ဇိုအီဆဲ(လ်)ဒါးနားဟာ ဒိုမီနီကန် နိုင်ငံသား ဖခင်နဲ့ ပွာတိုရီကန်နိုင်ငံသူ မိခင်တို့ရဲ့ သမီးဖြစ်ပြီး အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်မှာ မွေးဖွားကာ နယူးယောက်မြို့မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ (၁၀) နှစ်သမီးအရွယ်မှာ မိဘတွေနဲ့အတူ ဒိုမီနီကန်နိုင်ငံမှာ (၇) နှစ်ကြာ သွားနေထိုင်ပါတယ်။
အဲဒီမှာ နေထိုင်တုန်း သူအကဝါသနာပါလို့ အဲဒီနိုင်ငံရှိ E.C.O.S. အကသင်တန်းကျောင်း သွားတက်ပြီး ဘဲလေးအကနဲ့ တခြား ကနည်းတွေကို ဆည်းပူးပါတယ်။ အဲဒီလို အကပညာ သင်ယူခြင်းဟာ သူ သရုပ်ဆောင် အလုပ်လုပ်စားဖို့ အစပျိုးရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ဇိုအီ အသက် (၁၇) နှစ် အရွယ်ကျတော့ မိဘတွေနဲ့အတူ အမေရိကန်နိုင်ငံကို ပြန်ရောက်လာပြီး အကပညာသာမက ဇာတ်သဘင် ပညာကိုပါ ပိုပြီး စိတ်ဝင်စားလာပါတယ်။ အဲဒါနဲ့ သူမဟာ Faces ဆိုတဲ့ ပြဇာတ်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီ ပြဇာတ်အဖွဲ့ဟာ တားမြစ်ဆေး အလွဲသုံးမှုနဲ့ လိင်ကိစ္စတို့လို ဆယ်ကျော်သက်တွေရဲ့ ပြဿနာတွေကို အပြုသဘောဆောင်တဲ့ ပြဇာတ်တွေအဖြစ် ကပြကြပါတယ်။ ဇိုအီဟာ Faces ပြဇာတ်အဖွဲ့နဲ့ နယူးယောက် လူငယ်ပြဇာတ်အဖွဲ့တို့မှာ ကပြနေစဉ် သရုပ်ဆောင်သစ် ရှာဖွေတဲ့ အေဂျင်စီတစ်ခုက သူ့ကို ခေါ်ယူခဲ့ပါတယ်။
နှစ်ပေါင်းများစွာ အကလေ့ကျင့်မှုနဲ့ သူ့ရဲ့ သရုပ်ဆောင်အတွေ့အကြုံတို့ကြောင့် သူဟာ (၂ဝဝဝ)ပြည့်နှစ်မှာ ရုံတင်တဲ့ ဘဲလေးအက လောကနောက်ခံဇာတ်ကား Center Stage မှာ ခေါင်းမာတဲ့ ဘဲလေး ကချေသည်မလေး “အီဗာ” အဖြစ် ပွဲဦးထွက် သရုပ်ဆောင်ခွင့် ရရှိသွားပါတယ်။ ဇိုအီဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင်ကာ ရုပ်ရှင်မင်းသမီးအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး သူ့ရဲ့ ပင်ကိုစွမ်းရည်နဲ့ စိတ်ပြတ်သားမှုတို့က Terminal (2004)၊ Vantage Point, Star Trek (2009)နဲ့ Avatar (2009) တို့လို စရိတ်များပြီး ဝင်ငွေကောင်းတဲ့တန်းမြင့် ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင် (သို့) ဇာတ်ပို့ မင်းသမီးအဖြစ် ပါဝင်ခွင့်ရစေခဲ့ပါတယ်။ သူဟာ ဂျယ်ရီဘရပ်ဟိုင်းမားနဲ့ ဒါရိုက်တာ စတီဗင်စပီး(လ်)ဘာ့(ဂ်)တို့လို ထိပ်သီးထုတ်လုပ်သူတွေ၊ တွမ်ဟင့်(စ်)၊ ဘာနီမက်၊ ကီယဲရားနိုက်(တ်)လီ၊ အက်(ရှ်)တန်ကူးချား၊ ခါစတင်ဒန့်(စ်)နဲ့ အော်လန်ဒိုဘလွန်းတို့လို တွဲဖက် မင်းသား မင်းသမီးတွေရဲ့ လေးစားကြည်ညိုခြင်းနဲ့ ချီးမွမ်းခြင်း ခံရပါတယ်။ သိသာစွာ ကွဲပြားခြားနားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဇာတ်ကောင် စရိုက်တွေရဲ့ စိန်ခေါ်မှုကို ပြင်းထန်တဲ့ အာရုံစူးစိုက်မှု၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ မယုံနိုင်စရာကောင်းတဲ့ သရုပ်ဆောင် စွမ်းရည်တို့ဖြင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင် သရုပ်ဆောင်နိုင်တဲ့ ဇိုအီဆဲ(လ်)ဒါးနားဟာ အနာဂတ်မှာ ဆက်လက် တောက်ပနေဦးမယ့် ရုပ်ရှင်ကြယ်ပွင့်တစ်ပွင့် ဖြစ်တယ်ဆိုရင် လွန်အံ့မထင်ပါဘူး။ ဇိုအီရဲ့ အင်တာဗျူးတွေမှာ ပြောခဲ့တဲ့ စကားတချို့ကို ကောက်နှုတ် ဖော်ပြအပ်ပါတယ်။ “ဒိုမီနီကန်နိုင်ငံ၊ ဆန်တိုဒိုမင်ဂိုမြို့ကိုသွားတုန်းက သတင်းစာ ဆရာတွေက ကျွန်မကို ဒိုမီနီကန်နိုင်ငံသူလား၊ အမေရိကန် နိုင်ငံသူလားလို့ ဝိုင်းမေးကြတယ်။ “ကျွန်မဟာ လူမည်းအမျိုးသမီး တစ်ယောက်ပါ” လို့ပဲ ကျွန်မ ပြန်ဖြေတယ်။
“ကျွန်မက သိပ္ပံရုပ်ရှင်တွေကို သိပ်ကြိုက်တယ်။ ကျွန်မ ငယ်ငယ်တုန်းက Dune တို့ E.T. တို့ 2001: A Space Odyssey တို့လို သိပ္ပံဇာတ်ကားကြီးတွေ အိမ်မှာကြည့်ရင်း ကြီးပြင်းခဲ့တာပါ။ ဒါပေမဲ့ Star Trekဇာတ်လမ်းတွဲတွေ လုံးဝမကြည့်ဖူးဘူး။ “ကျွန်မက သိပ်“ချေး”များတယ်။ ဒါကြောင့် ပြီးပြည့်စုံတဲ့ ယောက်ျားကိုရှာနေတယ်။ ရုပ်ချောရုံ၊ ဉာဏ်ကောင်းရုံနဲ့မပြီးဘူး။ နည်းနည်း ဆိုးသွမ်းပြီး၊ အူကြောင်ကြောင်ဖြစ်တဲ့ ယောက်ျားဟာ ကျွန်မအတွက် အကောင်းဆုံးလို့ သတ်မှတ်ပါတယ်” “Avatar ဇာတ်ကားထဲက ကျွန်မဇာတ်ကောင် “နေတီရီ”ဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းအရ ကျွန်မတစ်သက်တာမှာ စိန်ခေါ်မှုအများဆုံး ဇာတ်ကောင်ပါပဲ။ နောက်ပြီး ကျွန်မအတွက် လူသားမဟုတ်တဲ့ ပထမဆုံး ဇာတ်ကောင်လည်း ဖြစ်တယ်။ ဒိပြင်ဇာတ်ရုပ်တွေ သရုပ်ဆောင်ရတာ အလွန်ဆုံး (၄) လပဲ ကြာပေမဲ့ နေတီရီအဖြစ် သရုပ်ဆောင်ပေးရတာ တစ်နှစ်ခွဲကြာသွားတယ်” “ကာမဂုဏ်ကို ကျွန်မနှစ်သက်တယ်။ လူ့ခန္ဓာကိုယ်ဟာ ဖုံးကွယ်ဖျောက်ဖျက် ထားရမယ့်အရာ မဟုတ်ဘူး။ အမေရိကန်လို အဖွဲ့အစည်း ဟာ ကျွန်မတို့ရဲ့ ဖိုမလက္ခဏာနဲ့ ပတ်သက်လို့ လူငယ်တွေကို ပညာပေးမဲ့ အစား အကြမ်းဖက်မှုတွေ၊ သေနတ်တွေ ဗွီဒီယို ဂိမ်းတွေပေးပြီး ဖျက်ဆီးနေတယ်”
စာကြွင်း ။ ။ ဇိုအီဆဲ(လ်)ဒါးနားရဲ့ဇာတ်ကားသစ် Colombiana ကို (၂၆-၈-၁၁) နေ့ကစပြီး အမေရိကန်နိုင်ငံမှာ ရုံတင်ပြသလျက် ရှိပါတယ်။
ဟိဏ်းကိုကို
ဟိဏ်းကိုကို
8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။