By Myanmar Online News on Tuesday, November 20, 2012 at 9:01pm ·
ပြည်သူတို့ ရွေးချယ်ခံ အလှသမီးပျို (Miss
Peopole’s Choice Award)
ပျူလူမျိုးနှင့်
ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲတွင် မခင်ဇေယျာက ပျူမင်းသမီးအဖြစ် သရုပ်ပြ၀တ်စားကာ
အခမ်းအနားကို ဖွင့်လှစ်မည်။
မြန်မာ့သမိုင်းတွင် ထင်ရှားပြီး လူသိ
များ သော သံအဖွဲ့နှစ်ဖွဲ့ရှိသည်။ ယင်းသံအဖွဲ့နှစ်ဖွဲ့မှာ သရေခေတ္တရာမှ မင်းသား သုနန္ဒ
ခေါင်းဆောင် သော ပျူဂီတ မစ်ရှင်အဖွဲ့နှင့် ပုဂံမှ ရှင်ဒိသာ ပါမောက္ခ
မစ်ရှင်တို့ဖြစ်သည်။
မင်းသား သုနန္ဒ၏ မစ်ရှင်တွင်
အဖွဲ့ဝင်(၃၅)ဦး၊ တူရိယာ(၈)မျိုး၊ ပျူဂီတသီချင်း(၁၂)ပုဒ်ပါရှိသည်။ မင်းသား သုနန္ဒ
ဂီတမစ်ရှင် အကြောင်းကို တရုတ်တို့က ဇာတ်လမ်းတွဲကြီးတစ်ခု ရိုက်ကူးနေ၍
မြန်မာ့ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ သုနန္ဒ၏
ဂီတမစ်ရှင်အကြောင်းကို တရုတ်ထန်မင်းဆက်သမိုင်းသစ်က မှတ်တမ်းတင်ထားရာ “ပျူမစ်ရှင်၌
ပါဝင်သူတို့သည် အားလုံးခွန်လွန်းချည်းဖြစ်ကြသည်”ဟုပါရှိပါသည်။
ခွန်လွန်းဟူသည် အသားအရောင်ညိုညက်သော
တောင်ပိုင်းသားများဟု အဓိပ္ပါယ်သက်ရောက်သည်။ ကျွန်တော်သည် ပျူလူမျိုးနှင့်
ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲတွင် မင်းသား သုနန္ဒ၏
ဂီတခရီးစဉ်အကြောင်းကိုစာတမ်းတင်သွင်းမည်ဖြစ်၍ သုသေသနပြုနေစဉ်
ကျွန်တော်နှင့်မိတ်ဆွေရင်းခြာတစ်ဦးဖြစ်သူ ကိုပိုင်စိုးဦးက
မရမ်းချောင်းအနာကြီးရောဂါသည်စခန်းသို့ သွားရောက်လှူဒါန်းမှုပြုလို၍
အလှူရှင်တစ်ဦးခေါ်လာပါရစေ၊ မရမ်းချောင်းသို့ ဒီနေ့ဘဲသွားလိုကြောင်းပြောကြားရာ
ကျွန်တော်လည်း မရမ်းချောင်းသို့ မရောက်ဖြစ်သည်မှာလည်းကြာပြီ၊ ကျွန်တော့်ထံတွင်လည်း
Golden Hill Tower မှ လာရောက်လှူဒါန်းထားသော ၀န်ထမ်းဝတ်စုံများကိုလည်း မရမ်းချောင်း
ပရဟိတစခန်းသို့ ပို့ရန်ရှိသောကြောင့် သီတင်းကျွတ်လပြည့်နေ့၌ဖြစ်သဖြင့်
လိုက်ပို့ရန်စီစဉ်ရပါသည်။ အလှူရှင်က မနက်(၈)နာရီလောက်ရောက်ရှိလာပြီး
“ကျွန်မ နန်းခင်ဇေယျာပါ” ဟုဆိုပါ၏။
“သမီးက အလှူရှင်လား?”
