Business Opportunity
ငွေကြေးဆိုင်ရာ အသိပညာ( အပိုင်း - ၁ )
=========================
ငွေ စီမံကိန်း
---------
အပိုင်း (၁)
သူတို့နှစ်ယောက်က ..
အလုပ်လုပ်သက်လည်း ကြာလာပြီဆိုတော့
ခုနောက်ပိုင်း လုပ်ငန်းပိုကျွမ်းကျင်ပြီး ၀င်ငွေ ပိုကောင်းလာကြတယ်။
စားဝတ်နေရေးလည်း အဆင်ပြေ ၊ ၀င်ငွေကောင်းတဲ့အလုပ်ကိုယ်စီနဲ့ဆိုတော့ မျှော်လင့်ချက်တွေ ပြည့်လုပြည့်ကာနီးပါပဲ။
စိတ်ကူးယဉ်ထားသလို ..
မင်္ဂလာဆောင်ကို အခမ်းနားဆုံးဖြစ်အောင် စီစဉ်ကြတယ်။
တစ်သက်မှာတစ်ခါပဲ ကျင်းပရတဲ့ ပွဲဆိုတော့လေ ..
.
အိမ်ထောင်ဦးအစမှာတော့
တိုက်ခန်းငှားနေပြီး
နှစ်ယောက်ဝင်ငွေထဲကနေ - ငွေများများစုရင်း အိမ်လေးတစ်လုံးဝယ်ဖို့ တိုင်ပင်ကြတယ်။
ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်ပြီးရင်တော့ သားသမီးတွေလဲ ရ ၊ အေးအေးချမ်းချမ်း သာသာယာယာ ပျော်ပျော်ရွှင်ရွှင် နဲ့ မိသားစုဘ၀ ပိုင်ဆိုင်ပြီ။
အဲဒါကြောင့် လင်မယားနှစ်ယောက်လုံး အလုပ်ကို ပို ကြိုးကြိုးစားစား လုပ်ကြတယ်။
.
တဖြေးဖြေး .. အလုပ်အကိုင် ပိုအဆင်ပြေလာပြီး
ဝင်ငွေလည်း ပိုတိုးလာတယ်။
တော်တော်လေး စုမိဆောင်းမိဖြစ်လာတော့ ကိုယ်ပိုင်အိမ်လေးတစ်လုံး ၀ယ်လိုက်ကြတယ်။
စိတ်ကူးလေးတွေ အကောင်အထည်ပေါ်လာလေပြီ။
အသုံးအဆောင်အသစ်တွေဝယ် ၊ ဆေးရောင်လှလှလေးသုတ်ပြီး ၊ ခေတ်မီပရိဘောဂတွေနဲ့ အိမ်သစ်လေးရဲ့နာမည်က "မေတ္တာရိပ်မြုံ " တဲ့။
အိမ်ထောင်ပရိဘောဂတွေ ၊ ကောင်းသထက်ကောင်းတဲ့ အသုံးအဆောင်ပစ္စည်းတွေ ၀ယ်ပြီး အိမ်လေးရဲ့ တန်ဘိုးကို ပိုမြှင့်ကြတယ်။
မေတ္တာရိပ်မြုံလေးဟာ ခေတ်မီဆန်းသစ်တောက်ပပြီး
ရပ်ကွက်ထဲက အလှဆုံးအိမ်လေးပါပဲ။
..
သိပ်မကြာခင်မှာပဲ မေတ္တာရိပ်မြုံကမ္ဘာလေးမှာ
ကလေးလေးလူသစ်လေးတစ်ယောက် လောကသစ်ထဲရောက်လာတယ်။
နွေးထွေးလုံခြုံတဲ့အိမ်လေးရယ် ၊ ချစ်ခြင်းမေတ္တာတွေရယ် ၊ ပြည့်စုံခြင်းတွေရယ် သိပ်သာယာတဲ့ကမ္ဘာလေးပါပဲ။
အဖေလုပ်သူက သူ့မိသားစုအတွက် ကိုယ်ပိုင်ကားတစ်စီး ၀ယ်လာပေးတယ်။ လက်ထဲမှာ ငွေများများစားစားမရှိတော့ အရစ်ကျစနစ်နဲ့ ၀ယ်ခဲ့တယ်။
ဒီလိုနဲ့ ..
မိသားစု ပျော်ပျော်ပါးပါး မြန်မာပြည်အနှံ့ လျောက်လည်ကြတာပေါ့။
.
သူတို့ သတိထားမိတဲ့အချိန်မှာ ...
