းသွားပြီး၊ မော်တော်ပီကယ်ကို သွားပြောတယ်။ မော်တော်ပီကယ်ကလည်း အမျိုးသမီးရဲမေဖမ်းမှ ရမယ်ပြောလို့ စောင့်နေတုန်း သူက အပေါ်အကျီတွေ ချွတ်လိုက်တယ်။ ခဏကြာတော့ ကားခေါင်မိုးပေါ်တက်သွားပြီး၊ ပုံထဲမှာမြင်တဲ့အတိုင်းပဲ’’ ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သော တက်သစ်စအဆိုတော် ဟန်နီမောင်မောင်က ပြောသည်။
ဆန္ဒပြမှု နှစ်နာရီခန့် ကြာမြင့်ပြီးနောက် လုံထိန်းရဲတပ်ဖွဲ့ ဝင်ကားတစ်စီးရောက်ရှိလာကာ အဆိုပါအမျိုးသမီးကို မရမ်းကုန်းရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဆန္ဒပြသူ အမျိုးသမီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ၎င်း၏လုပ်ရပ်ကို ထူးဆန်းသည်ဟု မှတ်ယူကာ မှတ်ချက်အမျိုးမျိုးပေး၍ ရှုတ်ချဝေဖန်မှုများရှိခဲ့သလို ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ခံစားရသူများကလည်း ယာဉ်ကြောကျပ်တည်းမှုကို ပထမဆုံး ဆန္ဒပြခဲ့၍ မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု အားပေးခဲ့ကြသည်။
http://www.7daydaily.com/story/13093#.U5qvoON_u5d

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။