“ဟုတ်ပါတယ်၊ ဒီနေ့က သီတင်းကျွတ်လပြည့်နေ့လဲဖြစ်၊
သမီးက ဆင်းရဲနိမ့်ပါးတဲ့ ပုဂ္ဂိုလ်တွေကို ဖြည့်ဆီးလှူဒါန်းမယ်လို့လဲ
သံဓိဋ္ဌာန်ချထားလို့ ကိုပိုင်စိုးဦးကို မရမ်းချောင်း အနာကြီးရောဂါသည် စခန်းကို ဘဘနဲ့
ဆက်သွယ်ပြီးသွားလို့ရအောင် စီစဉ်ရတာပါ” ဟုဆိုပါ၏။
ကျွန်တော်က မနန်းခင်ဇေယျာကို
သူစကားပြောနေစဉ် အကဲခတ်နေပါသည်။ ခင်ဇေယျာက ငယ်ရွယ်သည်။ အသက်က ၂၄
နှစ်အရွယ်သာရှိသေးသည်။ ထို့ကြောင့် ငယ်ရွယ်နုပျိုမှုများက သူမထံတွင် ဝေေ၀ဆာဆာ
တွေ့မြင်နေရသည်။ မနန်းခင်ဇေယျာ၏ အလှအပများအနက်မှ အပေါ်လွင်အထင်ရှားဆုံးအလှမှာ သူ၏
အသားအရည်ချောမွတ်မှုဖြစ်သည်။ ခင်ဇေယျာ၏ အလှကား သရေခေတ္တရာ ပျူဂီတမစ်ရှင်အဖွဲ့မှ
ခွန်းလွန်းဟု အမည်တပ်ထားသော ပျူလူမျိုး၊ ပျူနိုင်ငံတော်၏ အလှဖြစ်သော ညိုညက်သည့်
အလှဖြစ်သည်။
ခင်ဇေယျာသည် ယခုရက်ပိုင်းအတွင်း
ကမ္ဘာ့အရှေ့ဖျားဒေသတွင် ဟန်တစ်လုံး ပန်တစ်လုံးဖြင့် မော်ကြွားနိုင်သော ကြီးကျယ်သည့်
နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ
အလှသရဖူပြိုင်ပွဲ Miss International ပြိုင်ပွဲတွင်
မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ
၁။ Miss Internet ဆု
၂။ Miss People’s Choice Award
နှင့်
၃။ Ambassador of Beauty ဆုကြီးများ
ကိုပိုင်ပိုင်နိုင်နိုင်ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။
ထို့ကြောင့်ခင်ဇေယျာသည် တစ်ကမ္ဘာလုံး၏ အလှသရဖူဘွဲ့/ အလှဘုရင်မဘွဲ့
အင်တာနက်အလှမယ်ဘွဲ့ အလှအရာတွင် သံဘွဲ့၊ တမန်ဘွဲ့ ရရှိခဲ့သူဖြစ်သည်။
ကျွန်တော်သည် ကျွန်တော့်အိမ်ပေါ်သို့
ဆီမီးများထွန်းညှိ၍ ၀ါေ၀၀င်းထိန်နေသော သီတင်းကျွတ်ကာလအခါတွင်
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသော မနန်းခင်ဇေယျာ၏ အလှကို ဂရုတစိုက်ကြည့်မိပါ၏။
မျက်နှာတွင် မိတ်ကပ်လည်းမရှိ၊ ဆံပင်ကိုလည်း မပြုမပြင်ဘဲ တွေ့ရသောကြောင့်
ခင်ဇေယျာ၏ပင်ကိုယ်အလှကို ကျွန်တော်မြင်နေရသည်ဟု ဆိုပါသည်။ ဆရာမြတ်လေး၏
“အလှဖုရားမလေး၊ လိုရာပေးလိုရာဖန်၊ ကပြားမလေး ညိုပြာညက်၊ ဂိုရာရမ်” ဆိုသော
စာပိုဒ်ကို သတိရလာသည်။ သို့သော် ဖခင်ကြီးက ရှမ်း-ပအို့(၀်) ဖြစ်၍ မိခင်က ပအို့(၀်)
အမျိုးသမီးကြီးဖြစ်သောကြောင့် ခင်ဇေယျာသည် တိုင်းရင်းသူ စစ်စစ်၏
အသွေးအမွေးဖြင့်ညိုညက်သော အလှပိုင်ရှင်ဖြစ်နေသူဖြစ်ပါသည်။ ညိုမောင်းမှုက သူမ၏
အလှဖြစ်၏။ မခင်ဇေယျာသည် မော်ဒယ်တွေလို ပိန်လွန်းသည်လည်းမရှိ၊ ၀လွန်းသည်ကား