အိမ်သုံးစရိတ် ၊ နေစရိတ် ၊ ကလေးစရိတ် ၊ ပေးဖို့အကြွေး ၊ ကားစရိတ် နဲ့ လစဉ်ရေခွန်မီးခွန်ဖုန်းခွန်တွေ တန်းစီနေတယ်။
ဒါကြောင့် အလုပ်ကို အရင်ကထက် ပိုကြိုးစားလုပ်ကိုင်ကြတယ်။
အဖေလုပ်သူက ၀င်ငွေပိုရဖို့ ကိုယ်ပိုင်စီးပွားရေးတစ်ခု စ,လုပ်တယ်။ ၀င်ငွေ နဲ့ လစဉ်ထွက်ငွေက မလောက်ငှနိုင်ပဲ အမြဲတမ်း လိုငွေပဲ ပြပြလာတယ်။
အဖေလုပ်သူရဲ့ စီးပွားရေးကလည်း ငွေ ထပ်ထပ်ထည့်ရတယ်။
ကလေးစရိတ် ၊ အသုံးစရိတ် နဲ့ ၀ယ်ထားတဲ့ အရစ်ကျပေးဖို့ငွေတွေကလည်း လစဉ်ပေးနေရတယ်။ ကလေးအမေဟာ အိမ်မှုကိစ္စ, ကလေးဝေယျာဝစ္စတွေအပြင် ၀င်ငွေရမယ့်အလုပ်လည်း လုပ်ရတယ်။ ကလေးကို ကြည့်ရှုစောင့်ရှောက်ရတယ်။
ဆွေမျိုးမိဘကိုလည်း ပြန်မထောက်ပံ့နိုင် ၊ အလှူအတန်းလုပ်ဖို့ နဲ့ ဆေးဖိုးဝါးခကြိုစုဖို့ဆိုတာ အတွေးသက်သက်ပဲ ရှိတော့တယ်။ မိဘမဲ့ဂေဟာမှာ လှူဖို့ ၊ ဆေးရုံ, စာသင်ခန်းမှာ လှူဖို့ဆိုတာ သူတို့နဲ့ လုံးလုံးမသက်ဆိုင်တဲ့ကိစ္စတွေ ဖြစ်နေပြီ။
လှူတန်းဖို့ နေနေသာသာ လစဉ်ဝင်ငွေဟာ အိမ်သုံးစရိတ် ၊ ကလေးစရိတ် ၊ ကားစရိတ် ၊ ၀တ်ဖို့စားဖို့ နဲ့ လတိုင်းပေးရမယ့်အခွန်တွေအတွက် မလောက်နိုင်ဘူး။
နားလည်းမနားရဲကြဘူး။ လူရပ်တာနဲ့ ၀င်ငွေလည်း ရပ်မယ်။ ပေးဖို့ကျန်တဲ့ငွေတွေရယ် ၊ နေစရိတ်စားစရိတ်ရယ် ၊ တာဝန်တွေပိုပိလာတာရယ် ၊ အလုပ်အကိုင်အဆင်မပြေမှာစိုးတဲ့စိတ်ရယ် ၊ ၀င်ငွေပိုရချင်တာရယ် .. ကြားထဲမှာ စိုးရိမ်ပူပန်ရတာ များသထက်များပြီး အေးချမ်းသာယာမှုဆိုတာ တဖြေးဖြေး ပျောက်လာခဲ့တယ်။ မေတ္တာရိပ်မြုံလေး တိတ်ဆိပ်ခြောက်ကပ်လာခဲ့တယ်။
.
လင်မယားနှစ်ယောက်လုံးဟာ အလုပ်ကောင်းကောင်း ရှိကြတယ်။ ၀င်ငွေကောင်းကောင်းလည်း ရှိကြတယ်။ ဒါပေမယ့် ငွေကြေးအခက်အခဲတွေကြားမှာ ပိတ်မိပြီး ပူပန်သောကများနေရတယ်။ ချမ်းသာတဲ့ဘ၀ ငွေကြေးမပူပင်ရတဲ့ဘ၀ ရောက်ဖို့ လမ်းပျောက်နေခဲ့ရတယ်။
.
.
ငွေကြေးပြဿနာဟာ တကယ့်လက်တွေ့ဘ၀ထဲက မိသားစုနီးပါးတိုင်းမှာ ဖြစ်နေတဲ့ ပြဿနာပါ။
-----------------
ကျွန်မတို့ အားလုံးနီးပါးဟာ
အခြေခံပညာရေးဖြစ်တဲ့ ကျောင်းသင်ပညာရေး သင်ရတယ်။
ပြီးရင် ရှင်သန်နေထိုင်အသက်မွေးဖို့အတွက် ငွေရအောင် အသုံးချဖို့ အသက်မွေးဝမ်းကျောင်း ပညာ သင်ရတယ်။
ဆရာဝန် ၊ အင်ဂျင်နီယာ ၊ ပန်းချီ ၊ အဆိုတော် ၊ သရုပ်ဆောင် ၊ စီးပွားရေးပညာ ၊ စာရင်းအင်းပညာ ၊ ရှေ့နေ ၊ ကျောင်းဆရာ ၊ စာရေးဆရာ ... စတဲ့ ဆိုင်ရာနယ်ပယ်တွေမှာ ကျွမ်းကျင်တဲ့ Professional တွေ ဖြစ်လာပြီး ၀င်ငွေရှာဖို့ တတ်အပ်တဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားတတ်မြောက်ကြတယ်။
ဒီ အသက်မွေးဝမ်းကျောင်းပညာဟာ ၀င်ငွေရှာပေးတဲ့ ပညာပါပဲ ..
ဒါကြောင့် အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်လေ ကျွန်မတို့ ၀င်ငွေ ပိုရလေ ပါပဲ။
ဝင်ငွေ ပိုရလေ ချမ်းသာ လေပေါ့။
ဒါ ကျွန်မတို့ သိထားတဲ့ လမ်းမှန်တဲ့ ဘ၀နေနည်း ပါပဲ။
ဘယ်သူမဆို အလုပ်ကြိုးစားလုပ်ရမယ်၊ ၀င်ငွေများများရအောင် ရှာရမယ်၊ ၀င်ငွေ များသထက်များလာပြီဆိုရင် ချမ်းသာလာမယ် ထင်ကြတယ်။
.
.
တစ်ကယ်တော့ ...
တစ်ကယ့်အမှန်တော့
အဲဒီလို မဟုတ်ဘူး။ ၀င်ငွေများများရှာနိုင်လေ ချမ်းသာလေဆိုတာ မဟုတ်ပါဘူး။
ငွေက မိတ်ဆွေတို့ ကျွန်မတို့ကို ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး။
.
** ငွေက ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး **
.
ချမ်းသာဖို့ဆိုတာ
ငွေကြေးအတတ်ပညာ ကျွမ်းကျင်မှသာလျင် ချမ်းသာနိုင်မှာပါ။
အပေါ်က အမျိုးသားနဲ့အမျိုးသမီး လင်မယားနှစ်ယောက်ဟာ အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်ပါရက် ၊ ၀င်ငွေလည်းကောင်းပါရက် နဲ့
ငွေကြေးအခက်အခဲကြားမှာ လှောင်ပိတ်ခံရပြီး ပူပင်ကြောင့်ကြဘ၀ထဲ ရောက်သွားရတာ သူတို့မှာရှိတဲ့ငွေကို ကျွမ်းကျွမ်းကျင်ကျင် မစီမံတတ်လို့ပါပဲ။
သူတို့မှာရှိတဲ့ ငွေကို ပွားများအောင် ၊ ငွေပေါ်ငွေထပ်ပေါ်အောင် လုပ်တဲ့ ငွေကြေးအသိပညာ မရှိတဲ့အတွက် ငွေပြဿနာတွေ ဖြစ်လာတော့တာပါပဲ။
ငွေကြေးဆိုင်ရာပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါ နောက်ဆက်တွဲရလာဒ်က ဆင်းရဲခြင်း ပါ။
ဒါကြောင့် ..
ချမ်းသာချင်တယ်ဆိုရင်
အသက်မွေးဝမ်းကျောင်းပညာတတ်ရုံ ၊ ၀င်ငွေများများရရုံ နဲ့
ချမ်းသာတဲ့သူ ဖြစ်မလာနိုင်ဘူး။
ကိုယ့်ဝင်ငွေကို ပွားသထက်ပွားများအောင် ၊ ဆုံးရှုံးမှုနည်းအောင် လုပ်ဆောင်တတ်ဖို့ စီမံတတ်ဖို့ ငွေကြေးအသိပညာရှိမှသာ ချမ်းသာဖို့ လမ်းစပေါ်ရောက်မှာပါ။
-----------------
ဝင်ငွေပွားသထက်ပွားများအောင် ၊ ဆုံးရှုံးမှုနည်းအောင် စီမံတတ်ဖို့
"ငွေကြေးဆိုင်ရာအသိပညာ" အကြောင်း - အပိုင်း (၂) မှာ ဆက်ပါမယ် ..
Credit to: Cash Flow Game- Phoo Kyaw Zin

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။