ခ၀ါချထားကာ ခရီးသွားလမ်းညွှန်တစ်ဦးလည်း ဖြစ်ရကား ချက်ချာသော မိန်းကလေးတစ်ဦးဖြစ်ပါ၏။
မျက်နှာကား ကင်မရာဖြင့် ရိုက်ရန် အဝေးမှ Zoom ဖြင့်ဆွဲရိုက်ပါက မျက်နှာကို
ကင်မရာဖန်သားပေါ်၌ ကြည့်လျှင် သူမ၏ ချစ်စရာရုပ်သွင်ပေါ်လာသည်။ ထိုရုပ်သွင်ပြင်၏
အပြုံးမျက်နှာသည် အလှသရဖူဘွဲ့၊ အလှအရာတွင် သံဘွဲ့၊ တမန်ဘွဲ့
ထိုက်သောအလှဖြစ်ပါသည်။
ဘယ်အရာတွေက ဘယ်လိုလှတာ၊ ခင်ဇေယျာ၏
နှုတ်ခမ်းက မျက်နှာက၊ မျက်လုံးက ဘယ်လိုလှတာပါ ဟုဖော်ထုတ်ပြောဆိုဖို့ထက်
မျက်နှာအနေအထားမှအစ ခေါင်းခါးခြေလက် အပြစ်ဆိုစရာမရှိခြင်းသည် ခင်ဇေယျာ၏
အလှအပပင်ဖြစ်ပါ၏။ ဂျပန်နိုင်ငံ၌ ကျင်းပသော Miss International ပြိုင်ပွဲမှ
အမှတ်ပေးသူ ကြီးကြပ်သူဒိုင်လူကြီးတို့၏ အလုပ်က ၀င်ရောက်ယှဉ်ပြိုင်ကြသည့်
နိုင်ငံ(၆၈) နိုင်ငံမှ အလှပဂေး၊ အရုပ်ရေးပြရလောက်အောင် ငေးကြည့်ရသည့် ထိပ်ထိပ်ကြဲ
အလှရှင်များ အပြစ်များကို ရှာကြသူများဖြစ်သည်။ အချို့သည်ချောကြလှကြပါသည်။ သို့သော်
အပြစ်အနာလေးများလည်းရှိသည်။ မခင်ဇေယျာကတော့ ပြစ်ပမျိုးမထင်၊ ချောသူလှသူ ဖြစ်သည်။
ခင်ဇေယျာ၏ ကိုယ်ပေါ်မှ ဘယ်ဟာက အလှဆုံးလဲ ထုတ်ဖော်ရန် ပြောဆိုဖို့ခက်သော်လည်း
အပြစ်ဟုပြောစရာ မရှိ လှပညိုညက်ချောမောနေသူကား ပအို့(၀်) အမျိုးသမီးလေး
ခင်ဇေယျာဖြစ်ပါသည်။ သူမ၏ကိုယ်ပေါ်မှ အပေါ်လွင်လုံးအလှသည် အသားအရည်ချောမွေ့၊ ညီညွတ်၊
လိုက်ဖက်ညိုမောင်းခြင်းဖြစ်ပါသည်။
ကျွန်တော်သည် တရုတ်ပြည်သွား
သရေခေတ္တရာ၏ ဂီတမစ်ရှင်အဖွဲ့ကိုပြန်၍ သတိရမိပါသည်။ ထိုအဖွဲ့သည် ပျူကချေသည်များ၊
သရေခေတ္တရာ၏ ပျူဂီတပညာအလှပဂေးများ စုပေါင်းပါဝင်သွားကြပါသည်။ ယင်းတို့သည်
ပျူအသွေးအမွေးပါသူချည်းဖြစ်ကြသည်။ ယင်းတို့ကို ပျူအလှအပစီစစ်သူ
ဘုရင်ခံဝေကောင်းနှင့် ထန်မင်းဆက်တရုတ် နန်းတွင်းသူနန်းတွင်းသားတို့က မင်းသား
သုနန္ဒနှင့် ပါဝင်သော ဂီတပညာရှင်တို့သည် အားလုံးခွန်လွန်းချည်းဖြစ်သည်ဟု
ဆိုသည်။
ပျူဂီတအဖွဲ့၏အလှသည်
တရုတ်လူမျိုးတို့ဖြူသလို ဆွတ်ဖြူနေတာမဟုတ်၊ ဂျပန်တို့ဖြူဖွေးသလို
ဖြူဆွတ်နေတာမဟုတ်ဘဲ၊ ဥရောပတိုက်သူတို့ နေရောင်ခံထားသော Sun Tan Beauty
နေလှမ်းခံအသားမျိုးဖြစ်နေ၍ ထန်ခေတ် နန်းတွင်းသူတို့ အကြားဝယ် ပျူဂီတပညာရှင်၏ အလှသည်
ပေါ်လွင်နေခြင်းဖြစ်သည်။ ခွန်လွန်းအလှသည် ကြာရှည်အကြည့်ခံသော ညိုညက်၍လျှို့ဝှက်မှု
အကြောင်းရင်းခံရှိသော အလှမျိုးဖြစ်၏။ ဆင်တိုင်းတင့်သော ခွန်လွန်းအလှမျိုးကို အဖ
ရှမ်း-ပအို့(၀်)၊ အမိ ပအို့(၀်) သွေးစစ်ဖြစ်သော ခင်ဇေယျာထံတွင်တွေ့ရသည်။
ကျွန်တော်သည် ခင်ဇေယျာကိုကြည့်ရင်း
ပျူမင်းသမီးလေး တစ်ပါးလို့ထင်မိပါသည်။ ပျူသွေး၊ ပျူသား၊ လှပသော
အရပ်အမောင်းပိုင်ရှင် ခင်ဇေယျာ၏ အလှသည် ခွန်လွန်းအလှပင်ဖြစ်ပါသည်။
ကျွန်တော့်စိတ်ထဲတွင် ခင်ဇေယျာကို
ပျူမင်းသမီးလေးလို ၀တ်ဆင်ပေးမိသည်။ ပျူပုတီးတွေ ဆွဲပေးမိသည်။ ခင်ဇေယျာ၏ အလှသည် ပို၍
ညက်ညောသွယ်လျလာသည်။ ပျူပိုးထမိန်၊ ပျူပိုးပုဝါ၊ ပျူပိုးအင်္ကျီများ ဆင်မြန်းပေးသည်။
သရေခေတ္တရာ ပျူခေတ်တွင် တရုတ်နှင့် အိန္ဒိယ၊ တရုတ်နှင့် ဥရောပ အသွားအလာကုန်သွယ်ရေး
ပိုးလမ်းမကြီးပေါ်တွင် ရှိသော ပျူနိုင်ငံတွင် ပိုးဖဲကတ္တီပါတို့ကလည်း
ပေါပါဘိခြင်း…..။
ကျွန်တော်တို့ ပျူလူမျိုးနှင့်
ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲက သရေခေတ္တရာသည် မြန်မာနိုင်ငံတော်
ကြီးဖြစ်ကြောင်းလက်ခံကြမည့်ပွဲဖြစ်သည်။ ထိုသို့လက်ခံပါက မြန်မာ့သမိုင်းသည် အနှစ်
၂၂၀၀ ကျော် ရှည်လျားပေတော့သည်။ ပျူခေတ် ပျူသမိုင်း၊ ပျူယဉ်ကျေးမှု၊
ပျူအနုပညာရပ်များကို ဖော်ထုတ်ကြမည်ဖြစ်ရာ ထိုပွဲတွင် ခင်ဇေယျာက ပျူဂီတ အနုပညာရှင်
ပျူမင်းသမီးလေး အသွင် ၀တ်ပြီး ပါမောက္ခ တွစ်ချက်နှင့် ပါမောက္ခ ခရစ္စတီး
တို့ရှာဖွေတွေ့ရှိသော ပျူသီချင်းဖြင့် ပျူလူမျိုးနှင့် ပျူနိုင်ငံတော်
စာတမ်းဖတ်ပွဲကို ခင်ဇေယျာအား ဖွင့်လှစ်ပေးပါလို့ဆိုတော့ “ဒီလောက် ဂုဏ်ယူစရာ
ပျူစာတမ်းဖတ်ပွဲမှာ သမီးပျူမင်းသမီးလေးလိုဝတ်ပြီး စားတမ်းဖတ်ပွဲကို
ဖွင့်ပေးချင်ပါတယ်”ဟု ဆိုပါ၏။
ပျူလူမျိုးနှင့် ပျူနိုင်ငံတော်
စာတမ်းဖတ်ပွဲကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှစ၍ ပြုလုပ်မည်ဖြစ်သည်။
ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲသို့ ပြည်တွင်းပြည်ပမှ ပါမောက္ခချုပ်၊
ပါမောက္ခစာ ကထိက၊ ရှေးဟောင်းပညာရှင်ကြီးများ၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊
ညွှန်ကြားရေးမှူးများ၊ သမိုင်းနှင့် မြန်မာစာ ပညာရှင်များ၊ ၀ါသနာပါသူများ
စုပေါင်းပါဝင်ကြမည်ဖြစ်ရာ ထိုစာတမ်းဖတ်ပွဲတွင် ပျူပုတီး၊ ပျူလက်ကောက်တွေနှင့်
နန်းခင်ဇေယျာတစ်ယောက် ခွန်လွန်းလို ဘယ်လောက်များလှမလဲဟု တွေးကြည့်ရင်း
ကျွန်တော်ပျော်နေမိပါသည်။
ချစ်စံဝင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။